မြနန္ဒာရဲ့ ကြိုးဆွဲဆရာ - ဇာဂနာ
ပို့စ်တင်ချိန်
- 7/10/2014 07:28:00 AM
၂၀၁၅မှာ ဘာဖြစ်မလဲ။ ၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေးကား အဘယ်နည်း။ မေးခွန်းတွေက မြှားလို စူးနစ်သည်။
ကျွန်တော့်မှာ ဖြေစရာ စကားမရှိ။ ဖြေဖို့ခက်နေသည်။ အဖြေကို မသိတာလည်း ဖြစ်၏။ ကျွန်တော့်အာရုံတွေက ၂၀၁၅ ဆီမရောက်။ မန္တလေးသို့သာ ရောက်နေသည်။ အောင်ကျော်လည်း မချမ်းအေးနိုင်ပြီ။ အင်ကြင်းတို့လည်း ကြာအုံနှယ် မပွင့်နိုင်တော့။ ဆရာတင်၏ မြနန္ဒာသီချင်းကို ကြိမ်ကြိမ်ဖန်ဖန် ရွတ်မိနေသည်။
“တကယ် ခေတ်ပြောင်းတော့မယ် အမှန် ဧ၀ကံမှာ တဖန် ရွှေမြနန္ဒာ သမ်းသော မန်းရိပ်ခို” တကယ် ခေတ်ပြောင်းပြီလားတော့ မသိ။ မြနန္ဒာမှာ ဒဏ်ရာတွေနှင့်။ မြနန္ဒာမှာ အမာရွတ်တွေ ထင်ခဲ့ပေါ့။
ကျွန်တော်တို့ တိုင်းပြည်မှာ ဘာသာရေး အကြောင်းပြသည့် ပဋိပက္ခတွေ ဖြစ်ခဲ့တာ နှစ်နှစ် ကျော်ပြီ။ ဆက်တိုက် ဆက်တိုက် ဆိုသလိုပင်။ ဖြစ်တိုင်းလည်း ဘာအရေးမှ မကြီးသည့် ပြဿနာကပင် စနေလေသည်။ လူမှုကွန်ရက်ဟု ခေါ်ဆိုသည့် Facebook ကစသော ပြဿနာချည်း ဖြစ်နေ၏။ ရခိုင် ပြည်နယ် တစ်ခုလုံးကို ဟုန်းဟုန်း တောက်စေခဲ့တာလည်း Facebookက စတာပဲဖြစ်သည်။ Facebookကို အတည်ယူပြီး ပြဿနာတွေကို ကြီးထွားစေခဲ့သူတွေ၏ နောက်ကွယ်မှာ ကြိုးကိုင်သူ ရှိနေသည်ဟု ပြောသာ ပြောနေသော်လည်း ကြိုးဆွဲဆရာကို ယခုထက်တိုင် မတွေ့ရသေးချေ။ အသက်တွေကတော့ သေကုန်ပြီ။
ဒါဆိုရင် မေးချင်သည်။ ၁၉၈၈ခုနှစ်ကနေ ၂၀၁၀ ခုနှစ်ထိ န၀တ၊ နအဖ အုပ်စိုးနေစဉ်က ဘာကြောင့် ဒီပြဿနာတွေ မဖြစ်ခဲ့သနည်း။ လူတွေရှိလျှင် ပြဿနာတွေရှိရမည်။ ယောက်ျားရှိလျှင် မိန်းမရှိရမည်။ မုဒိန်းမှုဆိုတာ ရှိခဲ့သည်။ ရှိနေသည်။ ရှိလေဦးမည်။ ဒါပေမဲ့ န၀တခေတ် တစ်လျှောက်၊ နအဖခေတ် တစ်လျှောက် မုဒိန်းမှုက စတင်သော ခုလိုပဋိပက္ခကြီးတွေ မဖြစ်ခဲ့ချေ။ (ဒီအချက်ကို အရေးအကြီးဆုံး နေရာမှာထားကာ သဘောပေါက်ကြပေးဖို့ လိုပါသည်)
ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပြီးတာနဲ့ ဒီလိုပြဿနာတွေ ဆက်တိုက်ဆက်တိုက် ဖြစ်ခဲ့တာကလည်း ဒုတိယ စဉ်းစားစရာ ဖြစ်လာသည်။ လူအုပ်နှင့် ပတ်သက်သည့် အခြေခံ စိတ္တဗေဒကို နားလည်သူတွေက လူအုပ်ကို ကောင်းကောင်း အသုံးချနိုင်တာ မမေ့ကြစေချင်။ ဟောပြောပွဲတွေ၊ ဇာတ်စင်တွေ၊ ဂီတပွဲတွေ ရှေ့က လူအုပ်ကြီး၏ ပေါက်ကွဲလွယ်မှုကို သတိချပ်ကြဖို့ လိုသည်။ တစ်ဦး တစ်ယောက်တည်း ဆိုလျှင် မလုပ်ဝံ့သော အလုပ်ကို လူအုပ်နှင့်ဆို လုပ်လေ့ရှိကြ၏။ ခြင်ကိုတောင် မသတ်ဝံ့သော အမျိုးသမီး တစ်ယောက်ကား သူမ၏ နုနယ် လှပမှုနှင့်မှ မလိုက်ဖက်အောင် လူအုပ်ရှေ့မှာ ခေါင်းဖြတ် ရဲခဲ့ဖူးပြီ။
တကယ်တော့ ကမ္ဘာမှာ လူအုပ်နဲ့ပတ်သက်သည့် စိတ္တဗေဒ သဘောကို ပုံစံလေးမျိုးနှင့် ဖွင့်ဆိုသည်။
၁။ ဝေလေလေ လူအုပ်ပုံစံ
ဘာရယ်မဟုတ်၊ သူများတွေနဲ့ ရောယောင်ဝင်ပါလိုက်သည့် သဘောပင်။ အများယောင်လို့ ယောင်အမောင် တောင်မှန်း မြောက်မှန်း မသိသူတွေပင်။
၂။ ၀တ်ကျေတန်းကျေ လူအုပ် ပုံစံ
မပါလျှင် မကောင်းဘူးဟုဆိုကာ ၀င်ရောသူတွေပင်။ သူတို့မှာ ဘာခံစားချက် ခံယူချက်ရှိလို့မှ မဟုတ်။ မပါလိုက်လျှင် အပြစ်တင် ခံရမှာစိုးတာနှင့် ၀င်ပါသူတွေ ဖြစ်၏။
၃။ ဖော်ထုတ်ဖွင့်ဟချင်သည့် လူအုပ်ပုံစံ
ဒါကတော့ ရှင်းသည်။ မီဒီယာ ဖိနှိပ်မှုတွေ ရပ်ပေးဖို့၊ လယ်မြေယာမြေ သိမ်းတာတွေ ပြန်ပေးဖို့ စသည့်စသည့် ပြဿနာတွေကို ရင်ဆိုင်နေရသော သဘောထားတူသူချင်း ပေါင်းမိပြီး အများရှေ့မှာ ဖွင့်ပြရဲသူများ ဖြစ်သည်။ သို့သော် ထိုလူအုပ်သည်ပင်လျှင် ဆန့်ကျင်ဖက် တစ်ခုခုနှင့် ရင်ဆိုင်လိုက်ရပါက ပေါက်ကွဲလွယ်၊ သွေးဆူလွယ် တတ်သည်။ ဒီအချက်ကို သိသူတွေက လူအုပ်ထဲသို့ အဖျက်သမား ထည့်ပေးလိုက်လေ့ရှိသည်။ ထို (အဖျက်သမားအုပ်စု)က ဘေးတီးလိုက်သည်နှင့် အဖျက်လုပ်ငန်းတွေ စလုပ်တော့၏။ သို့ဆိုလျှင် လုံခြုံရေး အဖွဲ့များက အခြေအနေကို ထိန်းသိမ်းရန်ဆိုသော အကြောင်းပြချက်ဖြင့် ပစ်တာခတ်တာ၊ ဖမ်းတာဆီးတာ၊ အမိန့်ထုတ်တာ၊ ကန့်သတ်တာ အားလုံးလုပ်လို့ ရလေပြီ။ ကျွန်တော်တို့ နိုင်ငံမှာ ၁၉၇၄၊ ၁၉၇၅၊ ဦးသန့်၊ အလုပ်သမား အရေးအခင်းတွေကို ပြန်ကြည့်ပါ။ တော်ဝင်နှင့် ယုဇန ရုပ်ရှင်ရုံနှစ်ရုံ ပြာကျခဲ့ဖူးပြီ။ သည့်နောက် ပစ်တော့ခတ်တော့တာပဲ ဖြစ်၏။ ၁၉၈၈ ခုနှစ်တုန်းကရော ကုန်သွယ်ရေးရုံး လူအုပ်ဝိုင်းခဲ့တာ မမေ့သင့်။ ပြီးတော့ တပ်က အာဏာသိမ်းပါလေတော့သည်။
၎။ သရုပ်ဆောင်ကောင်းသည့် လူအုပ်ပုံစံ
သူတို့ဘာမှမဖြစ်။ နောက်လူတွေပါလာအောင် သွေးဆောင်သူများ ဖြစ်သည်။ လူလိမ်တွေလည်း ဖြစ်သည်။ ဒီလိုလူမျိုး ၁၀၀လောက်က စလိုက်သည်နှင့် လူအုပ်ကြီး ပင်လယ်ဝေသွားတတ်သည်။ ၁၉၈၈ခုနှစ်က ရေကန်ကို အဆိပ်ခတ်တယ်ဆိုပြီး အမူအရာတွေ ကောင်းခဲ့တာကြောင့် လူအုပ် ကြီး သွေးဆူခဲ့ဖူးပြီ။ ခုလည်း ရတနာပုံ ရွှေမြို့တော်မှာ အဲသလို အမူပိုသော ပလီတတ်သောသူတွေ ရှေ့ကထွက်လာပြီးမှ လူအုပ်က ရောပါလာတာကို သတိပြုစေချင်သည်။
ဒီတော့ ဒီလို လူအုပ်ပုံစံတွေ၏ စိတ္တဗေဒသဘောကို သိနေသူတွေက လူထုကို မကောင်းသည့် ဘက်က အသုံးချကြသည်။ သတ္တုချလျှင် နစ်နာရသူတွေကား ပြည်သူတွေသာ ဖြစ်သည်။ လှည့်စားခံရပြီး ဘ၀ပျက်တာလည်း ပြည်သူတွေပဲဖြစ်၏။ ပြဿနာ ဖန်တီးသူတွေကတော့ အမြတ်ထုတ်မှာပဲ ဖြစ်၏။
လူယုံသတ်လို့ သေသည်ဆိုသော မြန်မာစကားကို မမေ့သင့်ပါ။ Facebook ပေါ်ကနေ လူတွေ ယုံကြည်လောက်အောင် ဟိတ်ဟန်ကောင်းသော သတင်းစာမျက်နှာ ဖန်တီးတာ လွယ်ပါတယ်။ ထို့အတူ ထိုသတင်း စာမျက်နှာကနေ ပြည်သူတွေ သွေးစိမ်းရှင်ရှင် ပန်းလို့သေအောင် ယုတ်ညံ့တာမျိုးကို သတိပြုကြစေချင်သည်။ သင်ခန်းစာ ယူကြစေချင်သည်။ စိတ်မကောင်းပါဘူးဆိုသော စကားတစ်ခွန်းထဲ အတွက် မလုံမခြုံ ကျီးလန့်စာ စားနေလိုက်ကြရသော ပြည်သူတို့ဘ၀ ပေးလိုက်ရတာ တန်ပါရဲ့လား။
ထို့ထက်ပိုပြီး တိုးလာနိုင်သော အခြေအနေတွေကို တင်ကြို သတိပေးချင်ပါတယ်။ နိုင်ငံရေးသမားများလည်း သတိပြုပေးစေလိုပါသည်။ ပြည်သူတွေလည်း သတိထားစေချင်ပါသည်။ ဒါတွေသည် ကြုံနေကြပဲလေဆိုပြီး ပေါ့ပေါ့ မထားစေလိုပါ။
၁။ မီဒီယာ အားကောင်းလာမှုကို အသုံးချကာ လူတွေ လွယ်လွယ်ယုံစေနိုင်လောက်သည့် ပြဿနာများကို မွှေးတတ်ပါသည်။
၂။ ကိုးကွယ်ရာ ဘာသာရေးကို (အထူးသဖြင့် ဗုဒ္ဓဘာသာ)ကို အခြေခံပြီး ပြဿနာပေါ်အောင် လုပ်တတ်သည်။
၃။ စာသင်ကျောင်းများကို အခြေခံပြီး ပြဿနာပေါ်အောင် လုပ်တတ်ပါသည်။
၎။ အရပ်ဖက် အဖွဲ့အစည်းများကို အခြေခံပြီး ပြဿနာပေါ်အောင် လုပ်တတ်ပါသည်။
၅။ အစိုးရ၏ အားနည်းသော အင်စတီကျူးရှင်းများကို အသုံးချကာ ပြဿနာမွှေးတတ်ပါသည်။
သို့ဆိုလျှင် ကျွန်တော်တို့ သတိချပ်စရာတွေ များနေတာကို ဂရုပြုမိမည်ထင်ပါသည်။ ရွေးကောက်ပွဲ နီးလာလျှင်ဖြစ်စေ၊ ဓားစာခံလုပ်စရာကိစ္စ ပေါ်လာလျှင်ဖြစ်စေ ပြည်သူကို အသုံးချတာတွေ၊ မျက်စေ့ လျင်လျင်ထားဖို့ လိုပါပြီ။ ကျွန်တော်တို့ တိုင်းပြည် အေးငြိမ်းစေချင်သည်။ မတည်မငြိမ်ဖြစ်အောင် ဖန်တီးနေသူတွေကိုလည်း မေတ္တာရပ်ခံပါသည်။ ကိုယ်မွှေးတဲ့မီး ကိုယ့်ကိုပြန်လောင်တော့မှ ဘုရားတလို့ မရနိုင်ပါ။ ခင်ဗျားတို့လက်ကို မြင်ပါတယ်ဗျာဟု ပြောလိုက်ပါရစေ။
ဇာဂနာ
http://www.tomorrow.com.mm/