မချေဖြစ်သော ယတြာနှင့် ညမအိပ်လိုက်ရသော တိုင်းမှူး – လက်စောင်းထက်
ပို့စ်တင်ချိန်
- 7/27/2014 09:35:00 AM
သမီးတော်တွေဟာ သူတို့ကလွဲရင် တခြားဘယ်သူမှ ပျော်နေတာကို မမြင်ချင်ကြဘူး။ ဒါကြောင့်လည်း ရောက်လေရာ နေရာတိုင်းက လူတွေကို ကြံကြံဖန်ဖန် ဒုက္ခပေးလေ့ရှိတယ်။ တပ်မှူးကတော်တွေကို အတွင်းခံဘောင်းဘီ လျှော်ခိုင်းတာ၊ စစ်ဦးစီးမှူး ပထမတန်း ဇနီးကို အိမ်သာဆေးခိုင်းတာက အစ သူတို့နဲ့ ပတ်သက်သမျှ လူတွေကို ဘယ်လိုစိတ်ဆင်းရဲအောင် လုပ်ရမလဲဆိုတာ ခေါင်းထဲက အမြဲထွက်နေသူတွေ ဖြစ်တယ်။
ဒီတစ်ပတ်တော့ သမီးတော်တို့က ကာချုပ်ကြီးနဲ့အတူ ရှမ်းပြည်မြောက်ပိုင်းရဲ့ မြို့တော် လားရှိုးကို ရောက်လို့ လာပါပြီ။ အဲဒီအချိန်မှာ လားရှိုး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကလည်း နာမည်ကျော် ရှစ်လုံးကြီးပေါ့။ အောက်က ဗျူဟာမှူးတွေ၊ တပ်မမှူးတွေ၊ တပ်ရင်းမှူးတွေ အပေါ်သာ မောက်မာချင်တိုင်း မောက်မာ၊ နိုင်ချင်တိုင်း နိုင်လို့ရမယ်။ သမီးတော်တွေ ရောက်လာတော့ တိုင်းမှူးလည်း ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးကို ဖြစ်လို့။
ချမ်းအေးတဲ့ လားရှိုးရဲ့ ညချမ်းမှာ သမီးတော် တစ်ပါးက ညစာသုံးဆောင်အပြီး သူ့အခန်းတွင်း ၀င်ကာနီးမှာ လိုက်ပြီး ဂွတ်နိုက်လုပ်တဲ့ တိုင်းမှူးကြီးကို “မနက်ဖန် မနက် ခြောက်နာရီမှာ သမီးယတြာ ချေဖို့ရှိတယ်။ အဲဒါ မန်ကျည်း ကိုးညွန့်နဲ့ ထန်းကိုးညွန့် အသင့် လုပ်ထားပေးပါ အန်ကယ်”တဲ့။ အဲဒီ့စကားကြားလိုက်ရတဲ့ ရှစ်လုံးကြီး ခေါင်းကို ဆင်နင်းသလို ဖြစ်သွားတယ်။ ကမ္ဘာပေါ်မှာ အမြော်အမြင် အရှိဆုံးနဲ့ အတော်ဆုံး ခေါင်းဆောင်ကြီးပါရယ်လို့ ၀န်ကြီးတစ်ဦးက ထိုင်ရှိခိုးခြင်းကို ခံယူဖူးတဲ့ ကာချုပ်ကြီးက ရှမ်းပြည်မှာ တပ်တိုင်း မန်ကျည်းတစ်ထောင်၊ ထန်းတစ်ထောင် စိုက်ရမယ်လို့ အရင်က ဗျာဒိတ်ပေးခဲ့ဖူးပေမယ့် ရှမ်းပြည်ရဲ့ အေးမြတဲ့ ရာသီဥတုအောက်မှာ ဒီအပင်တွေက ဘယ်လိုလုပ် ပေါက်နိုင်မှာလဲ။ အခုတော့ သမီးတော်က အမိန့်တော်မှတ်လိုက် ချေပြီ။ တိုင်းမှူးကတော့ ရာသီဥတုကိုပဲ အပြစ်ဖို့ရမလား။ ဒီကိုမှ တိုင်းမှူးလာဖြစ်တဲ့ သူ့ဘ၀ကိုပဲ စိတ်နာရမလား ဝေခွဲမရပေမယ့် အမိန့်ကို နာခံရမယ်ဆိုတဲ့ စစ်သားတို့ထုံး နှလုံးမူပြီး မနက်၆နာရီမှာ မန်ကျည်းကိုးညွန့်နဲ့ ထန်းကိုးညွန့် အဆင်သင့် လုပ်ထားပါမယ်ဆိုပြီး ရဲရဲကြီး အာမခံလိုက်ပါတယ်။
အဲဒီနောက်မတော့ တိုင်းမှူးရဲ့ အရေးပေါ် အစည်းအဝေး ခေါ်လိုက်ပါတော့တယ်။ တပ်မှူးတွေကတော့ ရင်တထိတ်ထိတ်နဲ့ပေါ့။ ဘယ်နေရာမှာ ဘာမှားလို့ ဘယ်သူအထိုး ခံရမလဲဆိုတဲ့ ကြောက်စိတ်တွေနဲ့ အစည်းအဝေးခန်းထဲကို အားလုံးရောက်လာကြပါတော့တယ်။ လူစုံတာနဲ့ တိုင်းမှူးကြီးက ယာယီ တပ်ရင်းမှူးတွေ၊ ယာယီ တပ်မှူးတွေကို ဆင့်ကမ်း အမိန့်တော် ခြွေပါတော့တယ်။ မင်းတို့ပုခုံးပေါ်မှာ အပွင့်တင်ချင်ရင် မနက်ဖန် မနက် ၄နာရီမှာ ငါ့လက်ထဲကို မန်ကျည်း ကိုးညွန့်နဲ့ ထန်း ကိုးညွန့် (အဲမဟုတ်သေးဘူး) လိုရမယ်ရ မန်ကျည်းကိုင်းလိုက် ချိုင်လာခဲ့၊ ထန်းရွက် အကိုင်းလိုက် ချိုင်လာခဲ့။ ဒါဆို မင်းတို့ဘာအပြစ်ရှိရှိ အပွင့် တင်ရမယ်ဆိုပြီး တိုတိုတုတ်တုတ်နဲ့ အစည်းအဝေးကို ဖြတ်လိုက်ပါတယ်။
ဒီတစ်ခါ စိတ်ဆင်းရဲဖို့ အလှည့်ကျသူတွေကတော့ ယာယီ တပ်ရင်းမှူးတွေနဲ့ ယာယီ တပ်မှူးတွေပေါ့။ ဒီလိုညကြီး မင်းကြီးမှာ လားရှိုးမှာ မရှိတဲ့ မန်ကျည်းနဲ့ ထန်းညွန့်တွေ ဘယ်လိုလုပ်ရှာမလဲ။ ဒါပေမဲ့ စစ်တပ်လေ သိတယ်မဟုတ်လား။ ရေဘူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ ဆိုရိုးကြီးကလည်း အရိုးစွဲနေလေတော့ ကြံကြရပြီပေါ့။
တစ်ယောက်က မန္တလေးမှာတော့ သေချာတယ်။ ဒါပေမဲ့ အချိန်လင့်နေပြီ။ ဘယ်နှယ့် လုပ်ကြမလဲတဲ့။ တစ်ယောက်က ကာချုပ်ကြီး သမီးတော်တွေကလည်း မန္တလေး လှမ်းမှာပြီး ရဟတ်ယာဉ်နဲ့ လာပို့ခိုင်းလဲရတာကို ငါတို့ကို သက်သက် ဒုက္ခပေးနေတယ်တဲ့။ တစ်ယောက်ကတော့ ဟေ့ကောင်တွေ လေကြောရှည်မနေနဲ့။ နာရီကြည့်ကြဦး။ မနက်ကျမှ မျက်နှာကို လက်သီးနဲ့ အထိုးခံပြီး ခြေနဲ့လှိမ့်ကန်တာ ခံနေရဦးမယ်တဲ့။ ဒီတော့မှ မန်ကျည်းနဲ့ ထန်းစစ်ဆင်ရေး အတွက် ယာယီတပ်မှူးတွေ စစ်ရေး သုံးသပ်ချက်တွေ လုပ်ပြီး စစ်ဆင်ရေး စီမံချက်ကို ဆွဲကြပါတော့တယ်။
သူတို့စီမံချက်ကတော့ တင်း ၊ ရည်၊ လုပ်၊ အုပ်၊ ဆက်ဆိုတဲ့ သတင်း၊ ရည်မှန်းချက်၊ လုပ်နည်း၊ အုပ်ချုပ်မှု၊ ဆက်သွယ်မှုဆိုတဲ့ အချက်တွေ အားလုံး ပြည့်စုံပါပေတယ်။ တစ်ခုပဲရှိတယ်။ ရန်သူကို တိုက်ဖို့မဟုတ်ဘဲ သမီးတော်တွေရဲ့ လိုလားချက်ကို ဖြည့်ဆည်းပေးရမှာလေ။ မန္တလေးနဲ့ အဆက်အသွယ်ရှိတဲ့ တပ်မှူး တစ်ယောက်က မန္တလေးကို လှမ်းဖုန်းဆက်တယ်။ မန်ကျည်းကိုင်းတွေနဲ့ ထန်းလက်တွေ ရသလောက် ခုတ်ပြီး ကားနဲ့တက်လာခဲ့ပါ။ ဒီကလည်း ကားနဲ့ဆင်းလာပြီး ကားနှစ်စီးဆုံတဲ့ အချိန်မှာ ကားပေါ်ကို ပစ္စည်းတွေ ရွှေ့တင်ပါ့မယ်ပေါ့။ မန္တလေးဘက်က ဒီလို ညကြီးမင်းကြီး ဘယ်သူက ထန်းပင်တက်မှာ လဲပေါ့။ ထန်းညွန့်ပဲဆိုရင် ဘုရားတစ်ဆူဆူက ပန်းဆိုင်က ၀ယ်လို့ရသေးတယ်။ အခုဟာက ထန်းလက်လိုက်ကြီး ယူလာရမှာဆိုတော့ ခက်တယ်ပေါ့။ ဒီဘက်ကလည်း ဘယ်လောက်ကုန်ကုန်ပါ။ ထန်းပင်ပေါက်လေးတွေရှာပြီး ထန်းလက်ကိုင်းလိုက်သာ ခုတ်ပြီး ကားပေါ်တင်ခဲ့ပါပေါ့။
လိုရင်း ဇာတ်ပေါင်းရရင် မန်ကျည်းကိုင်းတွေနဲ့ ထန်းလက်တွေတင်ပြီး မန္တလေးက တက်လာတဲ့ကားနဲ့ လားရှိုးက ဆင်းယူတဲ့ကားက သီပေါမှာ တွေ့ပြီး ပစ္စည်းတွေပြောင်းတင်။ လားရှိုးကို အမြန်ပြန်မောင်း။ လားရှိုးရောက်တော့ အပြစ် အနာအဆာ မပါတဲ့ ပိုးကိုက်ရာ၊ နေလောင်ရာ မပါတဲ့ မန်ကျည်း ကိုးညွန့်နဲ့ ထန်းညွန့် ကိုးညွန့်ကို ရွေးလို့ တိုင်းမှူးကြီး လက်အပ်လိုက်ချိန်မှာ မနက် ၃နာရီထိုးနေပါပြီ။ ထိုင်ရမလို ထရမလို ဖြစ်နေတဲ့ တိုင်းမှူးကြီးလည်း တပည့် တပ်မှူးတွေကို ရှဲရှဲနီပေါ့လေ။ တိုင်းမှူးကြီးခမျာ ၀မ်းသာပီတိဖြစ်ပြီး ညမအိပ်နိုင်တော့ပါဘူး။ အဲဒီ့ ယတြာချေမယ့် အညွန့်တွေကို ငွေဖလားကြီးထဲ ထည့်၊ ဖလားကြီးကို ရင်ဝယ်သားသဖွယ် ကိုင်ပြီး မနက် ၄နာရီလောက် ကတည်းက သမီးတော်တွေ အခန်းဝ သွားစောင့်နေတော့တာပေါ့။ ဒါပေမဲ့ မနက်၆နာရီ ဘုရားသွား ယတြာချေမယ် ပြောထားပေမယ့် မနက် ၅နာရီမှာလည်း အခန်းတံခါးက မဖွင့်။ ၆နာရီမှာလည်း တံခါးက မဖွင့်။ ဘယ်သူမှလည်း အခန်းတံခါး ခေါက်ပြီး မနှိုးရဲ။ နှိုးစက်ပဲ မမည်တာလား။ ရိပ်သာ တာဝန်ကျတွေ ကိုရော မနက်နှိုးဖို့ မပြောထားဘူးလားဆိုပြီး တိုင်းမှူးကြီး ဗျာများနေရပါပြီ။ လိုက်မေးတော့ ဘယ်အခန်းကမှ မနက်နှိုးဖို့မှာ မထားဘူးတဲ့။
မနက် ၇ နာရီလည်း ဘယ်အခန်းတံခါးမှ မပွင့်လာ။ မနက်၈နာရီလည်း တံခါးတွေ ပိတ်ထားဆဲ။ ပွင့်မယ့်ပွင့်တော့ မနက်၉နာရီမှ အခန်းတံခါး ပွင့်လာလို့ ကဗျာကယာ အခန်းဝသွားပြီး သမီးတော် ယတြာချေဖို့ မှာထားတာတွေ လေဆိုပြီး လက်ထဲမှာ တပွေ့ပွေ့ကိုင်ထားရတဲ့ ငွေဖလားကြီးထဲက မန်ကျည်းညွန့်တွေ၊ ထန်းညွန့်တွေပြတော့ သမီးတော်က ဇဝေဇ၀ါနဲ့။ အဲဒါဘာတွေလဲတဲ့။ ညတုန်းက သမီးတော် မှာထားတာတွေလေ။ ယတြာချေဖို့ မန်ကျည်းညွန့်တွေနဲ့ ထန်းညွန့်တွေလေလို့လည်း ပြောရော “အော် ဟုတ်လား။ ညကပြောမိလား။ မချေတော့ပါဘူး” ဆိုပြီး အခန်းထဲ ပြန်ဝင်သွားတော့တယ်။ အဲဒီ့အချိန်မှာ ဖြစ်နေမယ့် တိုင်းမှူးမျက်နှာ ခင်ဗျားတို့ မြင်စေချင်တယ်ဗျာ”လို့ ပြောပြီး စကားကို လက်စသတ် လိုက်ပါတယ်။ နောက်တစ်ပတ်ကျရင် ပြည်တွင်းမှာ သာမက ပြည်ပမှာပါ သမီးတော်တွေ ဘယ်လို မွှေသလဲဆိုတာတွေ ပြောပြဦးမယ်လို့ စကားလက်ဆောင်ပါး သွားလေရဲ့။
လက်စောင်းထက်
Tomorrow Journal