မြန်မာပြည်ဖွား အိန္ဒိယမင်းသမီး လိုင်လာခမ်းနှင့် တွေ့ဆုံခြင်း

ပို့စ်တင်ချိန် - 8/04/2014 01:10:00 PM


မြန်မာနိုင်ငံမှာ သူ့ရဲ့ တိုက်ဆိုင်မှုရှိလျှင် ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသမှု အတွက် ရောက်ရှိနေတဲ့ လိုင်လာခမ်းက မြန်မာနိုင်ငံက ရုပ်ရှင်များ၊ အနုပညာရှင်များကို သူ့ရဲ့အမြင်များနဲ့ အိန္ဒိယနိုင်ငံ ဘောလိဝုဒ် ရုပ်ရှင်လောကရဲ့ တိုးတက်နေမှုများကို သုံးသပ်လို့ မဇ္စျိမကို ပြောပြခဲ့ ပါတယ်။


မေး။ ။ မြန်မာနိုင်ငံ ရုပ်ရှင်လောကနဲ့ ဘောလိဝုဒ်ရဲ့ ရိုက်ကူးမှုကအစ ကွာခြားချက်က

ဖြေ။ ။ ဟိုမှာ က VCD ၊ DVD ဆိုတာမရှိဘူး။ ရုပ်ရှင်တကားရိုက်ကူးတော့မယ်ဆိုရင် မင်းသမီး ၊ မင်းသားတွေက ဘာမှ ယူစရာမလိုဘူး။ မိတ်ကပ် ၊ အဝတ်အစား ၊ ဆံပင်အစအကုန်လုံး သူတို့ တွေဘဲ လုပ်ပေးသွားတာ။ ဆံပင်ကအစ ခြေသည်းနီအထိ ၊ လက်ဝတ်လက်စား အကုန်သူတို့ဘဲ ဆင်ပေးတာ။ အဲဒါကို ပရီပရိုဒက်ရှင်းလို့ ခေါ်ပါတယ်။ ရုပ်ရှင်မစခင်ပေါ့။ ရိုက်ကွင်းတစ်ကွင်းမှာလည်း အလုပ်လုပ်တဲ့ လူနှစ်ရာကျော်၊ သုံးရာကျော် ရှိပါတယ်။ ဒါ့အပြင် ပြည်ပနိုင်ငံမှာ သွားရိုက်ရင်လည်း မီးကိုင်တဲ့လူ ၊ မိုက်ကိုင်တဲ့လူတွေက အစခေါ် သွားတယ်။ ဟိုကလူတွေကို မခေါ်ပါဘူး။ အက ကတဲ့ လူတွေဆိုရင် ဟိုနိုင်ငံကလူတွေကို ခေါ်တယ်။ တစ်ကားရိုက် ကူးပြီဆိုရင် အနည်းဆုံး ၆ လကနေ ၈ လအထိကြာတယ်။ တစ်ခါတစ်လေ တစ်နှစ်လောက်ကြာတယ်။ ကျွန်မ အခုရိုက်ကူးနေတဲ့ ကားဆိုရင် တစ်နှစ်ရှိပြီ။ အခုမှ ၅ဝ ရာခိုင်နှုန်းဘဲ ပြီးသေးတယ်။ ပရီပရိုဒက်ရှင်းက သုံးလလောက်ကြာတယ်။ ရူတင်ကာလက တစ်နှစ်လောက်ကြာတယ်။ Post Production ပို့စ်ပရိုဒက်ရှင်းကတော့ မြန်သွားပြီ။ တည်းဖြတ်တာ ၊ အသံဖျောက်တာ ၊ စာတမ်းထိုးတာတို့ သူတို့တွေက ရုံတင်ရက်ကြတော့ ချက်ခြင်းရတယ်။ အိန္ဒိယမှာ ရုံတင်ပြီဆိုတာနဲ့ တစ်ကမ္ဘာလုံးမှာ တန်းပြီးတော့ ရုံတင်တယ်။ တစ်ကားရိုက်ကူးပြီဆိုရင် တစ်နှစ်ခွဲလောက် အချိန်ယူတယ်။ တချို့မင်းသား ၊ မင်းသမီးဆိုရင် တစ်ခါတည်း လေးငါးကားရိုက်ကူး နိုင်ကြတယ် တချို့ နာမည်ကြီး မင်းသားတွေဆိုရင် ပိုက်ဆံကို မကြည့်တော့ဘူး။ တစ်ကားဆိုရင် တစ်ကားဘဲ ရိုက်တယ်။ အရူးအခန်းရိုက်ကူးတော့မယ်ဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကို အခန်းတစ်ယောက်နဲ့ တူအောင် လေ့ကျင့်တယ်။ တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး သိပ်အများကြီး မကွာဘူး။ နည်းပညာအပိုင်းလေးဘဲ ကွာတာပါ။ ပိုက်ဆံငွေသုံးနိုင်တာရယ် ၊ နည်းပညာအပိုင်းရယ် ၊ အဲ့လောက်ဘဲကွာခြားတာပါ။

မေး။ ။ မြန်မာနိုင်ငံက အနုပညာရှင်တွေအပေါ် မြင်မိတာက။

ဖြေ။ ။ ကျွန်မတို့မြန်မာက လည်းမညံ့ပါဘူး။ ဒီလောက်ငွေလေးနဲ့ ဒီလောက်လုပ်နိုင်တာ မညံ့ပါဘူး။ ဒီမှာရိုက် လိုက်တဲ့ ရုံတင်ကားတစ်ကားရဲ့ငွေက ဟိုမှာ သီချင်းတစ်ပုဒ်တောင် မပြီးဘူး။ ဒီငွေလေးနဲ့ ဘယ်သူမှလည်း မရိုက်ကူးနိုင်ဘူး။ ပင်ကိုယ်အရည်အသွေးက ကို မညံ့ပါဘူး။ ဟိုမှာက ပင်ကိုယ်အရည်အသွေး ၊ ပိုက်ဆံ ၊ နည်းပညာပိုင်းဆိုင်ရာ အစစအရာရာ အကုန်ရှိ တော့နံပါတ် တစ် ဖြစ်သွားတာပေါ့။ ဒီမှာက ပင်ကိုယ်အရည်အသွေးရှိတယ်။ နည်းပညာပိုင်း ကြတော့ နည်းနည်းကွာတာပေါ့နော်။ ဒီက ရုပ်ရှင်တွေက နိုင်ငံတကာ မသွားတော့ ပိုက်ဆံလည်း သိပ်သုံးစရာမလိုဘူး။ သုံးရင်လည်း ပိုက်ဆံပြန်မရဘူးလေ။ စီးပွားရေး သမားတစ်ယောက်က ပိုက်ဆံအဝင်အထွက် ကြည့်မယ်လေ။ အထွက်ဘဲရှိပြီး အဝင်မကြည့်ဘူးဆိုရင် ပိုက်ဆံဘယ်ထည့် တော့မလဲ။ဟိုနိုင်ငံမှာက တစ်ကျပ်ထည့်ရင် တစ်သိန်းရတယ်ဆိုတော့ အပြိုင်အဆိုင် ငွေထည့်ကြတယ်။ ဒီမှာကြတော့ အဲဒါကွာတာပေါ့။ ကိုယ်ပိုင် အရည်အသွေးအပိုင်းကြတော့ ဒီမှာက တော်ကြပါတယ်။ ဦးမျိုးနဲ့လည်း အလုပ်လုပ်ကြည့်တော့ ဦးမျိုးလည်း အရမ်းတော်ပါတယ်။ အိန္ဒိယမှာ ရိုက်လာပြီး မြန်မာနိုင်ငံမှာ ရိုက်ရတာဆိုတော့ စကားပြောရတာ နည်းနည်းတော့ ကသိကအောက်ဖြစ်တယ်။ မြန်မာစကားနဲ့ အထိအတွေ့က ကွာတာအရမ်းကြာနေပြီလေ။ ဟိုမှာက စကားပြောတာ အင်္ဂလိပ်လိုပိုများတယ်။

မေး။ ။ဒီကဒါရိုက်တာတွေ ရဲ့ ရိုက်ကူးနေတာကို ဘယ်လို မြင်လဲ

ဖြေ။ ။ ဦးမျိုးတို့ကို ဝါရင့် ဒါရိုက်တာနဲ့ လူငယ်ပိုင်း ဒါရိုက်တာ ဝိုင်းတို့လိုတော်တဲ့ လူတွေ တွေ့နေရ တယ်။ ကိုဝိုင်းရိုက်ကူးတဲ့ ကားတွေကို လူတွေ တော်တော် ကြိုက်တယ်လို့ကြားပါတယ်။ ကျန်တဲ့ဒါရိုက်တာ တွေကိုတို့ ကျွန်မမသိဘူး။ ကန်တော့ပွဲမှာမှာ တိုက်ဆိုင်မှုရှိလျှင်နဲ့ နင်စေရင် ဇာတ်ကား နှစ်ကားကို တစ်ပြိုင်တည်း ကန်တော့ပွဲ လုပ်တယ်။ အဲဒီတုန်းက စိုးမြတ်သူဇာနဲ့ ဖွေးဖွေးတို့တွေ ရိုက်ကူးထားတဲ့ “လက်ပံ”ရုပ်ရှင်က ကိုဝိုင်းရဲ့ ရိုက်ကူးချက်လို့ သိရတယ် တစ်ခန်းကြည့်ရင် ဒီဒါရိုက်တာ ဘယ်အဆင့်လည်းဆိုတာကို သိပါတယ်။ ကိုဝိုင်း ရဲ့ကားကိုကြည့်လိုက်တော့ အရမ်းသဘောကျသွားတယ်။ မဆိုးဘူး တော်တော်ကောင်းတယ်ပေါ့။ ဖွေးဖွေးက တော့ အခုလက်ရှိ တက်သစ်စ အနုပညာရှင်တွေ ၊ပြီးတော့ ကျွန်မအကြိုက်ဆုံး မစိုးမြတ်သူဇာတို့ ဒွေးတို့ပေါ့။ ဖွေးဖွေးတို့လို အသစ်ဆီကတောင် ဒီလိုအရည်အသွေးမျိုးထုတ်နိုင်တယ်ဆိုတာ ကိုဝိုင်း တော်ပါ တယ်။

ဒီလိုမျိုးဒါရိုက်တာတွေနဲ့ အလုပ်လုပ်ရရင်ကောင်းတာပေါ့နော်။

မေး။ ။ ထပ်ပြီးမြန်မာနိုင်ငံက ဒါရိုက်တာတွေကမ်းလှမ်းလာတာရှိလား ။

ဖြေ။ ။ ဗီဒီယို ရိုက်ဖို့ အများကြီးကမ်း လှမ်းတယ်။ အဲဒီတုန်းက ကျွန်မအခြေအနေနဲ့ လုပ်ရတာ အရမ်း ကသိကအောက်ဖြစ်တယ်။ တစ်ချို့ဗီဒီယိုတွေ ကျွန်မကြည့် ဖြစ်တယ်။ သိပ်အဆင်မပြေဘူး။ ဆိုဖာ တစ်ခုတည်းမှာတောင် ရုပ်ရှင်အစအဆုံးပြီးတဲ့ ကားတောင်ရှိတယ် အဲဒီလိုမျိုးဆိုရင် မလုပ်ချင်ဘူးဆိုတဲ့ စိတ်က ဝင်သွားတယ်။ ရုပ်ရှင်တစ်ကားကို သုံးရက်နဲ့ပြီးအောင် ရိုက်သွားတာလည်း ကြားဖူးတယ်။ ကျွန်မစဉ်းစားမိလိုက်တဲ့ အချက်က ဘာလဲဆိုတော့ မြန်မာပြည် အခြေအနေနဲ့ ရုံကားဘဲ ရိုက်ကူးမယ်ဆိုရင် မင်းသားမင်းသမီးတွေ ထမင်းငတ်သွားမယ်။ အရည်အသွေးကောင်းတဲ့ ဗီဒီယိုဆိုရင် တော့ ကျွန်မ စဉ်းစားမယ်ပေါ့နော်။

မေး။ ။ မြန်မာနိုင်ငံရဲ့ရုပ်ရှင်စနစ်ကိုဘယ်လိုမြင်လဲ

ဖြေ။ ။ ၂ဝ၁၁ခုနှစ် မှာ ရိုက်ထားတဲ့ ကားက အခု ၂ဝ၁၄ ခုနှစ်စက်တင်ဘာမှ ရုံတင်မယ်ဆိုတော့ တော်တော် လေးကိုကြာသွားပြီ။ ဒီကားကို ဦးမျိုး ကရက်ပေါင်း ၂ဝ တည်းနဲ့ ပြီးအောင် ရိုက်သွားတာတော်တယ်။ ဒီက ရက်၂ဝ ကဟိုမှာ သီချင်းတစ်ပုဒ် မပြီးဘူး ရက်ပေါင်း ၂ဝ တည်းနဲ့ အားလုံး အဆင်ပြေအောင် ရိုက်ကူး သွားနိုင်ပြီး ရုံရက်ကြတော့ မရဘူးဆိုတော့ အရမ်းဝမ်းနည်းဖို့ ကောင်းတယ်။ ဟိုမှာလိုဘဲ ထင်ပြီးတော့ ၂ဝ၁၁ မှာ ရိုက်တယ်။ ၂ဝ၁၂ ဆိုရင်တော့ တင်ပြီးပေါ့လို့ ထင်ထားတာ။ အခုတော့ အဲဒီလို မဟုတ်ဘူး။ ထားလိုက်၊ စိတ်လျှော့လိုက်ပေါ့။ ဦးမျိုးက သမီးဒီမှာက ရုံရက်ရဖို့ နှစ်နှစ် ၊ သုံးနှစ် စောင့်ရတယ်လို့ပြောတယ်။ မင်းသား ၊ မင်းသမီးအကျီင်္တွေ ဘယ်လိုလုပ်မလဲ ။ အကုန်ဟောင်းကုန်ပြီ။ ခေတ်တွေလည်း နောက်ကျကုန်ပြီ။ ဒီမှာက ရုပ်ရှင် စနစ်ကိုပြောင်းဖို့ အရမ်းလိုနေပြီ ဒီနှစ်မှာရိုက်ကူးပြီး နောက်သုံးလေးနှစ်ကြာမှ အကယ်ဒမီရမယ် ဆိုရင် လူတွေက ဘာလုပ်ထားလဲ ၊ ဘယ်လိုငိုလဲ ၊ ဘယ်လိုရယ်လဲ ဘာမှမမှတ်တော့ဘူး။ အဲဒါကြောင့် မြန်မာပြည်ရဲ့ ရုပ်ရှင်လောကကြီးက နောက်ကိုရောက်နေတာ။up to date မဖြစ်တော့ဘူး။

မေး။ ။ အကယ်ဒမီပေးတာကိုကော ဘယ်လိုမြင်လဲ

ဖြေ။ ။ နောက်တစ်ခု စနစ်မကျတာက အကယ်ဒမီ ဘယ်လိုရလဲ၊ ဘာလဲ စနစ်မရှိဘူး။ ဘယ်သူက ဘယ်လိုလုပ်လဲ ။ဘာလဲပေါ့ ။ ရုပ်ရှင်ကလည်း ရုံမတင်သေးဘူး။ ဘာမှမဖြစ်သေးဘူး။ သူအကယ်ဒမီရမယ် ဆိုတော့ အံ့သြပြီးတော့ ဘယ်သူက ကြည့်ပြီးလို့လဲ ဘယ်တုန်းက ရုံတင်သွားလို့လဲပေါ့ဆိုပြီး မေးလိုက်တော့ ရုံတင်တဲ့ကားက နှစ်ခုဘဲရှိတယ်။ မင်းသမီးကလည်း နှစ်ယောက်ဘဲရှိတယ်။ တစ်ယောက်က ရပြီးသွားပြီ။ တစ်ယောက်က မရသေးဘူး။ အဲဒါကြောင့် အဲဒီတစ်ယောက်ကရမှာတဲ့။ အရမ်းအံ့သြတယ် ကိုယ့်နိုင်ငံက စနစ်ကို မကောင်းဘူးပြောနေတာ မဟုတ်ဘူး။ ပြောင်းလဲသင့်နေပြီ။ ကျွန်မတို့အိမ်မှာတင်ပစ္စည်းတစ်ခုက ဟောင်းနေပြီဆိုရင် ၊သိနေတယ်ဆိုရင် ကိုယ့်ဟာကိုယ် ပြောင်းလဲဖို့ လိုနေပြီ။ပြည်ပက ရုပ်ရှင်ကားကြီးတွေ အကယ်ဒမီပေးပြီဆိုရင် ဒီဇင်ဘာမှာ ရုံတင်တဲ့ကားဆိုရင် ဒီဇင်ဘာမှ အကယ်ဒမီရှိရင် အဲဒီအကယ်ဒမီမှာ အဲဒီကားပါတယ်။ ဟိုမှာ ဘယ် award မဆို ပရိသတ်သာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ရုပ်ရှင်ကြည့်တာ ပရိတ်သတ်ဘဲ ကြည့်တယ်။ ကြိုက်တယ် မကြိုက်ဘူးဆိုတာလည်း ပရိတ်သတ်ဘဲ ဆုံးဖြတ်တယ်။ ဒီအနုပညာရှင် ကိုကြိုက်တယ် မကြိုက်ဘူးဆိုတာကလည်း ဒီပရိတ်သတ်ဘဲဆုံး ဖြတ်တယ်။ ဒါကို ဒီမိုကရေစီလို ခေါ်တာလေ။ မင်းသား ၊မင်းသမီးကြီးတွေ ၊ ဒါရိုက်တာ အကြီးတွေကြတော့ နိုင်ငံပိုင်းဆိုင်ရာ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ လူကြီးတွေက ဆုံးဖြတ်တယ်။ ဟိုနိုင်ငံမှာ ရှာရွတ်ခမ်း အကယ်ဒမီ ၁၇ နှစ်ဆက်တိုက်ယူခဲ့တယ်။ သူ့အိမ်မှာထား စရာနေရာတောင်မရှိတော့ဘူး။ သူ လောက်တော်တဲ့သူလည်းမရှိသေးဘူးလေ။ ဒါကိုလည်း ပရိသတ်တွေ ဘဲပေးနေတာလေ။ တရားမျှတဘူးတို့ ၊ ဘာတို့ ၊ ခင်မင်ရင်းနီးတာတို့ ၊ ပိုက်ဆံနဲ့ဝယ်တာတို့ ဘာမှမရှိဘူး။

မေး။ ။ ဘာတွေကို ပြုပြင်သင့်တယ်လို့ ထင်လဲ။

ဖြေ။ ။ ပရိတ်သတ်တွေ အမြင်ကိုတော့ ကျွန်မ အမြင်လေး ပြောပြချင်တယ်။ အိန္ဒိယမှာဆိုရင် ကျွန်မသည် မြန်မာနိုင်ငံက လာရောက် အလုပ်လုပ်နေတဲ့ မိန်းကလေး တစ်ယောက်ပါ။ နိုင်ငံခြားတိုင်းကနေပြီးတော့ လာရောက် အလုပ်လုပ်နေတဲ့ မိန်းကလေးတွေ အများကြီးပါဘဲ။ အိန္ဒိယ ပရိတ်သတ်ရဲ့ စိတ်ဓာတ်ကို ကျွန်မ ကြိုက်နှစ်သက်တာက ခွဲခြားမှု လုံးဝမရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောသွားပါသေးတယ်။ မြန်မာတွေ နောက်ကျနေတာ စိတ်ဓာတ် နည်းနည်းလေး ပြုပြင်ရမယ်လို့ပြောသွားပါတယ်။ ကျွန်မလည်း နိုင်ငံတွေ တော်တော်များများကို သွားဖူးပါတယ်။ အဲဒီတော့မှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ စကားကမှန်ပါလား ဆိုတာ ကျွန်မသဘောပေါက်လာတယ်။ အော်ဟုတ်တယ်။ ငါတို့မြန်မာနိုင်ငံက စိတ်ဓာတ်ပြုပြင်ဖို့ အရမ်းလို နေတယ် စိတ်ဓာတ်လေးသာပြုပြင်လိုက် ကျွန်မတို့မြန်မာနိုင်ငံက ဒုန်းကနဲဆို တက်သွားမှာ။ ကျွန်မ သူများနိုင်ငံမှာ အလုပ်လုပ်တယ်။ ဘယ်သူနာမည်ရလဲ မြန်မာနိုင်ငံဘဲ နာမည်ရတယ်။ ကျွန်မကို ဟိုမှာဆိုရင် လိုင်လာခမ်း လို့နောက်မှပြောတယ်။ ဒါမြန်မာနိုင်ငံက ဆိုပြီးတော့ အရင်ပြောတယ် အဲဒီတော့ ကိုယ့်မြန်မာပြည် ဂုဏ်တက်တာပေါ့။ ကျွန်မကြားလိုက်တယ် မယ်တစ်ယောက်ဝိုင်းပြောကြတာ။ သူက တရုတ်မလို့ ဘာလို့ပြောတာလဲ။ သူဟာမြန်မာပြည်ကို သိက္ခာကျအောင် လုပ်မှာ မဟုတ်ပါဘူး။ သူသည်မြန်မာပြည်ကို ဂုဏ်တက်အောင်သွား လုပ်မှာလေ။ ဘာဖြစ်လို့ တရုတ်မလို့ ပြောနေကြတာလဲ။ သူ့ကိုအားပေးကြပါ။ ကိုယ့်ရဲ့လူကို ကိုယ်တွေက နှိပ်ကွပ်မယ်ဆိုရင် တစ်ခြားလူကလည်း နှိပ်ကွပ်မှာဘဲ။သူက အဲဒီလိုသွားပြိုင်တဲ့ အခါကြတော့ ကိုယ့်နိုင်ငံဘဲ နာမည်ရမှာလေ။ အဲဒီလိုအမူအကျင့်က အိန္ဒိယ နိုင်ငံမှာ လုံးဝမရှိဘူး စိတ်ဓာတ်လေးတွေပြောင်းလဲဖို့ လိုပါတယ်။

မေး။ ။ မြန်မာနိုင်ငံက ဗီဒီယိုဇာတ်လမ်းတွေက

ဖြေ။ ။ ဒီမှာ ရုံကားရိုက်တော့ ဗီဒီယိုရိုက်တဲ့ မင်းသမီးတွေဆိုရင် ဘာလို့ရိုက်တာလဲ။ Level ကလည်း အရမ်းနိမ့်တယ်။ မင်းသား ၊မင်းသမီးတွေလည်း မရိုက်သင့်ဘူး။ ဒါရိုက်တာတွေလည်း မရိုက်သင့်ဘူး။ ပိုက်ဆံတစ်ခုအတွက်နဲ့ ကိုယ့်ကိုယ် ကိုယ် Level အဲဒီလောက်အထိ မနှိမ့်သင့်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမယ့်ပြန်မှ အတွေးတွေ ပြောင်းလိုက်တယ်။ ရုံကားက လေးနှစ်ကြာသွားတော့ အတွေးတွေ ပြောင်းလဲလိုက်တယ်။ မင်းသား ၊ မင်းသမီးတွေ ထမင်း ဘယ်ငတ်ချင်တော့မလဲ လူတစ်ယောက်က တစ်ချိန်လုံး မမြင်နေရင် မေ့သွားတယ်လေ။ ဝတ်မှုန်ရွှေရည်ဆိုရင် တီဗီမှာ အမြဲတမ်း မြင်နေရတယ်။ သူ့ထက်တော်တဲ့လူလည်း ရှိရင်ရှိမယ်။ လှတဲ့လူလည်း ရှိချင်ရှိမယ်။ သူ့ကို အမြဲမြင်နေရတယ်။ အလုပ်က အမြဲရှိနေတာ အရမ်းအရေးကြီးတယ် ဒီလိုမျိုး ရိုက်ကူးတာဟာ မင်းသား၊ မင်းသမီး ၊ ဒါရိုက်တာတွေက စီးပွားရေး ကဏ္ဍကတစ်ခု ၊ ကိုယ့်ရဲ့ပညာ သံချေးမတက်သွားအောင်က တစ်ခု၊ လူတွေနဲ့ အဆက်အသွယ် မပြတ်သွားအောင်က တစ်ခု။ မလုပ်ချင်ပေမယ့်လည်း ဒီဗီစီဒီတို့ ဒီဗီဒီတို့ကို လုပ်ရတော့မယ်။ ရွေးချယ်ခွင့် မရှိတော့ဘူးလေ။ ဒီနိုင်ငံရဲ့ စနစ်က မင်းသား၊ မင်းသမီး ၊ ဒါရိုက်တာတွေကို ရွေးချယ်ခွင့် မပေးတော့ဘူးလေ။ ဒီရုံကား လေးနှစ်တစ်ခါ ၊ လေးနှစ်တစ်ခါ ဘယ်ထိုင်စောင့်တော့မလဲ။

မေး။ ။ အနုပညာကြေးကိုကော အစ်မဘယ်လိုယူလဲ။

ဖြေ။ ။ ကျွန်မ အနုပညာကြေး ယူကတော့ အတိအကျတော့ မပြောတော့ဘူးနော်။ ဦးစိန်ဌေးကတော့ ငိုတယ်ပေါ့။ ဟိုနိုင်ငံမှာ ယူသလိုတော့ လုံးဝမရဘူးလေ။

မေး။ ။ အစ်မရဲ့ ရည်ရွယ်ချက်က အနုပညာရှင်တစ်ယောက်ဖြစ်ချင်တာလား။

ဖြေ။ ။ ကျွန်မ မင်းသမီးလုပ်မယ်လို့ဘဲ မတွေးထားမိဘူး။ အိန္ဒိယကိုသွားတာလည်း မင်းသမီးလုပ်ဖို့ မဟုတ်ဘူး။ ကိုယ့်ကို ကံတရားက ခေါ်သွားလိုက်တာဘဲ။ ကျွန်မ ဒူဘိုင်းမှာ အလုပ်လုပ်တယ်။ GM အနေနဲ့ အလုပ်လုပ်တော့ အဲဒီကိုလာတဲ့ ဒါရိုက်တာတွေက နင်ဘာလို့ ဒီမှာ အလုပ်လုပ်နေတာဘဲ။ ဒီလောက်လှတာ အိန္ဒိယ မှာလာပြီးတော့ အလုပ်လာလုပ်ပါလားလို့ ပြောတယ်။ ကိုယ်လည်း တစ်ခါမှ မစဉ်းစားဖူးတော့ ဒီလိုဘဲနေလိုက် တယ်။ ဒါပေမယ့်လာတဲ့ ဒါရိုက်တာတိုင်းကပြောနေတော့ ဟုတ်လားဆိုပြီးတော့ ထလုပ်လိုက်တာပါ။ ဓာတ်ပုံတွေ ဘာတွေရိုက်တော့ ပို့စ်တွေက သူ့ဟာသူထွက်လာတယ်။ ကိုယ်လည်း တစ်ခါမှမသင်ဖူးဘူး။ တစ်ခုသိလာတာက ငါလုပ်နိုင်ပါလားလို့သိလာခဲ့တယ်။ နောက်တော့ လည်း သရုပ်ဆောင်မှုအပိုင်း ၊ အကအပိုင်းတို့က သူ့ဟာသူ ဖြစ်လာ တာဘဲ။ ဘဝမှာက ကိုယ်စီစဉ်ထားတဲ့ အတိုင်းလည်း ဖြစ်ချင်မှဖြစ်မှာလေ။

မေး။ ။ ပြည်ပက နည်းပညာပိုင်းကိုကော မြန်မာနိုင်ငံမှာ ပြန်လည်ချပြပေးဖို့ အစီအစဉ်ရှိလား။

ဖြေ။ ။ ဟိုမှာတတ်လာခဲ့တဲ့ နည်းပညာပိုင်းတွေကော တစ်ခြားဟာတွေကိုဒီမှာ လုပ်ပေးချင်ပါတယ်။ ကျွန်မကို လက်တွဲခေါ်မယ်ဆိုရင် ကျွန်မကတော့ အမြဲတမ်း ကြိုဆိုပါတယ်။ ကူညီပေးဖို့လည်း အသင့်ပါဘဲ။ ကျွန်မက ဒါလုပ်ပေးချင်တယ် ဟိုဟာလုပ်ပေးမယ် သွားပြောလို့ မရဘူးလေ။ အစိုးရ အပိုင်းဘဲဖြစ်ဖြစ် ၊ ကောင်စီ ကဘဲဖြစ်ဖြစ် ၊ မော်ဒယ်အေဂျင်စီကဘဲ ဖြစ်ဖြစ်ပေါ့ သင်ပေးပါလို့ အကူအညီတောင်းရင် လုပ်ပေးဖို့အ ဆင်သင့်ပါဘဲ။

မေး။ ။ အောင်မြင်ကျော်ကြားသူဖြစ်ဖို့အတွက် ခံယူချက်က

ဖြေ။ ။ အောင်မြင်ကျော်ကြားသူဖြစ်ဖို့အတွက်ခံယူချက်နဲ့ စိတ်ထားကတော့ ပထမဆုံးက အောက်ခြေမ လွတ်ဖို့ဘဲ အေ၇းကြီးတယ်။လူတစ်ယောက်က ဘယ်တော့မှ အောက်ခြေမလွတ်ရဘူး။ အောက်ခြေလွတ်သွားတဲ့နေ့ လူတွေကစမုန်းပြီ လူတွေရဲ့ အမုန်းတရားကို ရသွားရင် ဘယ်တော့မှ မအောင်မြင်တော့ဘူး။ ငါသည်မင်းသမီး ၊ မင်းသားဆိုပြီး ဘဝင်မြင့်လို့ မရဘူး။ဘာဖြစ်လို့လဲဆိုတော့ နင်မင်းသမိး ၊မင်းသားဖြစ်တာ ဘယ်သူ့ကြောင့်လဲ ။ပရိသတ်တွေကြောင့်။ ပရိတ်သတ် လက်မခံရင် မင်းသမီး ၊ မင်းသားဖြစ်လာစရာအကြောင်း လုံးဝမရှိဘူး။ မင်းသား ၊ မင်းသမီးတွေ တစ်ချို့တွေကို ကျွန်မ ဒီမှာ သတိထားမိတဲ့ အရာတစ်ခု ရှိတယ်။ နာမည်တော့ မပြောပြချင်ဘူး။တစ်ချို့ဆို ထောင်ထောင်ထောင်နဲ့ ဆရာကြီးစတိုင်နဲ့ မီဒီယာကိုလည်း လူမထင်၊ ပရိတ်သတ်တွေကိုလည်း ရပါတယ်ဆိုတဲ့ ပုံစံမျိုးတွေတွေ့ရတယ်။ ကျွန်မကလည်း မွေးကတည်းက တတ်လာတာ မဟုတ်ပါဘူး။ အင်ဂျလီနာဂျိုလီတို့ တစ်ခြားမင်းသား ၊ မင်းသမီးတွေ အများကြီး လာတယ်။ သူတို့ကို ကျွန်မလေ့လာတာက သူတို့က ကိုယ့်ထက်မြင့်တဲ့ လူတွေလေ အမြဲတမ်း ကိုယ့်ထက်မြင့်တဲ့ လူဆီက သင်ရတယ်လေ။ ကိုယ်ကဆရာကြီး ဆိုပြီးတော့ ထိုင်နေလို့မရဘူး။ ကိုယ့်ထက် ဆရာကြီးတွေ အများကြီးရှိတယ်လေ။ နင်ဆရာကြီးဆိုရင် နင့်ထက်ဆရာကြီး အယောက် တစ်ရာလောက်ရှိတယ် သဘောကိုပြောပြတာပါ အင်ဂျလီနာဂျိုလီတောင် လူတွေအားလုံးကို ဆက်ဆံတာတစ်ပုံစံတည်းဘဲ သွားတယ်။ ငါ့ကဆရာကြီး ဆိုပြီးတော့ မျက်နှာထား တင်းမာတာတို့ မရှိဘူး။ သူဆရာကြီး ဆိုတာ တစ်ကမ္ဘာလုံးသိတယ်။ ဘာကိုထပ်ပြရမှာလဲဆိုတဲ့ စိတ်ထားမျိုး သူ့မှာရှိတယ်။ အဲဒီစိတ်ဓာတ်သည် လူ တစ်ယောက်ကို အမြင့်ဆုံး သယ်ဆောင်သွားတဲ့ စိတ်ဓာတ်ဘဲ။ ကိုယ့်ဘယ်လောက်ဘဲ အမြင့်ရောက်နေနေ အဲဒီ စိတ်ဓာတ်မရှိရင် အောက်ကို ပြန်ပြုတ်ကျမှာဘဲ။ စိတ်ကောင်းထားရမယ်။ လူတိုင်းအပေါ်ကို စိတ်ကောင်းထားရပါမယ် အမြင်မှန်ရမယ် အဲဒါကအောင်မြင်မှုရဲ့ နံပါတ်၁ အချက်ပေါ့။ နောက်နှစ်အချက်က လုပ်မယ်ဆိုရင်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ အချက်ပေါ့။ နောက်သုံးအချက်က ကိုယ်လုပ်မယ့်အရာ တစ်ခုကို ၁ဝဝ ရာခိုင်နှုန်း ယုံကြည်ချက်ထားပါ။

မေး။ ။ အစ်မရဲ့အချစ်ရေးကိုပြောပြပေးပါဦး

ဖြေ။ ။ ကျွန်မရဲ့အချစ်ရေးကတော့ မြန်မာကလည်းမဟုတ်ဘူး။ အိန္ဒိယနိုင်ငံကလည်း မဟုတ်ဘူး။ ပြောထားတဲ့လူတွေကို စဉ်းစားတော့မှာပါ။ နိုင်ငံခြားမှာနေလာလို့လား မသိဘူး။ မြန်မာမှလို့ဘာမှလို့မရှိဘူး။ ကျွန်မချစ်ရင်တော့ကျွန်မရွေးချယ်မှာပါ။

Mizzima Burmese