ကိုယ့်နိုင်ငံဆင်းရဲခြင်းလွတ်ကင်းအောင်

ပို့စ်တင်ချိန် - 7/12/2014 08:42:00 AM






ကျွန်တော်ငယ်ငယ်က အလွန် အစားကြီးသည်။ စားလျှင်လည်း ပန်းကန်ကိုပြောင်နေအောင်စားတတ်သည်။ အမေက ခဏခဏ ပြောသည်။ ‘‘ဘယ်အငတ်တိုင်းပြည်ကသေပြီးဝင်စားသလဲမသိဘူး’’တဲ့။ တစ်ခါတော့ အမေ့ မောင်ဝမ်းကွဲတော်သည့် ကျောင်း ဆရာတစ်ဦးက အိမ်ကိုအလည် ရောက်နေသည့်အချိန်။ ကျွန် တော်ထမင်းစားတာကိုကြည့်ပြီး အမေက သူ့မောင်ဝမ်းကွဲကိုပြော ၏။ ‘‘နင့်တူ ထမင်းစားတာကြည့်။ ပန်းကန်ကို ပြောင်နေအောင် လျက်မစားရဘူးလို့ဘယ်လောက် ပြောပြောမရဘူး။ ပြောင်နေ အောင်စားတာပဲ’’ဟုဆိုတော့ အမေ့မောင် ကျွန်တော့်ဦးလေး ဝမ်းကွဲက ရယ်ရယ်မောမောဖြင့် ‘‘အစ်မသားက အီသီယိုးပီးယား သားသေလို့ ဝင်စားတာဖြစ်မှာ ပေါ့’’ဟု ဆိုလေသည်။
ကျွန်တော်စိတ်ဝင်စားသွား သည်။ ကျွန်တော်မကြားဖူးသည့် ‘‘အီသီယိုးပီးယားသား’’ဟူသည့် စကားလုံး။ ကျွန်တော်အစားကြီး တာကို အီသီယိုးပီးယားသားသေ လို့ဝင်စားတာဟု ဘာကြောင့်ပြော ရသနည်း။ ထမင်းစားပြီးပြီးချင်း ဦးလေးကို ကျွန်တော်မေးတော့ သည်။ ဦးလေးက နှုတ်နှင့်မဖြေ။ သူဖတ်နေသော မဂ္ဂဇင်းတစ် စောင်ကိုလှန်လျက် ‘‘ရော့၊ ဟော ဒီမှာကြည့်။ အဲဒါအီသီယိုးပီးယား နိုင်ငံက ကလေးတွေပဲ’’ဟုပြလေ ၏။ ဗိုက်ပူနံကား၊ နံရိုးအပြိုင်း ပြိုင်း၊ မျက်တွင်းကဟောက်ပက်၊ မျက်လုံးများက အရောင်မွဲခြောက် ခြောက်။ သူတို့ကိုကြည့်ရသည် မှာ ဘယ်တုန်းကတည်းက အစာ ရေစာဝဝလင်လင်မစားခဲ့ရသည် မသိ။ ဩော်.. ကျွန်တော်အငမ်း မရစားနေတာဟာ အရင်ဘဝက အီသီယိုးပီးယား တိုင်းပြည်မှာ ငတ်ခဲ့လို့။ ယခုအစားအသောက် ပေါသည့် မြန်မာပြည်မှာ လူလာ ဖြစ်ချိန် ဣနြေ္ဒပျက်လောက် အောင် ပန်းကန်ပြောင်သည်အထိ လျက်ပက်ပြီး စားနေခြင်းဟု အမေတို့ကမှတ်ယူကာ ကျွန်တော့်ကို အီသီယိုးပီးယားသား ဝင်စားတာဟု ပြောခြင်းဖြစ်လေသည်။

ယခု ဆယ်စုနှစ်သုံးစုကျော် အကြာတွင် မြန်မာနိုင်ငံသည် မည်သည့်အခြေသို့ ဆိုက်ရောက် နေပြီနည်း။ ကမ္ဘာ့ဘဏ်က နောက် ဆုံးထုတ်ပြန်လိုက်သည့်စာရင်း  အရ ကမ္ဘာ့အဆင်းရဲဆုံးစာရင်း တွင် မြန်မာနိုင်ငံသည် အောက် ဆုံးကပြန်ရေလျှင် အဆင့် ၁၂ ၌ ရပ်တည်နေကြောင်း သတင်းများ တွင် ဖတ်ရသည်။ ဟိုအရင်ကိုယ့် နိုင်ငံပြည်သူများထက် ဆင်းရဲ သည်ဟု သတ်မှတ်ထားသော မြောက်ကိုရီးယား၊ ဆိုမာလီယာ၊ အီသီယိုးပီးယား နိုင်ငံများပင် ကိုယ့်နိုင်ငံထက်ပို၍ ချမ်းသာနေ ကြပြီ။ ဒေသတွင်း အာဆီယံနိုင်ငံ များတွင် အောက်ဆုံးအဆင့် ရောက်နေပြီး အာရှဒေသတွင်း၌ ဒုတိယအဆင်းရဲဆုံးဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်ပင် ကိုယ့်နိုင်ငံနှင့် အဆင့်ငါးဆယ် ကွာခြားနေသည်ဟုဆို၏။ ခုနေများ အီသီယိုးပီးယားကလေးတစ်ယောက်က အငမ်းမရစားနေတာကို သူတို့လူကြီးတစ်ယောက်ကများ တွေ့သွားလျှင် မြန်မာသေပြီး ဝင်စားတာဟု ပြောများပြောလေမလားမသိ။

ဘယ်မှမထွက်ဘဲ ကိုယ့်အိမ် ထဲမှာပဲကိုယ်နေပြီး အစိုးရသတင်း စာလေးဖတ်၊ MRTV တို့၊ မြဝတီ တို့လောက်ပဲ ဖွင့်ကြည့်နေလျှင် တော့ ကိုယ့်နိုင်ငံကို ကမ္ဘာ့အချမ်း သာဆုံးလောက်ထင်ချင်ထင်မိပေ လိမ့်မည်။ ကိုယ့်အိမ်ကခွာလို့ တခြားမြို့ရွာများကို လိုက်မကြည့် နိုင်လျှင်နေပါ။ ကိုယ့်ပတ်ဝန်း ကျင်လောက်ကိုပဲ ဂရုစိုက်သတိ ထားကြည့်ရုံနှင့်ပင် နိုင်ငံ၏ပကတိ အခြေအနေကို မြင်နိုင်ပေသည်။ ကုန်ခဲ့သည့် ဇူလိုင်လဆန်း ၁ ရက် ၂ ရက်လောက်က ညနေ ၆ နာရီ ခွဲသာသာလောက် ကျွန်တော် အလုပ်မှပြန်အလာ အိမ်နားက ဆိုက်ကားဆရာမိသားစုကို လမ်း ထိပ်က ဝက်သားတုတ်ထိုးဆိုင်မှာ ကျကျနနထိုင်စားနေတာတွေ့ရ ၏။ ဆိုက်ကားဆရာလင်မယား နှင့် ကလေးနှစ်ဦး။ သူတို့က ကျွန် တော့်ကိုတောင်လှမ်းပြီး ဆရာ စားသွားပါဦးဟု ဧည့်ဝတ်ပြုလိုက် သေး၏။ ကျွန်တော်က ‘‘ဒီမိသား စုတွေ ဒီနေ့ထောနေပုံရတယ်’’ဟု ဆိုတော့ ‘‘အထင်မကြီးနဲ့ဆရာ ရေ’’တဲ့။ ‘‘အုံနာခရှင်းလိုက်တာ ဆန်ဖိုးတောင်မကျန်လို့ ဆန်ပြုတ် ပြုတ်သောက်ပြီး ကျန်တဲ့ပိုက်ဆံ လေးနဲ့ ဒီမှာ အာသာလာဖြေတာ’’ တဲ့။ ဆိုက်ကားဆရာက ရယ်ရယ် မောမော ပြောလိုက်သော်လည်း ကျွန်တော့်ရင်ထဲမှာတော့ ဆို့ဆို့ နင့်နင့်ခံစားလိုက်ရသည်။ ဒါ ကျွန်တော့်ပတ်ဝန်းကျင်မှာပင် တွေ့လိုက်ရသည့် ဆင်းရဲမွဲတေမှု ပြယုဂ်တစ်ခုဖြစ်၏။ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် သည်လိုပုံရိပ် ဆိုးတွေ ဘယ်လောက်များနေ မလဲ။ စဉ်းစားကြည့်ရုံနှင့်သိနိုင် လေသည်။

နိုင်ငံတော်သမ္မတ၏ လစဉ် မိန့်ခွန်းများတွင်တော့ နိုင်ငံ၏ GDP မည်မျှတိုးတက်လာကြောင်း တွေ ခဏခဏပြောသံကြားရ သည်။ ဒုတိယသမ္မတဦးဉာဏ် ထွန်းကလည်း လာမည့် ၂၀၁၅ ခုနှစ်တွင် နိုင်ငံ၏ ဆင်းရဲမှုနှုန်းကို ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းသို့ လျှော့ချသွားမည်ဖြစ်ကြောင်း ဇူလိုင် ၅ ရက်က နေပြည်တော်ရှိ သမဝါယမဝန်ကြီးဌာနတွင် ကျင်း ပသော အကြိမ် (၂၀)မြောက်  အပြည်ပြည်ဆိုင်ရာ သမဝါယမ နေ့အခမ်းအနားတွင် ထည့်သွင်း ပြောကြားသွားကြောင်း သတင်း များတွင် ဖတ်ရသည်။ လေထဲ ဆောက်သည့် အိမ်ကလေးများ မဖြစ်ပါနှင့်ဟုသာ ကျွန်တော်တို့ ပြည်သူများက ဆုတောင်းရပါ သည်။

ပြန်တွေးကြည့်လျှင် နိုင်ငံ၏ အခြေအနေ ဤမျှဆိုးရွားသွားကာ ကမ္ဘာ့အဆင်းရဲဆုံးအဆင့် ၁၂ အထိ ရောက်သွားသည်ကတော့ ရင်နာစရာကောင်းလှ၏။ လွတ် လပ်ရေးရပြီးစ ၁၉၅၀ ပြည့်နှစ် ဝန်းကျင်တွင် အာရှမှာဖွံ့ဖြိုးတိုး တက်ဖို့ အလားအလာအကောင်း ဆုံးနိုင်ငံအဖြစ် ကမ္ဘာ့စီးပွားရေး ပဏ္ဍိတ်ကြီးများက ဟောကိန်း ထုတ်ခဲ့သော မြန်မာနိုင်ငံသည် နှစ်ပေါင်း ၅၀ အတွင်း စီမံခန့်ခွဲမှု လွဲမှားခြင်း၊ တိုင်းပြည်ကို ဦး ဆောင်ခဲ့သူများ၏ အရာရာကို တည်ငြိမ်အေးချမ်းရေးအမြင်နှင့် သာ ကြည့်ခဲ့ခြင်း၊ နယ်ပယ်အသီး သီးတွင် ကျွမ်းကျင်ပညာရှင်များ ချောင်ထိုးခံရခြင်း၊ တိုင်းပြည်၏ ကဏ္ဍစုံတွင် လက်ညှိုးထောင် ခေါင်းညိတ်များနှင့် မိုးကျရွှေ ကိုယ်များသာ နေရာရလာခြင်း စသော အကြောင်းပေါင်းစုံဖြင့် တိုင်းပြည်၏ အခြေအနေသည် အဘက်ဘက်မှ ယိုယွင်းကာ ၁၉၈၇ ခုနှစ်တွင် LDC နိုင်ငံအဖြစ် ရောက်ခဲ့ရလေသည်။

ထိုကာလများအတွင်း ကျွန် တော်တို့ပြည်သူများ၏ အခြေ အနေကို ပြန်ကြည့်လျှင်လည်း လူချင်းတူတူ သူချင်းမျှမျှမနေခဲ့ ကြရပေ။ လူမည်ကာမတ္တဘဝမျိုး ဖြင့်နေခဲ့ကြရ၏။ နိုင်ငံခြားသွား ခွင့်ရခြင်းကိုပင် ထူးခြားသော အခွင့်အရေးအဖြစ်မှတ်ယူကာ ဆိုဗီယက်ပြန်ဒို့စိန်ကုလား၊ ဆိုဗီ ယက်ပြန်နွဲ့နွဲ့စန်း၊ ယိုးဒယားပြန် အမာစိန် စသဖြင့် ကိုယ်ရောက် ဖူးသည့်နိုင်ငံကို ဂုဏ်ထူး၊ ဘွဲ့ထူး တစ်ခုလိုသဘောထားပြီး အမည် ရှေ့ကတပ်ခဲ့ကြ၏။ ရွှေဝါဆပ် ပြာ၊ သွားတိုက်ဆေး စသည့် ပစ္စည်းများကို ပါတီ၊ ကောင်စီလူ ကြီးတစ်ဦးဦး၏ လက်မှတ်ပါ သော ပါမစ်စာရွက်ဖြင့် သမဆိုင် မှာ သွားဝယ်ရသည်။ ဒါတောင် အရောင်းစာရေးမက ‘‘ကုန်နေ တယ်’’ဟု ငြင်းထုတ်လိုက်လျှင် ကိုယ့်ပါမစ်ကလေး အလဟဿ ဖြစ်သွားမှာစိုး၍ သံပရာသီးဆယ် လုံးလောက်စားထားသလို မျက် နှာကို အစွမ်းကုန်ဖြီးထားပြီးမှ ဝယ်ရသည်။ ယခုအသက် (၅၀) အထက်ရှိသူများအားလုံး ကြုံဖူး ကြပါသည်။

သူများနိုင်ငံမှာ ကျွန်တော် တို့မမွေးခင်ကပေါ်နေသော တီဗီ ကို ဒုတိယနှစ်တက္ကသိုလ်ကျောင်း သားဘဝကျမှ စမြင်ဖူးသည်။ ကျွန်တော်နှင့် သက်တူရွယ်တူ အိုဘားမားက (၉)နှစ်အရွယ်မှာ အင်ဒိုနီးရှားနိုင်ငံက သူ့အဘိုးအိမ် ဧည့်ခန်းထဲမှာ တီဗီထိုင်ကြည့်နေ ချိန်တွင် ကျွန်တော်ကတော့ နေ ရှင်နယ်ရေဒီယိုအဟောင်းကလေး ဖွင့်ပြီး နားထောင်နေရတုန်းရှိသေး ၏။ ရှစ်တန်းကျောင်းသားဘဝ ကျွန်တော်တို့ဆီမှာ တန်တစ်ရာ ဆန်စက်ကြီးလာတည်တော့ ဂျပန်အင်ဂျင်နီယာတွေသောက်သည့် ရေသန့်ကိုအထူးအဆန်း သဖွယ်ငေးကြည့်ခဲ့ရသည်။ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ပါတီကြီး၏ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့နိုင်ငံသားတွေ နိုင်ငံတကာနှင့် အဆက်ဖြတ်ခံခဲ့ရသည်။ စီးပွားရေးကဏ္ဍမှစ၍ ပညာရေးကဏ္ဍအဆုံးအားလုံးကို ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့် သွားခဲ့ရာ နိုင်ငံတကာနှင့်ယှဉ်လိုက်လျှင် အစစအရာရာ နောက်ကျခဲ့ရလေသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း နဝတ၊ နအဖ အစိုးရအဆက်ဆက် တွင်လည်း တိုင်းပြည်၏ စီမံခန့်ခွဲ ခွင့်ရှိသည့်နေရာမှန်သမျှ တပ်မတော်အရာရှိများကသာ နေရာ ယူခဲ့ကြပြီး ကြက်ဆူပင်စီမံကိန်း လို လွဲမှားသောစီမံကိန်းများဖြင့် တိုင်းပြည်သည် ဖွတ်သထက်ညစ် ခဲ့ရလေသည်။ အဆိုးရွားဆုံးမှာ တကယ် တတ်ကျွမ်းနားလည် သည့် ပညာရှင်များ၏ အကြံ ဉာဏ်များကိုကျတော့ သူတို့ သဘောထားနှင့်ဆန့်ကျင်လျှင် လက်မခံ။ ကိုယ်ကျိုးရှာ ခရိုနီများနှင့် ကပ်ပါးရပ်ပါးပညာရှင်ဆိုသူ များက မြှောက်ပေးသမျှ အကုန် လိုက်လုပ်သဖြင့် တိုင်းပြည်၏ သယံဇာတမှန်သမျှ တက်တက်ပြောင်သည့်ဘဝရောက်ရတော့သည်။

ယခုအစိုးရသစ်ပြောင်း၍ လုပ်နည်းလုပ်ဟန်တွေပြောင်းပြီ လားဆိုတော့ ဘာမှမပြောင်းလဲ သေးပါ။ စီမံခန့်ခွဲခွင့်ရှိသည့်နေရာ မှန်သမျှ တပ်မတော်အရာရှိ ဟောင်းများသာ နေရာယူထားဆဲ ဖြစ်ပါသည်။ တကယ်တတ်ကျွမ်း နားလည်သည့် ပညာရှင်တွေ ဘေးရောက်နေဆဲဖြစ်သည်။ တချို့ပညာရှင်ဆိုသူများကျတော့ လည်း မိမိတို့ရထားသည့်မဖြစ် စလောက်လုပ်ပိုင်ခွင့်လေး၌ သာ ယာပြီး မင်းလိုလိုက် မင်းကြိုက် ဆောင်နေကြသည်။ စီးပွားရေး စီမံကိန်းတွေအမျိုးမျိုး ရေးဆွဲလုပ် ဆောင်နေသော်လည်း အများစု က ပွင့်လင်းမြင်သာမှုမရှိ။ နီးစပ် ရာလုပ်ငန်းရှင်ကြီးများသာ ရနေ ကြဆဲဖြစ်သည်။

သည်လိုပုံနှင့် ကျွန်တော်တို့ နိုင်ငံဆင်းရဲတွင်းက လွတ်စရာ လမ်းမမြင်ပါ။ တိုင်းပြည်၏ နယ် ပယ်ကဏ္ဍအသီးသီးမှာ တကယ် တတ်ကျွမ်းနားလည်သူတွေ ဦးဆောင်ခွင့်မရသေးသမျှ တစ်နည်းဆိုရလျှင် လူမှန်နေရာမှန် မဖြစ်သေးသမျှ နောင်နှစ်နောင်နှစ်တွေမှာ ကမ္ဘာ့အဆင်းရဲဆုံး အဆင့် ၁၂ မှ အောက်သို့သာ ထပ်ကျစရာရှိပါကြောင်း စေတနာ ကောင်းနှင့်သတိပေးလိုက်ပါသည်။



မင်းသန်းထိုက် (ဒေးဒရဲ)

7day daily