ဗုဒ္ဓဘာသာနှင့် တစ်နေ့တာ
ပို့စ်တင်ချိန်
- 6/10/2014 01:01:00 PM
ကျန်တော်တို့ နိုင်ငံဟာ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည် သက်ဝင်သူ အများဆုံးရှိသော နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ နေ့စဉ် တွေးခေါ်၊ သိမြင်၊ ပြောဆို၊ လုပ်ကိုင်၊ နေထိုင်၊ သတိထား၊ တည်ငြိမ်၊ ကြိုးပမ်းမှုများသည် ဗုဒ္ဓလမ်းစဉ်နဲ့ ကိုက်နေဖို့လို အပ်ပါတယ်။ ယခု စာရေးသူ တင်ပြလိုက်သည်မှာ ဗုဒ္ဓ၏ မဂ္ဂင်ရှစ်ပါးကို တင်ပြခြင်း ဖြစ်ပါသည်။ ဒီလို ချက်ချင်းမမြင်နိုင်တဲ့ စာဖတ်သူသည် ဗုဒ္ဓဘာသာဝင် ဖြစ်ခဲ့ပါက ဗုဒ္ဓတရားတော်များကို သေချာသိဖို့ လိုပါသေးသည်ဟူသော မှတ်ချက်အား မိမိကိုယ်ကိုယ် ပြန်ပေးရမှာ ဖြစ်ပါတယ်။ ထိုသို့ သေချာမသိသေးသော သူများအဖို့ ဗုဒ္ဓလမ်းစဉ်ကို လိုက်နာဆောင်ရွက်ရန် မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။
သိပြီးသော သူများလည်း မိမိ၏ တစ်နေ့တာ အလုပ်များအတွင်း သေချာလိုက်နာ ကျင့်သုံးရဲ့လား ဆင်ခြင်သုံးသပ်ရန် ဖြစ်ပါသည်။ အစွဲအလမ်းကြီးသူတို့က ဘာသာရေးသည် လောကုတ္တရာ၊ လူမှုလောကသည် လောကီအရေး၊ ထို့ကြောင့် တွဲစပ်စဉ်းစားရန် လုပ်ကိုင်ရန် မဖြစ်နိုင်ဟု ဆိုကြပေလိမ့်မည်။ ထိုသူများအနေနှင့် မိမိတို့ ကိုးကွယ်မှု ပြုနေသော နီးစပ်ရာ ဆရာတော်ဘုရားများထံသို့ သေချာမေးလျှောက် ကြည့်စေချင်ပါသည်။ သံဃာအဖွဲ့အစည်း ဆိုသည်မှာ ဘုရားရှင် ဖွဲ့စည်း ထူထောင်ပေးထားသော အဖွဲ့အစည်း ဖြစ်ပါသည်။ သံဃာတို့သည် လူတို့နေရပ်နှင့် မနီးမဝေး နေရာတွင် နေထိုင်လျက် လူတို့၏ တစ်နေ့တာ လုပ်ဆောင်သမျှ လောကီအရေး လောကုတ္တရာ အရေးများတွင် ဗုဒ္ဓအဆုံးအမနှင့်အညီ နေထိုင်စေရန် ဥပဇ္ဈာယ် ဆရာများအဖြစ် ရှိနေကြခြင်းသာ ဖြစ်ပါသည်။
တရုတ်၊ ကိုရီးယား၊ ဂျပန်နိုင်ငံ၊ စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ် အစရှိသော နိုင်ငံတို့အတွက် နိုင်ငံတိုးတက်ရေး အတွေးအခေါ် အရင်းအမြစ်သည် ကွမ်ဖြူးရှပ်၊ ဆွန်ဇု၊ ဥရောပနှင့် အမေရိကတို့အတွက် ဆိုကရေးတီး၊ ဟီဂယ်၊ ကားလ်မာ့က်စ်၊ အိန်ဂျယ် စသည်ဖြင့် အသီးသီး ရှိခဲ့ကြသည်။ ၎င်းတို့၏ အတွေးအခေါ်သည် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပြီး စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး နယ်ပယ်တို့တွင် အသုံးချခဲ့ကြလေသည်။ အတွေးအခေါ် တစ်ခုကို ဝိုင်းဝန်း ဝေဖန်စေ၍ ၎င်း၏ ခိုင်မာမှုကို သက်သေတည်စေခဲ့သည်။ မသိသည်ကို မသိဟူ၍ လည်းကောင်း၊ မရှိသည်ကိုလည်း မရှိဟူ၍ လည်းကောင်း ရိုးသားစွာ ပြောင်းလဲလက်ခံ နိုင်ခဲ့ကြလေသည်။
မြန်မာနိုင်ငံအတွက်မူကား အခြားအတွေးအခေါ်ပညာရှင် လောက်လောက်လားလား မရှိခဲ့။ ဗုဒ္ဓဘာသာ တစ်ခုသာလျှင် အားကိုးဖွယ်ရာ ဖြစ်သည်။ ထို့ကြောင့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေးတို့တွင် ဗုဒ္ဓအဆုံးအမအတိုင်းသာ လိုက်နာကျင့်ကြံကြပါက မြန်မာနိုင်ငံအရေး တိုးတက်ဖို့သာ ရှိပါသည်။ ဗုဒ္ဓဘာသာကြောင့် ဆုတ်ယုတ်ဖို့ ရန်မရှိဟု ယုံကြည်ပါသည်။ ကူရာကယ်ရာမဲ့နေသော နိုင်ငံရေးအတွက် ဗုဒ္ဓဘာသာသည်သာ အားကိုးရာအဖြစ် ယုံကြည်ပါသည်။ ထိုသို့ဆိုလျှင် လူတိုင်း တရားထိုင်နေရမည်လား။ ဤသို့ ဆိုလိုခြင်း မဟုတ်ပါ။ တစ်နေ့တာ လုပ်ကိုင်ဆောင်ရွက်ရာတွင် ဗုဒ္ဓတရားတော်များနှင့် ညီစေရန် ဖြစ်သည်။ ယခုတော့ အရက်သောက်ချင် သောက်မည်၊ လာဘ်စားချင် စားမည်၊ အကျင့်ပျက်ချင် ပျက်မည်၊ လုပ်ပိုင်ခွင့်ကို အလွဲသုံးစား ပြုလုပ်မည် စသည်ဖြင့် ဗုဒ္ဓ၏ ဆိုဆုံးမမှုဖြင့် မနေ၊ သို့သော်လည်း ထိုသူများ ဘုရားကျောင်းသွားပြသည်။ ဥပုသ်သီတင်း ဆောက်တည်သည်။ ဘုရားတည်သည်။ ပြယုဂ်များ ကောင်းကောင်းလုပ်ပြ၍ မိမိ၏ စိတ်ဓာတ် ညံ့ဖျင်းမှုကို ဆိတ်သားရေနှင့် ဖုံးရန် ကြိုးစားသည်။ ဗုဒ္ဓအဆုံးအမကို မလိုက်နိုင်ပါဘဲလျက် ဗုဒ္ဓအရိပ်ကို ခုတုံးလုပ်ပြီး နာမည်ကောင်းယူရန် ကြိုးစားသည်။ လောကီအရေးက သက်သက်၊ လောကုတ္တရာအရေးက သက်သက်၊ လောကီအရေး ဆောင်ရွက်ရာတွင် ဘာသာရေး အဆုံးအမကို လိုက်နာနေစရာ မလိုဟု ဆိုသူသည် ၎င်း၏ စိတ်ဓာတ် ညံ့ဖျင်းမှုကို မပေါ်စေရန်အတွက် ကြိုကန်ထားသောသူသာ ဖြစ်သည်။ လောကီအရေးတွင် ဗုဒ္ဓကို လိုက်နာလျှင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာနှင့် ပြည့်စုံသောသူ ဖြစ်လာရန်သာ ရှိသည်။ သစ္စာရှိသောသူ၊ ကတိတည်သောသူ၊ စေတနာထားသောသူ၊ ရိုးသားသောသူ၊ သတ္တိရှိသောသူ၊ ကြိုးစားသောသူ၊ လုံ့လဝီရိယ ရှိသောသူ၊ အချိန်လေးစားသောသူ စသည်ဖြင့် ကောင်းလာရန်သာ ရှိသည်။ ဆိုးသွားရန်ကား လုံးလုံးမမြင်မိ။
ထို့အတွက် ဘာသာရေးကို လောကီ၊ လောကုတ် ဘာကြောင့်ခွဲခြား ကျင့်သုံးနေတော့မည်နည်း။ လောကီအရေးတွင်လည်း ဗုဒ္ဓအဆုံးအမများနှင့်အညီ နေထိုင်ကျင့်ကြံ၊ ထိုမှတစ်ဆင့် ဘာသာရေးကို ပိုမိုလိုက်စားသူတို့သည် လောကုတ္တရာဘက်ကို လိုက်စား၊ ဤသို့ဆိုလျှင် ပိုမိုမကောင်းပေဘူးလား။ လောကီမှာတောင် စိတ်ထား မမြင့်မြတ်သေးရင် လောကုတ္တရာ လုပ်နေတော့ရော ဘာရမှာလဲ။ ယခုလို ခွဲခြား ကျင့်သုံးနေရင်တော့ ပါးစပ်က ဘုရား၊ ဘုရား၊ လက်က ကားရားကားရားတွေ ကြုံတွေ့နေရဦးမည်။ လက်ရှိလည်း ကြုံတွေ့နေရသည်။ စာရေးသူ အမြင်ကတော့ ဘာသာရေးကို ပြယုဂ်လို ကျင့်သုံးနေခြင်းကို အသည်းယားလှသည်။ ဘာသာရေးကို နိုင်ငံရေး လက်နက်သဖွယ် ကျင့်သုံးနေခြင်းကို အသည်းနာလှသည်။ မြန်မာနိုင်ငံသားများအဖို့ ဘာသာရေးအသိ အားနည်းနေတော့ ဘာသာရေး လုပ်ပြနေတာလား၊ ဘာသာရေးကို လက်တွေ့ဘဝထဲတွင် ကျင့်သုံးနေတာလား မခွဲခြားနိုင်။ မိမိ၏ ကလေးများကို ဘာသာရေးအသိ ရှိနေအောင်၊ ဗုဒ္ဓ၏ တရားတော် အဆိုအမိန့်များအား ကလေးများအတွက် နေ့စဉ်သုံး စကားများသဖွယ် ဖြစ်နေအောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိ။ ဘာသာရေးဟု ဆိုလျှင် ဘုရားသွားခိုင်းသည်။ ဥပုသ်စောင့်ခိုင်းသည်။ ဘုရားရှိခိုးခိုင်းသည်။ ကုသိုလ်ရအောင် ဆိုသော စိတ်ဓာတ်ဖြင့် လှူခိုင်းသည် စသည်ဖြင့် အပေါ်ယံတွေပဲ ဆောင်ရွက်နေသည်။ တင်ပြပါ အချက်များသည် မကောင်းဟု မဆိုပါ။ ကောင်းပါသည်။ သို့သော် ၎င်းတို့သည် ဘာသာရေး ပြယုဂ်များသာ ဖြစ်ပါသည်။ ထို့ထက် ပို၍ ဘာသာရေးကို ကလေးများ သိမြင်လာအောင် လုပ်ရပေဦးမည်။
ဥပမာ ဆိုကြပါစို့၊ ၃၈ ဖြာ မင်္ဂလာတရားတော်ထဲမှ လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ မမှီဝဲနှင့် ကင်းအောင်နေ ဆိုသော တရားအဆုံးအမကို ကလေး နားလည်အောင် ဘယ်လိုပြောဆို ရှင်းလင်းကြမလဲ။ ဒီအတိုင်းပဲ အတုံးလိုက် အတစ်လိုက် လူမိုက်ဆိုရင် မပေါင်းနဲ့ကွ မင်းတို့ ဒုက္ခရောက်လိမ့်မယ် ဒီလိုမျိုးပဲ ရှင်းမှာလား။ ဆိုကြစမ်းပါဦး။ မြန်မာပြည်မှာ လူမိုက်ဆိုတဲ့ လူတန်းစားတစ်ခု သေသေချာချာ ရှိသလား။ လူတစ်ယောက် အမြဲတမ်း မိုက်နေတာလား။ စာရေးသူမှာရော စာဖတ်သူမှာပါ မိုက်မဲတဲ့ အကျင့်စရိုက် တစ်ခုတလေမှ မရှိဘူးလား။
အဖေပြောတဲ့ လူမိုက်၊ အမေပြောတဲ့ လူမိုက်၊ ဆရာပြောတဲ့ လူမိုက်၊ အရိယာပုဂ္ဂိုလ်က သတ်မှတ်တဲ့ လူမိုက်၊ ဘုရားက သတ်မှတ်ထားတဲ့ လူမိုက်၊ ဘယ်တူနိုင်ပါ့မလဲ။ ကလေးများအဖို့ လူမိုက်များကို မပေါင်းနဲ့ဟု ဆိုပါက ပေါင်းစရာလူ တော်တော်ရှားသွားပေလိမ့်မည်။ တစ်ခု သတိထားရမည်မှာ အင်္ဂုလိမာလသည် လူမိုက်ကြီး၊ အဇာတသတ်သည်လည်း ဖခင်ကို ပြန်သတ်သည့် လူမိုက်ကြီး၊ ဒီလို လူမိုက်ကြီးတွေနှင့် မြတ်စွာဘုရား အပေါင်းအသင်း လုပ်ခဲ့သည်။ စကားပြောဆို ထိတွေ့မှု ပြုလုပ်ခဲ့သည်။ မြတ်စွာဘုရားအနေနှင့် ရှောင်မနေ။ ဒါဆိုရင် ၃၈ ဖြာ မင်္ဂလာ တရားတော် မှားပြီလား၊ မဟုတ်ပါဘူး၊ မမှားပါဘူး။ ဘာသာရေးကို ဘုရားဟောတဲ့ ပြောတဲ့အတိုင်း သေချာ မလိုက်နာသောကြောင့် လူမိုက်ဆိုလျှင် မပေါင်းရဘူးလို့ အတုံးလိုက် အတစ်လိုက် အဓိပ္ပာယ် ထွက်နေတာပါ။ ကာလာမသုတ်တော်ကို လိုက်နာကျင့်သုံးပါ။ အစဉ်အလာကြောင့်၊ စာအုပ်ထဲမှာ ပါသောကြောင့်၊ သူများ ပြောသောကြောင့်၊ ဆရာ ပြောသောကြောင့်၊ မိဘ ပြောသောကြောင့်၊ နောက်ဆုံး ငါဘုရားဟောသောကြောင့် ဆိုရင်တောင် မိမိကိုယ်ပိုင်ဉာဏ်နဲ့ သေချာစဉ်းစား တွေးခေါ် ဝေဖန်သုံးသပ်ခိုင်းခဲ့ပါတယ်။ ဘယ်အရာကိုမျှ မစဉ်းမစား၊ မချင့်မချိန်ဘဲ လက်ခံပါလို့ မဟောခဲ့ပါဘူး။ သဘာဝကျရမည်၊ အကြောင်းအကျိုး ဆက်ရမည်၊ အချိန်ကာလမရွေး အကျိုးပြုနေရမည်၊ လက်တွေ့ကျရမည်၊ လာလှည့်ကြည့်လှည့်ဟု ဖိတ်ခေါ်နိုင်ရမည်၊ ကိုယ်စီကိုယ်ငှ လိုက်နာကျင့်သုံး နေနိုင်ရမည်။ ယခု တင်ပြလိုက်သည်မှာလည်း တရားဂုဏ်တော် ခြောက်ပါးကို နေ့စဉ်သုံး စကားလုံးနှင့် တင်ပြလိုက်ခြင်း ဖြစ်ပါသည်။ ထိုသို့ ချက်ချင်း မမြင်လိုက်သော ဗုဒ္ဓဘာသာဝင်သည်လည်း အမည်ခံ ဗုဒ္ဓဘာသာဝင်ပင် ဖြစ်ပါသည်။
ထိုသို့ တရားဂုဏ်တော်များသည် ဘုရားမှနေ၍ ပေးထားသော ပေတံများသာ ဖြစ်ပါသည်။ ထို့အတူပင် ကလေးများကို မိမိတို့မှ ပေတံများ ပေးထားရပါမည်။ ကလေးများ နားလည်ခံယူနိုင်လျှင် ခံယူနိုင်သည့် အတိုင်းအတာ မူတည်၍ တိုးပေးသွားရမည် ဖြစ်ပါသည်။ လူမိုက်လက္ခဏာများကို ပြောပြပေးထားရမည်။ လောဘကြီးသောသူ၊ ဒေါသကြီးသောသူ၊ မာနကြီးသောသူ၊ သူတစ်ပါးအား မနာလိုတတ်သောသူ၊ အတင်းပြောတတ်သောသူ၊ ကတိမတည်သောသူ၊ သစ္စာမရှိသောသူ၊ အချိန်မလေးစားသောသူ၊ စည်းကမ်းမရှိသောသူ၊ မရိုးသားသောသူ၊ ကိုယ်ချင်းမစာတတ်သောသူ၊ မကူညီနိုင်သောသူ၊ မချီးကျူးနိုင်သူ၊ အကောင်းမမြင်သောသူ၊ စသည်ဖြင့် ပေတံလေးတွေ ပေးထားရပါမည်။ အတိုအရှည်တော့ မတူညီနိုင်ပါ။
ထိုကဲ့သို့ တစ်ပါးသူထံတွင် ရှိသော လူမိုက်အကျင့်စရိုက်များ၊ မိမိတွင်ရှိသော လူမိုက် အကျင့်စရိုက်များကို မိမိလက်တွေ့ ကျင့်သုံးနေသည့် ဘဝထဲသို့ ပေါင်းမထည့်ခြင်း၊ ယင်းအကျင့်စရိုက်များနှင့် ကင်းအောင် နေခြင်းသည် လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ မမှီဝဲနှင့် ကင်းအောင်နေခြင်းပဲ ဖြစ်ပါသည်။ လူတကာကို လိုက်၍ မင်းကလူမိုက် ငါက လူလိမ္မာ စသည်ဖြင့် အဆင့်အတန်း ခွဲခြားနေခြင်းမျိုး မဟုတ်ပါ။ ပုထုဇဉ်လူ တစ်ယောက် အမြဲတမ်းလည်း မမိုက်သလို အမြဲတမ်းလည်း မလိမ္မာပါ။ ထို့ကြောင့် သူလို ငါလို လူအချင်းချင်း ဦးသူက အဆင့်ခွဲခြားခြင်းဖြင့် လူ့အသိုင်းအဝိုင်းကို ပဋိပက္ခတွေ တိုးအောင် မလုပ်ချင်ကြပါနှင့်။ ဗုဒ္ဓသည် အဆင့်ခွဲခြားသော၊ လူမျိုးရေး ခွဲခြားသော၊ လူတန်းစား ခွဲခြားသော ဗုဒ္ဓမဟုတ်ပါ။ လူ့လောက အသိုင်းအဝန်း တစ်ခုလုံးကို အေးချမ်းစေချင်သည့် ဗုဒ္ဓသာဖြစ်ပါသည်။ ဗုဒ္ဓဘာသာ အမျိုးဘာသာ သာသနာကို အစွန်းရောက်စွာ စောင့်ရှောက်ခဲ့ပါက မြန်မာနိုင်ငံသို့ပင် ဗုဒ္ဓဘာသာ ရောက်လာရန် အကြောင်းမရှိ။ ထို့ကြောင့် ကလေးများအကြား ဦးသူလူမိုက် ခေါ်နေသော အကျင့်စရိုက်ကို ဖျောက်ပေးကြရမည်။ ဗုဒ္ဓ၏ သဘောသဘာဝနှင့် ဗုဒ္ဓ၏ တရားတော်များကို ဆင်ခြင်တုံတရား ပြည့်ဝစွာဖြင့် နားလည် ကျင့်သုံးနိုင်အောင် ဆောင်ရွက်ပေးကြရမည်။ လူကြီးတွေကတော့ ရှိစေတော့။
လူမိုက်ကို မပေါင်းရနှင့် ပတ်သက်၍ စာရေးသူအမြင်မှာ လူတိုင်းကို ပေါင်းရမည်။ လူတိုင်း လူတိုင်းတွင် အားသာချက်၊ အားနည်းချက်များ ရှိသည်။ တစ်ယောက်၏ အားသာချက်ကို တစ်ယောက်က အတုယူ၍ အားနည်းချက်ကို အပြန်အလှန် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ စိတ်များဖြင့် ပြုပြင်ပေးကြပြီး၊ တစ်ပါးသူ၏ လူမိုက်အကျင့်စရိုက်အား မိမိကိုယ်ကျင့်တရား အတွင်းသို့ ပေါင်းမထည့်ခြင်းသည် လူမိုက်ကို မပေါင်းခြင်းသာ ဖြစ်ပါသည်။ စာရေးသူ တင်ပြသော တရားအားလည်း တရားဂုဏ်တော် ခြောက်ပါးပေတံနှင့် တိုက်ဆိုင် စစ်ဆေးကြည့်ရန်သာ ဖြစ်ပါသည်။
မြန်မာ့နိုင်ငံရေးတွင်လည်း အစိုးရနှင့် အတိုက်အခံ အပြန်အလှန် လူမိုက်များ၊ အသုံးမကျသောသူများဟု ပြောဆိုနေခြင်းများ ရပ်ကြပါ တော့။ ဟိုလူတက်မှ ကောင်းမည်၊ ဒီလူ ဦးဆောင်မှ ရမည်ဟူသော အစွဲအလမ်းတွေ မကြီးကြပါနှင့်။ ထိုသို့ အစွဲကြီးနေပါက မိမိကိုယ်တိုင် တိုးတက် ကောင်းမွန်အောင် ပြုပြင်ရမည်ဟူသော အရေးကြီးသော အချက်ကို မမြင်နိုင် ဖြစ်နေပါလိမ့်မည်။ ဥပဒေအထက်မှာ ယဉ်ကျေးမှု ရှိပါသည်။ လူတွေ ယဉ်ကျေးသလောက်ပဲ ဥပဒေက ယဉ်ကျေးတာပါ။ ဒီလိုပဲ အပြန်အလှန်အားဖြင့် လူတွေ မိုက်ရိုင်းသလောက် ဥပဒေက မိုက်ရိုင်းပါသည်။ ယဉ်ကျေးသောသူများ (မေတ္တာထားနိုင်သောသူများ)၊ အသိဉာဏ် မြင့်မားသောသူများ ဖြစ်အောင် ဘာသာရေးက စွမ်းဆောင်ပေးနိုင်ပါသည်။ ထို့ကြောင့် ဘာသာရေးကို လောကီ၊ လောကုတ် ခွဲခြားချင်သူများ၊ ဘာသာရေးကို ပြယုဂ်တစ်ခုလို အသုံးချချင်သူများ၊ နိုင်ငံရေးလက်နက်ကဲ့သို့ သုံးချင်နေသူများ၊ အမည်ခံကားရားကားရား ဗုဒ္ဓဘာသာဝင်များ မရှိရန် အရေးကြီးပါသည်။ မိမိတို့ရဲ့ တစ်နေ့တာကို ဘာသာရေးဖြင့် ကျော်ဖြတ်ရင်း နိုင်ငံတော်ကို တည်ထောင်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။
ကိုမင်းမောင်
The Voice