ကိုယ့်ကား ဘယ်အချိန်သံရည်ကျိုစက်က လက်ခံမလဲ မျှော်လင့်စောင့်စားနေရတဲ့ ဘဝ

ပို့စ်တင်ချိန် - 6/17/2014 12:25:00 PM



စည်သူအောင်မြင့်

အရင်စစ်အာဏာရှင်ခေတ်ကနေ ဒီနေ့အချိန်ထိ စက်မှုဇုန်တွေက ထုတ်ပြီး အစိုးရက တရားဝင်မှတ်ပုံတင်ခွင့်ပေးထားတဲ့ စက်မှုဇုန်ဂျစ်တွေ၊ လိုက်ထရပ်စ်တွေကို ယာဉ်အိုယာဉ်ဟောင်းအဖြစ် သတ်မှတ်ပြီး သံရေကြိုစက် ပို့နိုင်တော့မယ်တဲ့။ ဒီအတွက် သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းနေတယ်လို့ ရထားဒု-၀န်ကြီး ဦးချန်မောင်က လွှတ်တော်တွင်း ပြောဆိုပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကားကို သံရည်ကြိုစက်ရုံက လက်ခံတော့မယ်လို့ ကြေညာချက် ကြားလိုက်တဲ့အခါ အဲဒီယာဉ်အိုယာဉ်ဟောင်း၊ ယာဉ်အစုတ် ယာဉ်အပြတ်ရှိသူတွေ အလွန် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြပါတယ်။ ဒီကိစ္စ ဘာဆက်ဖြစ်လာနိုင်သလဲ၊ လက်ရှိ မြန်မာပြည်ရဲ့ ကားတင်သွင်းခွင့် ပေါ်လစီ ဘာတွေ မှားနေသလဲဆိုတာနဲ့ မြန်မာပြည်မှာပဲ ဖြစ်တတ်တဲ့ ခုလိုထူးဆန်းထွေလာ ကိစ္စ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒု-၀န်ကြီး ဦးချန်မောင်ရဲ့ ထုတ်ဖော်ပြောဆိုချက်ကြောင့် လက်ရှိဈေးကွက်ထဲက “စလစ်” ဈေးနှုန်းတွေ ကျပ် ၁၅ သိန်း၊ သိန်း ၂၀ ကျဆင်းသွားပါတယ်။ မောင်းမရ၊ ပြုမရ၊ တစ်စစီဖြုတ် ရောင်းရင်တောင် ၀ယ်မယ့်သူမရှိတဲ့ စက်မှုဇုန်ထုတ် ဂျစ်ကားဈေးတွေကတော့ နဂို ကျပ်သိန်း ၂၀ ၀န်းကျင်လောက်ကနေ ကျပ် သိန်း ၃၀-၄၀ လောက်အထိ ခုန်တက်သွားပါတယ်။ စက်မှုဇုန်ထုတ်ကားတွေဆိုပြီး နည်းနည်းပါးပါးလောက်ပဲ ရှိမယ် မထင်ပါနဲ့။ ဒု-၀န်ကြီး ဖတ်ပြသွားတဲ့ စာရင်းတွေအရ အစီးရေ တစ်သိန်းနီးပါး ရှိပါတယ်။ အဲဒီအထဲမှာ လူတွေ ထင်သာမြင်သာရှိတဲ့ ကလေးကစားစရာပုံစံ လက်ဖြစ် ဂျစ်ကားတွေ၊ တစ်ခါတစ်ရံ နှစ်ပိုင်းကျိုးတဲ့အထိ ဖြစ်ခဲ့ဖူးတဲ့ လိုက်ထရပ်စ်လို ကားမျိုးတွေ၊ ထိုင်းနယ်စပ်ကနေ ခိုးသွင်းလာတဲ့ ကားတွေကို အမြီးဖြတ် ခေါင်းထု၊ ဘော်ဒီဆေးမှုတ် လုပ်ထားတဲ့ကားတွေ၊ ကွန်တိန်နာနဲ့ ခပ်တည်တည် ခိုးသွင်းလာပြီး ဘာတစ်ခုမှ မလုပ်ဘဲ စက်မှုဇုန်နာမည်တပ် လိုင်စင်ရယူထားတဲ့ စူပါကာစတန်လို ကားမျိုးတွေအထိ အားလုံးပါဝင်ပါတယ်။ ဒု-၀န်ကြီးက အဲဒီစာရင်းကို ထုတ်ပြောတော့မှပဲ လက်ရှိ မှတ်ပုံတင်ထားတဲ့ အိမ်စီးကားအစီး လေးသိန်းကျော်မှာ လေးပုံတစ်ပုံလောက်ဟာ စက်မှုဇုန်ထုတ်ဖြစ်တယ်ဆိုတာ သိရတာပါ။

စက်မှုဇုန်ထုတ်ကားဆိုတာဟာ အရင် စစ်အာဏာရှင်တွေရဲ့ ရူးသွပ်တဲ့ အတွေးအခေါ်ကနေ ပေါ်ပေါက်လာတဲ့ ကားတွေဖြစ်ပြီး နောက်ပိုင်း အာဏာပိုင်တွေနဲ့ စီးပွားရေးသမားလုပ်ငန်းရှင်တွေ အပြန်အလှန် လာဘ်ပေးလာဘ်ယူလုပ်၊ အပြန်အလှန် တိုင်းပြည်ကို လိမ်ညာ၊ ကိုယ်ကျိုးရှာခဲ့ကြတဲ့ ဖြစ်စဉ်ကြီးက ပေါက်ဖွားလာတာတွေ ဖြစ်ပါတယ်။ ဒီကိစ္စ အများသိပြီးမို့ ဒီနေ့ အကျယ်တ၀င့် မပြောလိုတော့ပါဘူး။ အဓိကဆွေးနွေးလိုတာကတော့ ကားသွင်းခွင့် စလစ်နဲ့ ကားတင်သွင်းခွင့် ပေါ်လစီပါ။

၂၀၁၁ နိုင်ငံမှာ အစိုးရအဖွဲ့သစ် တက်လာတဲ့အချိန် ကမ္ဘာစံချိန်ချိုးထားတဲ့ ဈေးနှုန်းနဲ့ ကားအစုတ်အပြတ်တွေ၊ စက်မှုဇုန်ကားတွေပဲ ရှိခဲ့တာပါ။ အရင်အာဏာရှင်တွေရဲ့ အမွေကို ဆက်ခံတဲ့ အစိုးရအဖွဲ့သစ်ဟာလည်း အာဏာရှင်အသိုင်းအ၀ိုင်းကို ကောင်းကောင်းကြီး အကျိုးစီးပွားဖြစ်ထွန်းစေတဲ့ ကားတင်သွင်းခွင့် ပိတ်ပင်ထားမှုကို ဖွင့်လိုက်ဖို့ ဘယ်သူမှ စိတ်မကူးရဲကြပါဘူး။ အဲလို လုပ်လိုက်ရင် နိုင်ငံတော်ပုန်ကန်မှုထက် ဆိုးတဲ့ ပြစ်မှုကျူးလွန်သလို ဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ တစ်ဖက်မှာ ဒီအတိုင်းပိတ်ပင်ထားလို့လည်း မဖြစ်ပြန်ပါဘူး။ ဒီပြဿနာကို နည်းလမ်းတစ်ခုနဲ့ ဖြေရှင်းလိုက်သူက ရထားဝန်ကြီး ဦးအောင်မင်းပါ။

အလွန့်အလွန် အိုမင်းဟောင်းနွမ်း စုတ်ပြတ်နေတဲ့ ကားတွေကို သံရည်ကြိုစက်ရုံပို့မယ်၊ ဖျက်သိမ်းပစ်မယ်၊ ဒီအတွက် ဖျက်သိမ်းခံရတဲ့ ကားပိုင်ရှင်တွေကို ပြည်ပကနေ တစ်ပတ်ရစ်ကားတစ်စီး တင်သွင်း ခွင့်ပေးမယ်ဆိုပြီး ကြေညာ အကောင်အထည်ဖော်ပါတယ်။ ဒီအခါ ယာဉ်အိုယာဉ်ဟောင်းပိုင်ရှင်တွေကလည်း အလွန်ပျော်ရွှင်ကြပါတယ်။ သူတို့ရဲ့ ကားစုတ် တစ်စီး သွားအပ်လိုက်လို့ရလာတဲ့ တစ်ပတ်ရစ် ကားတင်သွင်းခွင့် “စလစ်”တစ်စောင် တန်ဖိုးဟာ နောက်ထပ်ကားတစ်စီး ၀ယ်လို့ ရနိုင်လောက်အောင် မြင့်မားနေလို့ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအစီအစဉ် အလုပ်ဖြစ်ခဲ့ပါတယ်။Win- Win- Win လို့ ပြောနိုင်လောက်အောင် ယာဉ်အိုယာဉ်ဟောင်း ပိုင်ရှင်တွေလည်း အဆင်ပြေ၊ ကားတင်သွင်းလာတော့ တိုင်းပြည်အတွက်လည်း အခွန်အခတွေရ၊ ပြည်သူလူထုတစ်ရပ်လုံးအတွက်လည်း ကားဈေးတွေ မတရား ခေါင်ခိုက်နေတဲ့ ပြဿနာလည်း ဖြေရှင်းပြီးသား ဖြစ်သွားစေခဲ့ပါတယ်။ ဒါပေမဲ့ ရေရှည်အတွက် တကယ့်အဖြေတော့ မဟုတ်ပါဘူး။

ရေရှည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် တိုင်းပြည်ထဲမှာ ကားပိုင်ဆိုင်မှု အချိုးအစား မြှင့်တင်ဖို့လိုပါတယ်။ တစ်နည်း ကားအစီးရေများများ သွင်းခွင့်ပေးဖို့ လိုပါတယ်။ သွင်းလာတဲ့ ကားတွေဟာလည်း မြို့ရော တောပါ အချိုးကျ သုံးနိုင်ကြဖို့ လိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီး စီမံကိန်းဌာနက ၂၀၁၁ ခုနှစ် ဇွန်လ ၀န်းကျင်မှာ စီမံကိန်း တစ်ခု ရေးဆွဲခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မှတ်ပုံတင်ကား အစီးရေ သုံးသိန်းခွဲကျော် (ဘတ်စ်နဲ့ ထရပ်ကား အပါအ၀င်) ရှိပြီး လူ ၁,၀၀၀ မှာ ကားခြောက်စီးလောက်ပဲ ပိုင်တာပါ။ ဒါကို အဲဒီအချိန် ဗီယက်နမ် စံချိန် ၂၀၁၅ ရောက်ရင် လူ ၁,၀၀၀ ကား ၁၂ စီးလောက် ပိုင်အောင် လုပ်မယ်ဆိုပြီး စီမံကိန်းချခဲ့ပါတယ်။

ဒါပေမဲ့ ၀န်ကြီးဌာန တာဝန်ရှိသူတွေဟာ အဲဒီစီမံကိန်း အောင်မြင်ရေးအတွက် လိုအပ်တဲ့ မှန်ကန်တဲ့ ကားတင်သွင်းခွင့် ပေါ်လစီ ချမှတ်ခဲ့တာ မရှိခဲ့လေတော့ ပြည်သူတွေရဲ့ ကားပိုင်ဆိုင်မှုအချိုးအစား မှန်းသလောက် မြင့်တက် မလာပါဘူး။ ၀င်လာတဲ့ ကားအမျိုးအစားမှာလည်း အခွန်နည်းတဲ့ ၁၃၀၀ စီစီအောက် ကားငယ်လေးတွေက အလွန့်အလွန်များနေပြီး ရန်ကုန်မှာ ကားကျပ်၊ နယ်မှာ သုံးစရာ ကားမရှိ အခြေအနေမျိုးကို ဆိုက်စေခဲ့ပါတယ်။ တကယ်တော့ လက်ရှိ သမ္မတရုံးဝန်ကြီးဖြစ်နေတဲ့ ဦးအောင်မင်းကိုယ်တိုင် ဒီ “စလစ်” စနစ် ရပ်ဆိုင်းချင်နေပါပြီ။ ဒါပေမဲ့ ဒါကို ကိုင်တွယ်နေရတဲ့ ရထားဝန်ကြီးနဲ့ ဗျူရိုကရက်တွေက ဈေးကွက်ကို လိုသလိုကစားနိုင်တဲ့ အရသာတွေ့နေတော့ ပယ်ဖျက်ဖို့ ခက်ခဲဆဲပါ။

ဒီအတွက် ရထားဝန်ကြီးဌာနနဲ့ စီးပွား-ကူးသန်း ၀န်ကြီးဌာနဟာ ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းရေး ကိစ္စကို ရေရှည်အစီအစဉ်တစ်ရပ် မှန်မှန်ကန်ကန် ချမှတ်ပြီး နိဂုံးချုပ်လိုက်ဖို့ လိုပါတယ်။ အဲဒီ အစီအစဉ် ပြည်သူတွေကို ရှင်းရင်းလင်းလင်း ထုတ်ပြန် အသိပေးဖို့လိုပါတယ်။ တစ်ဆက်တည်း မြန်မာပြည် စီးပွားရေးအခြေအနေနဲ့ ကိုက်ညီမယ့် ကားတင်သွင်းခွင့် ပေါ်လစီ တစ်ရပ်ချမှတ် ကျင့်သုံးဖို့လိုပါတယ်။ ဒါမှသာ အိမ်နီးချင်းနိုင်ငံတွေနည်းတူ ကားဈေးတွေ ပုံမှန်ဖြစ်၊ ကျေးလက် တောင်ပေါ်ဒေသက ပြည်သူတွေလည်း သူတို့ ဒေသနဲ့ ကိုက်တဲ့ ကားအမျိုးအစား ၀ယ်ယူအသုံးပြုနိုင်ကြမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်း ကိုယ့်ကား ဘယ်အချိန် သံရည်ကြိုစက်ပို့ခွင့်ပေးမလဲ ရင်ခုန်မျှော်လင့်နေရတဲ့ ဘယ်နိုင်ငံမှာမှ မရှိတဲ့၊ အဓိပ္ပာယ်လည်းမဲ့တဲ့ အခြေအနေမျိုးကနေ ကျော်လွှားနိုင်မှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
Mizzima Burmese