ဆန်ပြုတ်တစ်ခွက်၊မိုးကာအင်္ကျီတစ်ထည် နှင့် နားမကြားသော လူသုံးယောက် ( ဇာဂနာ )-အာဇာနည်နေ.အကြိုအထူးဆောင်းပါး

ပို့စ်တင်ချိန် - 7/17/2014 10:05:00 AM



မိုးကတဖွဲဖွဲ။ အချိန်က မနက် ၉ နာရီ။ ဖိုဒ်ဆန်ထရပ် ကားတစ်စင်း ဒါလဟိုစီနှင့် ၄၁ လမ်းထောင့်မှာ လာရပ်သည်။ ကားပေါ်က စစ်ယူနီဖောင်းဝတ်ထားသူ ၃ဦး ဆင်းလာသည်။ နောက်တော့ သူတို့ လမ်းဖြတ်ကူးသွား၏။ အတွင်းဝန်ရုံး၏ အထွက်ဟု ဆိုင်းဘုတ်တပ်ထားသော စပတ်လမ်းဘက်မှ အတွင်းဝန်ရုံးတွင်းသို့ လမ်းလျှောက် ၀င်သွားကြလေသည်။ ကားအနားမှာ မောင်နီ တစ်ယောက်သာ ကျန်ခဲ့၏။ ယူနီဖောင်း ၀တ်ထားသော ခင်မောင်ရင်နှင့် မှုံကြီးက ခပ်သုတ်သုတ် ရှေ့ကို လျှောက် သွားသော်လည်း ဘညွန့်က တုံ့ဆိုင်းဆိုင်း။ တိုင်းပြုပြည်ပြု လွှတ်တော် အဆောက်အဦဖက်ဆီသို့ ဘညွန့် ထွက်သွားခဲ့လေတော့သည်။

မနက် ၁၀ နာရီ ကာကွယ်ရေး ၀န်ကြီး၏ ရုံးခန်းမကြီးထဲမှာ ဦးရွှေဘော် (၀န်ကြီးများ ကောင်စီ၏ အတွင်းဝန်)၊ ဦးတင်အုန်း (လက်ထောက် အတွင်းဝန်)နှင့် ရုံးအုပ်ကြီး ဦးခတို့က စာရွက်စာတမ်းတွေ၊ ဖိုင်တွဲတွေ နေရာချထားရင်း အလုပ်ရှုပ်နေကြသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းအောက်ထပ် တည့်တည့်မှာ ရဲမင်းကြီး (DIG) ဦးထွန်းလှအောင်၏ ရုံးခန်းရှိသည်။ ထိုအခန်းထဲသို့ ဗိုလ်မှူးချုပ်နက်ရှ် (Burma command လက်အောက်ခံ တောင်ပိုင်းတိုင်း တိုင်းမှူး) ၊ ဗိုလ်မှူးချုပ်နိုက်(တ်) (ထောက်လှမ်းရေးမှူးချုပ်)နှင့် ဗိုလ်ချုပ် သောမတ်စ်တို့ ၀င်လာကြသည်။ ဗိုလ်ချုပ် သောမတ်စ်၏ ကိုယ်ရေး အတွင်းဝန် ဗိုလ်သန်းဝင်း ကတော့ အထဲလိုက်မ၀င် အပေါ်ထပ်သို့ ဆက်တက်သွားသည်။
ထိုအချိန်မှာပင် အတွင်းဝန်ရုံး ဗဟိုလှေကားကြီး ခြေရင်းသို့ ၀ူစလီကား အနက်ရောင် (ကားနံပါတ် RC/၂၈၇၄ )တစ်စင်း ထိုးဆိုက်လာသည်။ ဗိုလ်ထွန်းလှက ရှေ့က ဗိုလ်ချုပ်အောင်ဆန်းက နောက်မှ ဆင်းလာပြီး လှေကားအတိုင်း ခပ်သွက်သွက် တက်သွားတော့၏။

ချင်းရေးရာ အတိုင်ပင်ခံ ၀န်ကြီး ဦးဝမ်ကိုဟောက ဗိုလ်ချုပ် အောင်ဆန်းကို စာတစ်အိတ် ပေးဖို့ရောက်လာရာ ဗိုလ်ချုပ်က အစည်းအဝေးခန်းသို့ ၀င်သွားပြီဖြစ်လို့ ဗိုလ်ထွန်းလှ လက်ထဲသို့ ထိုစာအိတ်ကို ပေးလိုက်သည်။ ထိုစဉ် ဗိုလ်ချုပ်လှမ်းခေါ်သဖြင့် ဗိုလ်ထွန်းလှက အစည်းအဝေးခန်းသို့ ၀င်သွားတော့၏။ အလုပ်သမားသမဂ္ဂမှ သခင်ဝတင်ကြီးက ဗိုလ်ထွန်းလှ အခန်းသို့ ၀င်လာခဲ့တော့ အခန်းထဲမှာ တစ်ယောက်မှမရှိ။ သခင်ဝတင်ကြီးက ထိုင်စောင့်ရကောင်း နိုးနိုး၊ ပြန်သွားရ ကောင်းနိုးနိုးဖြင့် ချီတုံချတုံ။ ထိုစဉ် ဗိုလ်သန်းဝင်းက အခန်းထဲ ၀င်လာ၏။ တစ်ယောက် နှင့် တစ်ယောက်က မသိကြတော့ နှုတ်မဆက်မိ။ သခင်ဝတင်က အခန်းထဲမှ ထွက်သွားတော့သည်။

ဗိုလ်ထွန်းလှ ရုံးခန်းထဲ ပြန်ရောက်လာတော့ ဗိုလ်သန်းဝင်း ထိုင်နေတာ တွေ့ရ၏။ ဗိုလ်သန်းဝင်းက ဗိုက်ဆာသည်ဟုဆို၏။ ဗိုလ်ထွန်းလှကလည်း အစာအိမ် အောင့်နေသလိုလို ဖြစ်နေသောကြောင့် တရုတ်ဆိုင်မှ ဆန်ပြုတ် တစ်ခွက်နှင့် ထမင်းတစ်လုံးမှာ လိုက်သည်။ ရုံးခန်းစောင့် ရဲဘော် လှမောင်က တရုတ်ဆိုင်သွားဖို့ လှေကားမှ ဆင်းလာခဲ့တော့၏။

လှေကားရင်းမှာ မယောင်မလည် လုပ်နေသော ခင်မောင်ရင်က သခင်ဝတင် ဆင်းလာတာရော၊ ရဲဘော်လှမောင် ဆင်းလာတာကိုရော တွေ့လိုက်ရသည်။ ရဲဘော်လှမောင် အနားသို့ကပ်ပြီး ခင်မောင်ရင်က မေးလိုက်၏။ “အစည်းအဝေး စပြီလား”

၄၁ လမ်းထိပ်က ကာကာဆိုင်မှာ မောင်နီနှင့် ဘညွန့်တို့ထိုင်ပြီး လက်ဖက်ရည် သေက်နေကြ၏။ ထိုစဉ် ခင်မောင်ရင် ရောက်လာပြီး ဆိုင်မှ လက်လှည့်ဖုန်းဖြင့် တစ်နေရာသို့ ခေါ်လိုက်သည်။ ခင်မောင်ရင်၏ အသံက တိုးတိုးဖွဖွ “ဆရာကြီး ပစ်စတင် ကွင်းတွေ ကျလာပြီ”

အစည်းအဝေးခန်း အ၀ဆီသို့ ရန်ကြီးအောင်၊ မောင်စိုး၊ သက်နှင်းနှင့် မှုံကြီးတို့ ခပ်သွက်သွက် ရောက်လာကြတော့ ရုံးအကူလေးက ထတားသည်။ မောင်စိုးက ရုံးအကူလေးကို တွန်းဖယ်လိုက်ပြီး တံခါးကို ဆောင့်ကန် တွန်းဖွင့်လိုက်၏။ ရန်ကြီးအောင်က ဒူးထောက် ထိုင်ချလိုက်ပြီး စတင် ပစ်ခတ်လိုက်တော့သည်။ အတွင်းဝန်ရုံး တစ်ခုလုံး သေနတ်သံတွေ ဆူညံပွက်လောထ။

ဗိုလ်ချုပ် သောမတ်စ်၊ ဗိုလ်မှူးချုပ် နက်ရှ်၊ ဗိုလ်မှူးချုပ် နိုက်(တ်)တို့က လက်ဖက်ရည်သောက်ရင်း စကားကောင်းနေသည်။ ဒီလောက် ဆူညံနေသော သေနတ်သံတွေကို သူတို့မကြားချေ။ ဗိုလ်သန်းဝင်းက အထိတ်တလန့်ဖြင့် အခန်းထဲသို့ ပြေးဝင်လာပြီး ဗိုလ်ချုပ်အောင်ဆန်းတို့ကို သေနတ်သမားတွေ ၀င်ပစ်သွားပြီဟု လာပြောတော့ အင်္ဂလိပ် ဗိုလ်ချုပ်တွေ၏ မျက်နှာတွေက ဘာမှမပြောင်းလဲ။ ဦးထွန်းလှအောင်ကို လက်ဆွဲနှုတ်ဆက်ပြီး အခန်းထဲက ထွက်သွားတော့သည်။ အပေါ်ထပ်သို့ တက်လို့တောင် ကြည့်မသွားခဲ့ချေ။

ဗိုလ်ထွန်းလှက မိုင်းပွန် စော်ဘွားကြီးကို ပြုစုနေရ၏။ သူ့ဆရာ ဗိုလ်ချုပ်အောင်ဆန်းကတော့ စားပွဲထိပ်မှာ သေနတ်ဒဏ်ရာ ၁၃ချက်ဖြင့် ပက်လက်လဲနေပြီ။ သွေးအိုင်ထဲမှာ ၀န်ကြီးတွေ အတုံးအရုံး။ ဦးဗဂျမ်း၊ ပျော်ဘွယ်ဦးမြ၊ ဦးအောင်ဇံဝေတို့ကတော့ အတွင်းဝန် ဦးရွှေဘော်၏ ရုံးခန်းဖက်ဆီသို့ ထွက်ပြေး လွတ်မြောက်သွားခဲ့လေပြီ။

ရန်ကုန်တစ်မြို့လုံး သတင်းဆိုးကြီး ပျံ့နှံ့သွားတော့ မြို့သူမြို့သားတွေ စကားမှ မပြောနိုင်၊ ဆွံ့ကုန် အကုန်ပြီ။ ဆရာ ဒဂုန်တာရာကတော့ ဘာမှမသိ၊ သတင်းဆိုးကိုလည်း မကြားခဲ့။ အတွင်းဝန်ရုံးထဲသို့ အူလည်လည် ရောက်လာခဲ့သည်။ ဆရာဇော်ဂျီ၏ အခန်းထဲသို့ ရောက်တော့မှ ဗိုလ်ချုပ်တို့ လုပ်ကြံ ခံလိုက်ရတာ သိသွားတော့၏။

တစ်ချိန်ထဲမှာပဲ ဗိုလ်ချုပ်တို့ ပစ်ခတ်လုပ်ကြတာကို သေသေချာချာ သိသွားသော လူတစ်စုရှိနေသည်။ သူတို့ကား အင်္ဂလိပ် စစ်ဗိုလ်သုံးယောက်၊ ပင်လယ်ဝမှာ ရပ်ထားသော အင်္ဂလိပ် စစ်သင်္ဘောဆီသို့ သူတို့၏ အမြန်ယာဉ် မော်တော်ဘုတ်ကလေးက ဦးတည် သွားလေသည်။

ဆရာဇော်ဂျီကတော့ ကဗျာ တစ်ပုဒ် ချရေးနေလေပြီ။

မိုးကစိုစို ကျီးအုပ်ပြို၍၊
ထိုမှ ဤမှ တို့လမ်းမ၀ယ်
ပျံကြ၀ဲကြ ငရဲထသို့၊
အုံကြွ မြည်အာ မသာယာကို
ငါကြားခဲ့သည် မှတ်မိ၏။
ထိုနေ့၌ပင် ထိုချိန်ထင်၏
သခင်အောင်ဆန်း ပြည်သူ့ပန်းသည်
ပွင့်လန်းကာစ
ကြွေလိုက်ရ၏။


ဗိုလ်ထွန်းလှ၏ အခန်းထဲမှာတော့ တစ်စက်မှ မသောက်ရသေးသော ဆန်ပြုတ် တစ်ခွက်နှင့် ပိုင်ရှင်မဲ့ မိုးကာအင်္ကျီ တစ်ထည်တို့ ကျန်ခဲ့လေသည်။ ပြန်လာယူမည့် သူကား ယနေ့ထက်ထိ ပေါ်မလာ ခဲ့တော့ချေ။ ပိုင်ရှင်မဲ့ မိုးကာကတော့ ယနေ့အချိန်အထိ ပဟေဌိ ဖြစ်နေဆဲပါပဲ။

ဇာဂနာ

http://www.tomorrow.com.mm/