ကျွဲသေက ပေးသော သင်ခန်းစာ
ပို့စ်တင်ချိန်
- 6/28/2014 11:34:00 AM
ဖိုးတေလှေကလေးကို အိမ်အပြန် ဖြစ်ပေမယ့် ရေဆန်ကို ခပ်မှန်မှန်လှော်သည်။ နေ၀င်တော့မည်၊ မကြာခင် မှောင်လာ တော့မယ့် အရိပ်အရောင်ကို ဖိုးတေကမှုဟန်မရှိ၊ လှော်တက်ကို မသယ်ချင်သလို လေးလေး တွဲတွဲပဲ ခတ်လာ၏။
ဈေးကအပြန် သူ့လှေစထွက်ကတည်းက ဖိုးတေ စိတ်ဓာတ်ကျ လာ၏။ ကိုင်းပေါ်ချိန် ဖိုးတေစိုက်ပျိုးပြုစုခဲ့ တဲ့ ခရမ်းခေါင်သီးတွေ တစ်လှေကြီးရောင်းခဲ့ရလို့မှ အငယ်ကလေး နို့မျက်လို့တိုက်ဖို့ နို့မှုန့်ဘူးဝယ်ဖို့ ပိုထွက်မလာဘူး။ မိုးမကျ ခင် တဲလည်း ဓနိမိုးရအုံးမယ်။
ဒီတစ်ခေါက်လည်း ဖောက်သည်ဒေါ်တူးမ ဈေး မကောင်းလို့ဆိုပြီး ဈေးလျော့လိုက်ပြန်ပြီ။ဖိုးတေ သူ့ကိုင်းထွက် ခရမ်းခေါင်သီးတွေကို ဖောက်သည်ဒေါ်တူးမဆီ အကြိမ် ပေါင်းများစွာ နှစ်စဉ်ရောင်းချရသည်။
ဒေါ်တူးမကတော့ ဖိုးတေတို့ရွာက ခရမ်း ခေါင်သီးစိုက်တဲ့ သူတွေရဲ့ ထွက်သမျှဝယ် လိုတာ၊ ဈေးကတော့ ဒေါ်တူးမပါးစပ်ထဲရှိတဲ့ ဈေးပဲ ဈေးကျလို့၊ဖောက်သည်တွေ မလားသေးလို့ အမျိုးမျိုးပြောပြီး အမြဲဈေး နှိမ်နေတယ်။ ဖိုးတေ ခရမ်းခေါင်သီးလှေ ဆိုက်တယ်ဆိုရင်ပဲ တခြားရောင်းချပြီး ပြန်လာတဲ့ ခရမ်းခေါင်သီးသည်တွေက “သူပေး သမျှ ရောင်းသာရောင်းကိုယ့်လူ မဟုတ် အပုတ်ခံရမှာမို့လား” တိုးတိုးသတိပေး တတ်တယ်။
လည်စင်းခံဖို့ သေဖော်ညှိသလိုပါပဲ။ ကျုပ်တို့ရောင်းတဲ့ ခရမ်းခေါင်သီး တွေကို ဖောက်သည်ပြန်ပေးတော့ ကျုပ်တို့ပေးတဲ့ဈေးထက် ထက်ဝက်ပိုပေးတာ။ပါး စပ်စိုက်ပြီး ဖောက်သည်တွေဆီက ငွေယူပြီးကျုပ်တို့ကို ပြန်ပေးတာ။ တစ်ခါတလေ ဈေးဦးမပေါက်သေးလို့ဆိုပြီး ဆွမ်းခံချိန်အထိစောင့်ရတယ်။
ဖိုးတေ ကိုင်းတစ်ရာသီ ခရမ်းစိုက်နိုင်ဖို့ ငွေတိုးယူရတယ်။ မြေနေရာချပေးတဲ့ အဖွဲ့ကို နေရာကောင်းရဖို့ ငွေပေးရတယ်။ ခရမ်းခေါင် သီးစိုက်ပြီးထဲက ဖိုးတေရော၊ ဖိုးတေ မိန်းမပါ ရေထမ်းလောင်းရတာ၊ ဖက်ဖက် မောနေတာပဲ။ အသီးကြီးဖို့ မြေသြဇာကျွေးရတယ်။
ဆေးဖြန်းရ၊ ပေါင်းသင်ရ နားရ တယ်မရှိဘူး။ ခရမ်းသီးပေါ်ပြန်တော့ လည်း ဖောက်သည်ဒေါ်တူးမဆီရောင်းတာ ဈေးကောင်းမရ။ ဖိုးတေတို့လို ကိုင်းစိုက် စားသူတွေကတော့ ဆင်းရဲတွင်းနက်နေဦး မှာပဲ။ တစ်လောကတော့ ရွာကို မြို့ကလူကြီးတွေ ရောက်လာတယ်။
ဆင်းရဲမှုပပျောက် ရေးလို့ ပြောတာပဲ။ ဖိုးတေတို့ ဘ၀တွေ ကတော့ သေမှပဲ ဆင်းရဲမှုပျောက်မယ်။ ငွေချေးလည်း အကြွေးနစ် သထက်နစ်မယ်။ ဖိုးတေတော့ မျှော်တာက နေစရာတွေ ဆောက်ပေးမယ်၊ ကလေးတွေ ပညာရေး၊ မိသားစု ကျန်းမာရေး တာဝန်ယူ ပံ့ပိုးပေးရင်ပဲ အဆင်ပြေလှပါပြီ။
ပါးစပ်လှုပ်ဖို့အတွက် လက် လှုပ်ရမှာပဲ။ဖိုးတေတို့ ကိုင်းတစ်ရာသီ ပင်ပန်း ခဲ့သမျှ ဖောက်သည်ဒေါ်တူးမကနာရီပိုင်း နှင့်ကျုပ်တို့နဲ့ တန်းတူရတယ်။
ဒေါ်တူးမ လည်ပင်းက ဆွဲကြိုးကြီးက တဖြည်းဖြည်း ကြီးလာတယ်။ ရွှေလက်ကောက်တွေက တတောင်ဆစ်ရောက်နေပြီ။ ဖိုးတေတို့ ကိုင်းစိုက်သမားတွေက ငွေးတိုးချေး ပြန်ဆပ် လိုက်၊ ပြန်ယူလိုက်နဲ့ လုံးချာလည်နေတာ ပဲ၊ ဒီကြားထဲ ဖိုးတေမိန်းမကလည်း တစ်ယောက်ပြီးတစ်ယောက်မွေးနေတော့ အခု အငယ်တစ်ကောင် နို့မျက်ချဲ့နေတယ်။ ခရမ်းစိုက်ပြီး ခရမ်းသီးရောင်းရတဲ့ ခရမ်းသီးသည်ရဲ့ မိန်းမဘ၀ကလည်း မဆန်းပါဘူး၊ ကလေးငယ်မို့လို့၊ ကိုယ်ဝန်ဆောင် မို့လို့ နားမနေရပါဘူး။
အိမ်မှုကိစ္စအပြင် နောက်နေ့ခရမ်းသီးရောင်းဖို့ ခရမ်းသီးခူးရ၊ကလေးတွေအတွက်ဝေယျာဝစ္စလုပ်ရ၊ တစ်ခါတလေဆန်အိုးထဲ လက်သီးဆုပ်မြုတ် အောင် ဆန်မရှိလို့ ချေးရ၊ ငှားရနဲ့ ဂျင်ဂျင်လည်နေပြီ။
ဖောက်သည်ဒေါ်တူးမလို ရွှေ ဆွဲကြိုး၊ ရွှေလက်ကောက်ဝတ်ချင်မှာပဲ၊ သူလည်း မိန်းမပဲလေ ၀တ်ချင်စားချင်မှာပေါ့။ကိုင်းတစ်ရာသီ မြတ်ရင် လက်စွပ်ကလေး၊ လက်ကောက်ကလေးလုပ်ပေးမယ်လို့ ဖိုး တေစိတ်ကူးခဲ့ပေမယ့် အိပ်မက်သာဖြစ်ခဲ့ တယ်။
မကျန်းမာလို့ ဆေးကုစရိတ်၊ ကလေးတွေ ကျောင်းစရိတ်၊ မိသားစု စားစရိတ်နဲ့ ချာချာလည်နေခဲ့ရတယ်။ ဒီတစ်ခါတော့ မြို့က သားဖွားဆရာမလာလို့ ဖိုးတေမိန်းမကို သားဆက်ခြားလုပ်ပေးမယ်လို့ သိရ တော့ ဖိုးတေ၀မ်းသာသွားမိတယ်။ သား သမီးဟာ ရတနာဆိုပေမယ့် ဖိုးတေတို့လို ဆင်းရဲသားအဖို့တော့ ရတာနာတာပါပဲ။
အေးလေ အကျိုးပေးမကောင်းခဲ့တာကို၊ အခုတော့ ဖိုးတေတို့ဘ၀ နှစ်ဆသုံးဆ တိုး စိုက်ရဦးမှာပေါ့။ဖိုးတေ ရေဆန်ကို လှေလှော်ရင်း ဘ၀ပုံရိပ်တွေ စဉ်းစားနေ၏။ နေ၀င်တော့မည် ဖြစ်၍ ငှက်များ အိပ်တန်းပြန်နေတာ မြင်ရမှမှောင်စပြုလာပြီ။ ဖိုးတေ လှေကလေးကို ကမ်းစပ်ကပ်လှော်ခတ်လာ၏။ တိတ်ဆိတ်နေတဲ့ နေ၀င်ရီတရော ဖိုးတေလှေကလေး လှော်ခတ်လာတုန်း မျက်နှာချင်း ဆိုင်က စက်လှေတစ်စင်း ခုတ်မောင်းလာသံကြားရ၍ ဖိုးတေရုတ်တရက် ကမ်းစပ်ကပ်လိုက်ပြီးသစ်ပင်ကြီးအောက်တိုးဝင်လိုက်ကာ လှော် တက်ဖြင့် လှေကို ထိန်းထားလိုက်၏။
စက်လှေက ဖြည်းဖြည်းမောင်းလာပြီး ဖိုးတေလှေနှင့် မနီးမဝေးတွင် စက်လှေပေါ်က လူသုံး ဦးက ကျွဲလိုလို၊ နွားလိုလိုတစ်ကောင်ကို ရေထဲပစ်ချလိုက်ပြီး စက်လှေကို ပြန်ကွေ့ ကာ အရှိန်ပြင်းပြင်းနဲ့ မောင်းသွားတော့ ချောင်းရေပြင်ဟာ လှိုင်းဂရက်တွေ ထပြီး ကျန်ခဲ့၏။ လှိုင်းဒဏ်ကို သက်သာအောင် ဖိုးတေလှေကို တက်မနှင့် ထိန်းထား၍ စက်လှေက တိုက်ခွဲသွားတဲ့ ဒိုက်တစ်ဖုတ်က သူ့လှေဦးကို လာတိုက်တော့ လှေ ကသောင်း ကနင်းဖြစ်သွားတော့ ဖိုးတေ မနည်းထိန်းယူလိုက်ရတယ်။
ဖိုးတေ အိမ်ကို ရောက်ချင် သော်လည်း စက်လှေပေါ်ကပစ်ချလိုက်တဲ့အသေကောင်ကို စိတ်ဝင်စားနေ၍ လှေကိုတဖြည်းဖြည်းကပ်သွားပြီး “ဟာ ကျွဲပေါက် အသေတစ်ကောင်ပါလား”” ဖိုးတေအသံ ထွက်လာ၏။ ခုနက စက်လှေက လူမသိ အောင် ပစ်ချသွားသလား မသိဘူး။
ကမူးရူးတိုးလှည့်ပြန်သွားတော့ လူသိမှာစိုးလို့ ထင်တယ် ဖိုးတေရင်တွင်းက စကားဖြစ်သည်။ စက်လှေသံလည်း ဝေးသွားပြီး၊ လူရိပ် လူရောင်မတွေ့ရ၊ ကမ်းစပ်ခြုံပုတ်ဘေးက ညငှက်တွေလန့်လန့်ထပျံကြသည်။ဒီလို အလန့်တကြား ပျံတဲ့အခါ ဂီဂစ်နဲ့လည်း အသံဆိုးကြီး တွေနဲ့အော်သေးတယ်။ ခေါင်းပေါ်နားဖြတ်ပြီး အတောင်တဖြတ်ဖြတ်ရိုက်သွားကြသေးတယ်။
ကမ်းစပ်မှာရှိတဲ့ ပုစဉ်းရင်ကွဲတို့၊ ပုရစ်တို့က မြည်ကြအော်ကြပါလေရော။ ပုစဉ်းရင်ကွဲအသံက ဖိုးတေအဖို့ စိတ်ဆင်းရဲစရာကောင်းလှ၏။ ဖိုးတေအခြေအနေကို စောင့်ကြည့် ရင်း ထူးခြားမှုမရှိတော့ ရေနှင့် မျှောပါသွားတဲ့ ကျွဲသေတစ်ကောင်နောက်မီအောင် အားစိုက်ပြီး သူ့လှေကလေးလှော်လိုက်၏။
ကျွဲသေပေါက်နားရောက်တော့ လှေကလေးကို လှော်တက်ဖြင့် ထိန်းကာ ကျွဲပေါက်ခြေ ထောက်ကို လှေပေါ်မှအသင့်ပါလာသော လှေထိန်းကြိုးဖြင့် ချည်လိုက်ပြီး ကမ်းစပ်အနီး ညောင်ခြေထောက်ပင်ကြီးဆီသို့ လှော်ခဲ့၏။
ကမ်းစပ်ရောက်တော့ လှေကို ညောင်ခြေထောက်ပင်ကြီး၏ အမြစ်တွေကြား ခေါင်းစိုက်ကပ်ထားလိုပြီး လှေပေါ်မှ ဆင်းလိုက်၏။
ကျွဲပေါက်ခြေထောက်နှစ်ချောင်းကို ဆွဲတင်ကာ ကမ်းပေါ်သို့ ဆွဲတင်လိုက်၏။ ဖိုးတေပင်ပန်းလွန်း၍ ကမ်းစပ်တွင် ထိုင်လိုက်၏။
ကျွဲသေပေါက်ကြည့်ရင်း မျှော်လင့်ချက်ရောင်ခြည်တွေ တစ်သီတစ်တန်း ကြီးဝင်လာ၏။“အင်းဒီကျွဲပေါက်ကလေးကို ဖျက်ပြီး အသားရောင်းလိုက်ရရင်တော့ ခရမ်း ခေါင်သီးရှုံးတာလည်း ကျေမယ်။ တဲလေး လည်း ဓနိမိုးနိုင်မယ်၊ အကြီးကောင် ကျောင်းထုတ်ပြီး ခရမ်းစိုက်ခင်းကိုရေလောင်းခိုင်းဖို့ စိတ်ကူးနေတာ အခုတော့ ဒီကောင်ကျောင်းဆက်တက်နိုင်ပြီ။ မိန်းမအတွက် ပါတိတ် ၀မ်းဆက်ဝယ်ပေးနိုင်အုံးမယ်။
အတွေးတွေနဲ့ ဖိုးတေပျော်နေ၏။ သေလုအောင် ပင်ပန်းခံပြီး ရှာထားရတာမို့ သုံးခါနီးတော့ နှမြောတွန့်ဆုတ်ဆုတ်နဲ့ သုံးရတာမျိုး မဟုတ်တော့ ဒီတစ်ခါတော့ ပထမဦးဆုံးအဖြစ် ပျော်ပျော်ရွှင်ရွှင် ရက်ရက်ရောရော သုံးရ တော့မယ်။ ဒီကျွဲပေါက်ကလေးရဖို့က ဖိုး တေပင်ပန်းကြီးစွာ မလုပ်ရ။ အိမ်အပြန် ရေဆန်ကို လှော်ပြန်ရတာပဲ ရှိတယ်။
ဒါလည်းဖိုးတေအဖို့ သမားရိုးကျအလုပ်ပါပဲ။ ချက်ချင်း သွက်လပ်စွာထလိုက်ပြီးလှေပေါ်တွင် အသင့်ဆောင်ထားသော ဓားချွန်ဖြင့် ကျွဲပေါက်ကလေးကို ဖျက်လိုက်တယ်။ ဒီပညာကိုတော့ သင်စရာမလို။ လူပျိုပေါက်ကတည်းက တတ်သည်။ ဖိုးတေတို့အိမ်နီးချင်း ကိုပေစိက ကျွဲခြံက ကျွဲမကြာခဏသေတော့ အမဲဖျက်ဖူးသည်။
လက်ခစား အသားရသည်။ ကျွဲပေါက်ကလေး၏ကျွဲသားရည်ကို ခွာလိုက်၏။ ဦးခေါင်းပိုင်းပချိတ်အောက်ရောင်နေတာတွေ့ရသည်။ အသားညိုမဲနေ၏။ စက်လှေသမားအဖွဲ့ကျွဲပေါက်ကို ဒီနေရာ ရိုက်သတ်တာဖြစ်မယ်။ ဒဏ်ရာက လည်ပင်းစပ်အထိ ရောင် နေတာပါလား။
ဧကန္တစောစောက စက်လှေကလူတွေကျွဲပေါက်ကလေး သူတို့စိုက်ထားတဲ့ ကိုင်းခင်းထဲ ၀င်စားလို့ ၀ိုင်းရိုက်လိုက်ကြတာတူ တယ်။ ပိုင်ရှင်သိမှာစိုးလို့ ကိစ္စပြတ် စက်လှေပေါ်တင်ပြီး ဝေးတဲ့နေရာ ချောင်းထဲလာမျှောတာနဲ့ တူတယ်။ အေးလေ ဘာပဲဖြစ်ဖြစ် ဖိုးတေအဖို့တော့ မုတ်ဆိတ်ပျားစွဲတာပဲ။
ဖိုးတေ အတွေးနှင့် ပျော်နေ၏။ ဦး ခေါင်းနှင့် ခြေဆစ်လက်ဆစ်တွေ ဖြတ်ပြီး ကျွဲပေါက်ကလေးအသားတွေကို လက်ဆမှန်းပြီး တစ်ပိဿာတွဲ သာသာထိုး နွယ်ကြိုးတွေနှင့် တွဲလိုက်၏။ ကျွဲသားတွဲ နှစ်ဆယ်တွဲလောက်ရသည်။
ခြေထောက်၊ ခေါင်း၊ ကလီစာတချို့နှင့် ကျွဲသားရည်ပါမကျန် ချောင်းရိုးအတိုင်း မျှောလိုက်၏။ ကျွဲသား တွေကို ခရမ်းသီးထည့်လာသော၊ ဆာလာ အိတ်နဲ့ထည့်လိုက်ပြီး လှေပေါ်တင်လိုက် သည်။ ဖိုးတွေတစ်ကိုယ်လုံး ချွေးတွေ၊ သွေးတွေ ပေကျံနေတာတွေကို ချောင်းရေနှင့် တ၀ကြီးချိုးလိုက်၏။
ဖိုးတေ သူ့လှေ ကလေးကို ကမ်းစပ်မှခွာကာ ချောင်းလယ် သို့ လှော်ခတ်ခဲ့၏။ လှေဝမ်းထဲက ကျွဲသားတွေကို တ၀ကြီးကြည့်ပြီးတစ်ခါမှ ထွက်မလာဘူးတဲ့ ခွန်အားတွေနဲ့ လှေကလေးကိုအိမ် အရောက်လှော်သွားခဲ့၏။
ဖိုးတေ မိန်းမနှင့်ကလေးတွေတောင် အိပ်ပျော်နေကြပြီ။ဖိုးတေလည်း ပင်ပန်းတာနှင့် ကွပ်ပျစ်ပေါ်တွင် တရေးအိပ်ခဲ့၏။ နံနက် ရွာဦးကျောင်းက တုံးခေါက်သံကြားတော့ အိပ်ရာထပြီး သူ့မိန်းမခူးထားသော ခရမ်းခေါင်သီးအိတ်တွေ လှေပေါ်ထမ်းတင်ပြီး ထွက်ခဲ့၏။
ဒီအဖြစ်သနစ်ကို ဖိုးတေမိန်းမ ဘာမျှမသိ။ ကျွဲသေသားကို လှေပေါ်တင်ပြီး ချောင်း ကမ်းတစ်လျှောက် ဟိုတစ်စုဒီတစ်စု တဲ တိုက်တွေကို ဘကြီးခြံက ကျွဲပေါက်ကလေးမြေကိုက်လို့သေတယ်ဆိုပြီး မုသားပြော ကာ ရောင်းချသွား၏။ ဈေးမှာဝယ်စားရင် ကျွဲသားတစ်ပိဿာ သုံးထောင်လောက်ပေးရတယ်။
အခုတစ်ပိဿာ နှစ်ထောင်နဲ့ရောင်းတာ ဈေးကလည်းချို၊ အသားကလည်း သာသာထိုးဆိုတော့ ငါတစ်တွဲ၊ သူတစ်တွဲ နှင့် ပြိုက်ကနဲ ကုန်သွား၏။ ဖိုးတေတော့ ငွေလေးသောင်းလောက် မျက်မျက်ကလေး ရလိုက်ပြီ။ဒီတစ်ခေါက် ဖိုးတေခရမ်းသီးတွေ ဖောက်သည်ဒေါ်တူးမဆီအရောက် လှော် ခတ်ပို့ခဲ့သည်။ ဈေးတောင်မမေး၊ ဒေါ်တူးမပေးသမျှ ဈေးနဲ့ ရောင့်ရဲတင်းတိမ်းမိခဲ့၏။
ပြီးတော့ သူ့ခြေထောက်တွေ ဈေးထဲကို အလိုလိုရောက်သွား၏။ တဲမိုးရန်အတွက် ဓနိ၊ မိုးရာသီတွင် အသုံးပြုရန် ပလပ်စတစ် ၊ကျောင်းသားတွေဖို့အ၀တ်အစား၊ နို့မျက် ချဲ့ကလေးအတွက် နို့မှုန့်ဘူးနှစ်ဘူး၊ မိန်းမ ဖို့ ပါတိတ်ဝမ်းဆက်နှင့် သူ့အတွက်တော့ ဈေးပေါတဲ့ ဂျာစီစွပ်ကျယ်၊ လုံချည်ကြမ်း တစ်ထည်နှင့် ဆန်၊ ဆီ၊ ဆား ၀ယ်လိုက်၏။
လှေဆိပ်ကနေအပြန် ဒီတစ်ခေါက် ရေဆန်မှာ လှေလှော်ရတာ မြန်တယ်ထင်နေတယ်။အပြန်လမ်းမှာဖြင့် မိန်းမနှင့် သူ့သားလေး တွေအတွက် ၀ယ်လာတဲ့ပစ္စည်းတွေ ပေး လိုက်ရင် ဘယ်လောက်တောင် ပျော်မှန်း မသိတွေး၍ ပီတိတွေ လျှံနေ၏။ ဒီတစ် ခေါက် ဖိုးတေ ခါတိုင်းထက်စော၍ ရောက်သွား၏။ ဖိုးတေတို့ မိသားစု မိုးမမြင်၊ လေမမြင် ပျော်နေကြ၏။
နောက်တစ်ပတ်ဆယ်ရက်လောက် ရှိတော့ ကမ်းစပ်က ဖိုးတေ ကျွဲသားရောင်း ချခဲ့တဲ့ တဲတချို့ ကျွဲနွားတွေ တစ်ကောင်စနှစ်ကောင်စ သေကုန်ကြ၏။ နောက်တဲတိုင်းမှာ ကျွဲလေးငါးကောင် ဆက်တိုက်သေသွား၏။ ကျေးရွာလူကြီးနှင့် ရွာမိရွာဖတွေ အလုပ်ရှုပ်ကုန်ကြပြီ။
သက်ဆိုင်ရာ သတင်းပို့တော့ တိရစ္ဆာန် ဆေးကုဆရာဝန်မောင်တင်ထွေးရောက်လာတော့ သေတဲ့ကျွဲတွေစစ်ဆေးကြည့်၊ အကျိုး အကြောင်း ဆက်စပ်မေးတော့ “ကျွဲနွားလည်ချောင်းကွဲရောဂါ”တဲ့ ကာကွယ်ဆေးမထိုးရင် ကျန်တဲ့ကျွဲနွားတွေ ဆက်ကူးမယ်တဲ့။
ရောဂါဇစ်မြစ် ဘယ်လိုဖြစ်သလဲ စုံ စမ်းလိုက်တော့ လွန်ခဲ့တဲ့ တစ်ပတ်ဆယ် ရက်လောက်က ပိုးထိလို့သေတဲ့ ကျွဲ ဖိုးတေရောင်းချကြောင်း သိလိုက်ရ၍ ရွာကလူကြီးတွေ ဖိုးတေကို စစ်ဆေးကြသည်။ ဖိုးတေမနေသာခရမ်းသီးရောင်းကအပြန် စက်လှေပေါ်က ပစ်ချတဲ့ ကျွဲ ဖျက်ရောင်းချကြောင်းသိရသည်။
အမှန်မှာ စည်းကမ်းမဲ့သော ကျေးရွာများမှ ရောဂါနှင့် သေတဲ့ကျွဲကို မြေမမြုပ်ချင်လို့ လူအလစ်မှာ စက်လှေနဲ့တင် ချောင်းထဲ မျှောချတာဖြစ်၏။ ရေစုန်တစ်လျှောက်ကျေးရွာတွေ ခံကြပေးအုံးတော့။ ရောဂါ အကြောင်း ဘာမှ ရေရေရာရာ မသိသော ဖိုးတေ အချောင်ရပြီးဆိုပြီး ကျွဲသေကို ဖျက်ပြီး ရောင်းချခြင်းဖြစ်ကြောင်း၊ ဖိုးတေ အတ္တ၊ ဖိုးတေ လောဘ၊ ဖိုးတေ၏ မိုက်မဲ မှုကြောင့် အခုတော့ ကျွဲလေးငါးခြောက် ကောင် ဆုံးရှုံးသွား၏။
ဖိုးတေ မိုးမမြင် လေမမြင် မပျော်နိုင်တော့။ အခုတော့ သူ အမှားကြောင့် စိတ်ဓာတ်အကြီးအကျယ် ကျနေတော့၏။ကျေးရွာလူကြီးနှင့် တိုင်ပင်ကာ ကျွဲ နွားလည်ချောင်းကွဲရောဂါအကြောင်း ရွာ သားများ သိရှိရန် ဟောပြောဖို့ တာဝန်ရှိ လာ၏။ သို့အတွက်ကြောင့် ဆရာ မောင်တင်ထွေး ကျွဲနွား လည်ချောင်းကွဲရောဂါ အကြောင်းရှင်းပြ၏။
“လည်ချောင်းကွဲရောဂါဟာ ရောဂါ စဖြစ်ပြီး (၂-၈) ရက်ခန့်အကြာမှာ အဖျား ကြီးမယ်၊ အစာပျက်မယ်၊ နှာခေါင်းမှ နှာ ရည်ကျမယ်၊ လည်ပင်း၊ ပါးချိတ်၊ မေး အောက်ပိုင်းတွေ ရောင်နေတာတွေ့ရမယ်။ ဒီအချိန်မှာ အသက်ရှုကြပ်ပြီး အသံမြည်ပါမယ်။ မျက်လုံးရောင်ပြီး မျက်ရည်များ ကျနေပါမည်။ လမ်းလျှောက်ရာတွင် ခြေထောက်များ တောင့်၍ ယိုင်နေမည်။ ရောဂါစတင် ၀င်ရောက်ပြီး (၃-၈) ရက်မှာ သေဆုံးနိုင် ပါတယ်။
နွားထက် ကျွဲက ဒီရောဂါ ပိုဖြစ်နိုင်ပါတယ်၊ သေတဲ့ တိရစ္ဆာန်ကို တွင်းနက်နက်တူးပြီး မြေမြုပ်ပစ်ရမယ်။ ဒါမှကျန်တဲ့နွားတွေ ကူးစက်မှု ကင်းမယ်။မသိလို့ဘဲ ဖြစ်စေ၊ မြေကျင်းတူးရမှာစိုးလို့ ချောင်းထဲ မြစ်ထဲ မျှောလိုက်ရင်တော့ တောက်လျှောက်ကူးစက်မှာ ဖြစ်ပါတယ်” ရောဂါအကြောင်းဆရာမောင်တင်ထွေး ရှင်းပြလိုက်၍ ရွာသားတွေကတော့ “တောက် လုပ်ရက်လိုက်တာ ဖိုးတေရယ် မင့်ကလေး နို့မှုန့်လေးဝယ်ဖို့နဲ့ မင်းမိန်းမ ပါတိတ်ဝယ်ဖို့ ဒီလိုလုပ်ရသလား၊ ငါတို့ ကျွဲတွေ သေကုန်ပြီ” တောက်တခေါက်ခေါက် ဖြစ်နေကြ၍ “ဒီကောင်ကိုရောဂါဖြစ်တဲ့ ကျွဲဖျက်ရောင်းချမှုနဲ့ ရဲစခန်းတိုင်ရမယ်”ပြောတဲ့ သူကပြောနှင့် ဖိုးတေ မျက်နှာငယ်နှင့် “ကျုပ်တောင်းပန်ပါတယ်ဗျာ”လို့ပဲ အထပ်ထပ်ပြောနေ၏။
ထိုအခါ ရွာလူကြီးက “ကျုပ်တောင်းပန်ပါတယ်ဗျာ။ ဖိုးတေလည်း နားမလည်လို့ကူးစက်ရောဂါမှန်းမသိလို့ ကျွဲပေါက်ကလေးကို ဖျက်ရောင်းမိခဲ့ပြီ။ တစ်ရွာထဲနေတရေထဲသောက်တွေပဲ ထင်းခွေမကြုံရင် ရေခပ်ကြုံတာပဲ အမျိုးတွေလည်း မကင်းကြပါဘူး။ ရဲစခန်းတော့မတိုင်ကြပါနဲ့၊ နောင်မလုပ်ဖို့ ၀န်ခံကတိလုပ်ပြီး ရွာလယ်လမ်း ပြင်ဖို့နဲ့ ဘုန်းကြီးကျောင်းဝိုင်း အမှိုက်ရှင်း ဖို့ တာဝန်ပေး
လိုက်ပါ့မယ်” ဖိုးတေလည်း တရှုတ်ရှုတ်ငိုရင်း “ကျွန်တော်မှားသွားပါ တယ်ဗျာ၊ ရွာလူကြီးပေးတဲ့ တာဝန်လည်း တာဝန်ကျေအောင် လုပ်ဆောင်ပါမယ်”ဟု ကတိပေးလိုက်သည်။
“ဒါကြောင့် ပြောတာဗျာ့ မရှိတာထက် မသိတာခက်တယ်ဆိုတာ၊ အခုကျွဲ သေက ကိုဖိုးတေကို သင်ခန်းစာပေးလိုက်ပြီ၊ ကျန်တဲ့ကျေးရွာ သားတွေလည်း သိကုန်ကြပြီ၊ ကျွန်တော်ပြောချင်တာက နောင်များကျွဲနွားတွေ သေရင် သက်ဆိုင်ရာကို အကြောင်းကြားဗျာ။ မြစ်ထဲချောင်းထဲမပစ်ကြပါနဲ့၊ ကျင်းနက်နက်တူးပြီး မြေမြုပ်ပစ်ကြပါ။” ဆရာမောင်ထွေးပြောသွား၏။ ဖိုးတေအဖို့တော့ ဒီရွာတစ်ရွာလုံး ပြောစမတ် ကျန်ရစ်နေဦးတော့မှာပါလား။
- ထွန်းလှိုင်(မြိုင်)
The Farmer Media