ကျူရှင် သို့မဟုတ် ဆေးမြီတို
ပို့စ်တင်ချိန်
- 7/04/2014 02:08:00 PM
စည်သူအောင်မြင့်| သောကြာနေ့၊ ဇူလိုင် ၄ ရက်၊ ၂၀၁၄ ခုနှစ်
(ဆောင်းပါး) အခုရက်ပိုင်းအတွင်း ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာ ပညာရေးနဲ့ပတ်သက်ပြီး ၀န်ကြီး ဒေါက်တာခင်စန်းရီရဲ့ သတင်းထောက်တွေကို ပြောတဲ့ မှတ်ချက်စကားအတော်လေးကို ထူးခြားပါတယ်။ ဆရာ၊ဆရာမတွေအနေနဲ့ ကိုယ့်သက်ဆိုင်ရာကျောင်းမှာ စာကို ကောင်းကောင်းသင်၊ နောက်ကိုယ့်ရဲ့ အားလပ်ချိန်မှာလည်း ကိုယ်တတ်ထားတဲ့ အတတ်ပညာနဲ့ အပိုဝင်ငွေ ရှာနိုင်ပါတယ်ဆိုပြီး ပြောဆိုလိုက်တာပါ။ တကယ်တော့ ကျောင်းဆရာ၊ ဆရာမတွေ ကျူရှင်သင်နေတယ်ဆိုတဲ့ ပြဿနာ နှစ်ပေါင်းများစွာ ရှိနေပါပြီ။ဘယ်ပညာရေးဝန်ကြီးကမှ လက်တွေ့ကျတဲ့ ထိရောက်တဲ့ ကိုင်တွယ်ဖြေရှင်းမှု မလုပ်ခဲ့ပါဘူး။ တစ်လျှောက်လုံး သူတို့လုပ်ခဲ့တာကတော့ ကျူရှင်မသင်ရဆိုတဲ့ တစ်ချက်လွှတ်အမိန့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် ၀မ်းရေးအတွက် ကျူရှင်သင်နေရတဲ့ တစ်တိုင်းပြည်လုံးက ဆရာ၊ ဆရာမတွေဟာ ဥပဒေ စည်းမျဉ်း စည်းကမ်း ချိုးဖောက်သူတွေ ဖြစ်လာပါတော့တယ်။ နောက်ဆက်တွဲ ပြဿနာကလည်း အများကြီးပါ။ အခု ပညာရေးဝန်ကြီးကတော့ ဒီကိစ္စလက်တွေ့ကျကျကိုင်တွယ် ဖြေရှင်းမယ့်ပုံပေါ်ပါတယ်။ ကျူရှင်ကိစ္စ ဘာတွေဖြစ်နေသလဲ၊ ဘယ်လို ဖြေရှင်းသင့်သလဲဆိုတာ ဆွေးနွေးသွားပါ့မယ်။
ကျူရှင်တွေ အားကောင်းစပြုလာတဲ့ ၁၉၈၀ ၀န်းကျင် နှစ်တွေတုန်းက အခုလို ကျောင်းဆရာ၊ ဆရာမတွေက ကျူရှင်ပြစားတယ်ဆိုတာ သိပ်ခေတ်မစားပါဘူး။ သက်ဆိုင်ရာဘာသာရပ် ကျွမ်းကျင်သူတွေက ကျူရှင်ထောင်ပြီး ကျောင်းသားအားလုံးကို သင်ကြားပြသပေးတာမျိုးပါ။ အထူးသဖြင့် အခြေခံပညာ အထက်တန်းလို့ခေါ်တဲ့ ကိုးတန်း၊ ၁၀ တန်းတွေ အတွက်ပါ။ ကျောင်းသူကျောင်းသားအများစုက ခက်ခဲတယ်လို့ ယူဆကြတဲ့ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒနဲ့ ဓာတုဗေဒလို ဘာသာရပ်တွေကို သင်ကြားပေးကြပါတယ်။
အားလုံးသိကြတဲ့အတိုင်း မြန်မာ့ပညာရေးဟာ အာဏာရှင် ဦးနေ၀င်းခေတ်ကစလို့ နောက်ပိုင်း ဗိုလ်ချုပ်ကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်တိုင်အောင် နှစ်ပေါင်းများစွာ ဆက်တိုက်ကျဆင်းလာခဲ့ပါတယ်။ အထူးသဖြင့် သင်ကြားရေးအပိုင်းမှာ ကျဆင်းလာတာဖြစ်ပြီး အကျိုးဆက်အဖြစ် စာကောင်းကောင်း မတတ်တဲ့ ဘွဲ့ရတွေ များပြားလာသည်အထိ ဆိုးရွားခဲ့ပါတယ်။ ဒီမှာ ပြဿနာနှစ်ခု လာပေါင်းဆုံပါတယ်။ တစ်ခုက အစိုးရစာသင်ကျောင်းတွေမှာ သင်ကြားရေး ညံ့ဖျင်းလာတဲ့အခါ ပြည်သူလူထုဟာ ကိုယ့်ကလေး ပညာတတ်ဖို့ ကျောင်းကို ပို့ရုံနဲ့ မရတော့ဘူး။ကျောင်းချိန်ပြင်ပ အပြင်မှာလည်း ကျူရှင်သင်ခိုင်းမှရမယ်ဆိုတဲ့ အသိဝင်သွားတာပါ။ နောက်တစ်ခုကတော့ လုပ်ခလစာ ၀င်ငွေနည်းပါး၊ အခြားအစိုးရ၀န်ထမ်းတွေလို အဂတိလိုက်စားပြီး ၀င်ငွေရှာဖို့ အခွင့်အလမ်းမရှိသလောက်ဖြစ်နေတဲ့ ဆရာ၊ ဆရာမတွေကလည်း ၀မ်းရေးအတွက် ကျောင်းချိန်ပြင်ပမှာ ကျူရှင်သင်လာကြတာ ဖြစ်ပါတယ်။ ဒီနှစ်ခု ပေါင်းစပ်လိုက်တဲ့အခါ ဘယ်ကလေး၊ ဘယ်အတန်းမဆို ကျူရှင်မသင်ရင် မဖြစ်ဆိုတဲ့ အနေအထားအထိ ရောက်သွားပါတယ်။ အဲဒီလိုနည်းနဲ့ ကျောင်းသူကျောင်းသားတွေဟာ ကျောင်းမှာလည်း စာသင်၊ ပြင်ပမှာလည်း ကျူရှင်သင် အချိန်အများကြီး ပေးရပေမယ့် ပညာတတ်မြောက်မှုကတော့ တိုးတက်မလာပါဘူး။ တိုးတက်မလာရုံမက ကျပြီးရင်း ကျဆိုတဲ့ အနေအထားတောင် ရောက်လာပါတယ်။ ဒီလိုဖြစ်ရတာဟာ ပညာရေးစနစ်ကြီးတစ်ခုလုံး ယိုယွင်းနေတာကြောင့်လို့ မှတ်ချက်ချနိုင်ပါတယ်။
ပညာသင်ကြားရေးအပိုင်းကိုကြည့်ရင် အလွန်ရိုးရှင်းတဲ့ပြဿနာက ကျောင်းမှာ ကျောင်းချိန်အတွင်း ကလေးတွေကို ဆရာ၊ ဆရာမတွေက စာကောင်းကောင်း တတ်မြောက်အောင် သင်ပေးနိုင်ရင် ကျူရှင်ဆိုတာ မလိုအပ်ပါဘူး။ နိုင်ငံတကာ နမူနာကလည်း ဒီအတိုင်းပါပဲ။ လက်ရှိ တိုင်းပြည်မှာ ဖြစ်နေတာ သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေကိုယ်တိုင် အလွန်ဆိုးရွားတဲ့ ပညာရေးစနစ်အောက်မှာ သင်ကြားခံ ကြီးပြင်း ၏လာသူတွေဖြစ်လို့ အရည်အချင်း နည်းနေတာပါ။ နောက်ပြဿနာတစ်ခုက ၀မ်းရေးအတွက် ကျူရှင်သင်ရတော့မယ်ဆိုရင် ကိုယ့်အိမ်မှာ ကျောင်းသူကျောင်းသားတွေ လာပြီး သင်ရအောင် လုပ်ရပါတော့မယ်။ ဘယ်လိုလုပ်နေကြပါသလဲ၊ အတော်များများကတော့ အခန်းထဲမှာ တော်ရိ လျော်ရိသင်၊ ကျူရှင်လာတဲ့ ကလေးတွေကို ပိုဂရုတစိုက် သင်ပေး၊ စာမေးပွဲတွေမှာလည်း ကိုယ့်ဆီမှာ ကျူရှင်လာယူတဲ့ ကလေးတွေ ပိုပြီး အမှတ်ရ၊ ပိုပြီးအောင် ဆိုတာမျိုး သက်သေပြနိုင်ရေး လုပ်ကြရပါတယ်။ ကျောင်းဆရာ၊ ဆရာမတွေမှာ ဒီလို စေတနာ မရှိတာမှန်ပေမယ့် အခြေအနေက အဲဒီဘက်ကို ရောက်အောင် တွန်းပို့ပေးနေတဲ့သဘော ဖြစ်ပါတယ်။ ပညာရေးစနစ်ဆိုးက စေတနာ၊ ၀ါသနာ၊ အနစ်နာ ခံရမယ် ဆိုတဲ့ ဆရာ၊ ဆရာမတွေကို ဖျက်ဆီးပစ်လိုက်တာပါ။
ဒီပြဿနာ ပြေလည်စေရေးအတွက် အဓိကလုပ်ဖို့ လိုတာက သင်ကြားရေး ထိရောက်အောင် ဆရာ၊ ဆရာမတွေ အရည်အချင်းမြှင့်ပေးဖို့ လိုပါတယ်။ နောက်ထပ် ဆက်ပြီးတိုးပွားလာမယ့် နောက်ထပ်ခန့်မယ့် ဆရာ၊ ဆရာမတွေအဖြစ် အရည်အချင်းရှိသူတွေ ရောက်လာဖို့ လိုပါတယ်။ ကျောင်းစာသင်ခန်းထဲမှာ သင်ကြားလိုက်တာနဲ့ တတ်မြောက်တယ် ဆိုတာမျိုးဖြစ်အောင် ဘက်ပေါင်းစုံက ဖန်တီးဖို့ လိုပါတယ်။ အဲဒီအထဲမှာ ဆရာ၊ ဆရာမတွေရဲ့ လုပ်ခလစာဟာ သူ့အဆင့်အတန်း ဂုဏ်အင်္ဂါနဲ့ ကိုက်ညီတဲ့ လုပ်ခလစာမျိုး၊ ထူးချွန်သူတွေ၊ တော်သူတွေ ဆရာ၊ ဆရာမ ဘ၀နဲ့ အသက်မွေးဝမ်းကျောင်း လာအောင် ဆွဲဆောင်နိုင်တာမျိုး လုပ်ဖို့လိုပါတယ်။ ဒါက ရေရှည်ပါ။ ရေတိုအတွက်ကတော့ ဒေါက်တာခင်စန်းရီ ပြောသလို ကျူရှင်သင်တာကို စည်းကမ်းရှိရှိ၊ တရားဝင်ခွင့်ပြုပေးရပါမယ်။ ဘယ်လိုသင်ရမယ်၊ ဘယ်လိုဆိုတာမျိုး မလုပ်ရဘူး၊ တစ်ရက်ကို အချိန် ဘယ်လောက်၊ တစ်ပတ်ကို အချိန်ဘယ်လောက်သင်ရမယ်ဆိုတာမျိုး စနစ်တကျ စည်းကမ်းသတ်မှတ်ပေးဖို့ လိုပါလိမ့်မယ်။
အထူးသဖြင့် လက်ရှိ ဖြစ်ပျက်နေတဲ့ ကျောင်းသူကျောင်းသား ကလေးငယ်တွေကို ပြန်ပေးဆွဲသလိုဖြစ်နေတဲ့ ကျူရှင်သင်ကြားတဲ့ ပုံစံမျိုး ပိတ်ပင်ဖို့လိုပါတယ်။ ဥပမာ အတန်းပိုင်က ကိုယ့်အတန်းထဲက ကလေးကို ကိုယ်ကိုယ်တိုင် ကျူရှင်ပြန်ပေးနေတာမျိုး၊ ဘာသာရပ်ဆရာက ကိုယ်သင်တဲ့ ဘာသာ၊ ကိုယ်သင်တဲ့ အတန်းက ကျောင်းသားတွေကို ကျူရှင်ပြန်ပေးနေတာမျိုး ကန့်သတ်ဖို့ လိုပါတယ်။ လက်ရှိ ဒါတွေကန့်သတ်ထားတာ မရှိလေတော့ ကိုယ့်ဆီ ကျူရှင်လာသင်တဲ့ ကလေးကို မျက်နှာသာ ပေးတာ၊ အမှတ်ပိုပေးတာ၊ လာမသင်တဲ့ ကလေးတွေကို အတန်းထဲမှာ ခွဲခြားဆက်ဆံတာ၊ နည်းမျိုးစုံနဲ့ စိတ်ဒဏ်ရာရအောင် လုပ်တာတွေ ရှိနေပြီး ဆရာဆရာမတွေကို အဂတိလိုက်စားတဲ့ဘက် ရောက်အောင် တွန်းပို့သလိုလည်း ဖြစ်စေပါတယ်။
ဒေါက်တာခင်စန်းရီပြောတာ လက်တွေ့ကျ၊ သဘာဝကျပါတယ်။ ဒါပေမဲ့ဒါဟာ ဆေးမြီးတို ဖြေရှင်းနည်းပဲဆိုတာကိုတော့ အသေအချာသဘောပေါက်ဖို့ လိုပါတယ်။ တကယ့်တကယ် ပြဿနာ ဖြေရှင်းချင်တယ်ဆိုရင်တော့ ဆုံးပါးသွားပြီဖြစ်တဲ့ ဒေါက်တာမြင့်မြင့်ခင် ပြောသလို ပညာရေးစနစ်ကို မြေလှန်ပြီး၊ အမြစ်ကနေလှန်ပြီး တော်လှန်ပြောင်းလဲမှသာ ရနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
Mizzima Burmese