ပုံပန်းမကျသော တြိဂံနှင့် နိုင်ငံ၏အနာဂတ်

ပို့စ်တင်ချိန် - 6/07/2014 06:33:00 PM


ကျွန်တော်တို့ ပဉ္စမတန်း စတက်သည့်နေ့မှာပင် ဆရာ၊ ဆရာမများက ပြောကြသည်။ ‘‘မင်းတို့နှစ်က  စနစ်သစ်ပညာရေးစတဲ့နှစ်ကွ’’ တဲ့။ ‘‘မင်းတို့ရှေ့က ခြောက်တန်း သမားတွေက စနစ်ဟောင်း နောက်ဆုံးပဲ’’လို့ဆိုလိုက်တော့ ဘာမသိ၊ ညာမသိနှင့် ကိုယ့်ကိုယ် ကိုယ်တောင် နည်းနည်းဘဝင်မြင့် ချင်ချင်ဖြစ်သွားရသည်။ ငါတို့က တကယ့် Brandnew အတန်း လည်းအသစ်၊ စနစ်လည်းအသစ် ဆိုပြီးတော့။ ၁၉၇၂-၇၃ ဝန်းကျင် လောက်ကဖြစ်ပါ၏။
ထိုနှစ်မှာပဲ စနစ်သစ်၏ သင် ကြားရေးအသစ်နှင့် စတင်မိတ် ဆက်ရပါသည်။ အင်္ဂလိပ်စာကို A, B, C, D က စမသင်ဘဲ ကတ်ထူပြားတွေပေါ်မှာ BOOK တို့၊RULER တို့၊ ERASER တို့ စသဖြင့် ရေးထားပြီး ကတ်ပြား တစ်ခုချင်းကို ထောင်ပြလျက် စာလုံးပေါင်းရော အသံထွက်ပါ လေး၊ ငါးခေါက်မက တိုင်ပေးပါသည်။ပြီးမှ ‘‘ဘွတ်ခ်ဆိုတာ မင်းတို့ရေးနေတဲ့စာအုပ်ကို ခေါ်တယ်။ ရူးလားဆိုတာက မင်းတို့မျဉ်းသား တဲ့ ပေတံကိုပြောတာ။ အီရေးဇား ဆိုတာ မင်းတို့စာရေးလို့ မှားသွား ရင် ဖျက်တဲ့ခဲဖျက်ကိုခေါ်တယ်’’ စသည်ဖြင့် ရှင်းပြပါသည်။ ပြီး တစ်ခေါက်ပြန်ဆိုကြည့်ပါဦးဟု ဆိုကာ ကတ်ပြားလေးတွေတစ်ခု ချင်း ထောင်ပြပြန်ပါသည်။ မြို့ သားတွေကတော့ နွေရာသီမှာ ကျူရှင်ကြိုတက်ထားတာဆိုတော့ ဆရာမပြောသမျှ လိုက်အော်ကြသည်။ ကျွန်တော်တို့လို တောသားတွေကတော့ ယခုမှ မြင်ဖူးသည့် အင်္ဂလိပ်စာလုံးတွေကို အထူးအဆန်းသဖွယ်ကြည့်ရင်း မျက်စိသငယ်၊ နားသငယ် ဖြစ်ကြရ၏။ (ကျွန်တော်တို့ခေတ်က ငါးတန်းရောက်မှ အင်္ဂလိပ်စာ စသင်ပါသည်။ ဤကား စကားချပ်)

သည်အထဲ ဆရာမက အင်္ဂလိပ်စာလုံးပေါင်း လေး၊ ငါးခု လောက်သင်ပြီးသည်နှင့် အတန်း သားများကို နှစ်ယောက်တစ်တွဲ ထွက်စေကာ သူရွတ်ပြသော စာ လုံးပေါင်းကို ကတ်ပြားတွေထဲမှ မှန်အောင်ရွေးစေပါသည်။ မှန် အောင်ရွေးနိုင်သူကို မရွေးနိုင်သူ က အခန်းတစ်ပတ်ကုန်းပိုးရပါ သည်။ တစ်ခါမှ ကျွန်တော်ကုန်း ပိုးစီးရသည့် အလှည့်မရောက်ခဲ့ပါ။ တစ်နေ့ကို သုံးခါလောက်ကုန်းပိုး ခဲ့ရပါသည်။ နဂိုကတည်းက ကျွန် တော့်လူကောင်ကခပ်ညှက်ညှက် ဆိုတော့ လူကောင်ခပ်ကြီးကြီး နှင့်များကျလျှင် ခါးကိုကုန်းနေ အောင်ပိုးခဲ့ရပါသည်။ ကြာတော့ အင်္ဂလိပ်စာအချိန် ရောက်မှာ တောင် အလိုလိုကြောက်လာ တော့သည်။ ဤကား ကျွန်တော် ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ကြုံခဲ့ ရသည့် စနစ်သစ်ပညာရေးဖြစ်ပါ ၏။

သည်လိုနှင့် ဆယ်တန်း ရောက်လာတော့ ကျွန်တော်တို့ နောက်က ကိုးတန်းတွေက ဝိဇ္ဇာ၊ သိပ္ပံပေါင်းထားသည်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်းဘာ သာရပ်များက တစ်ဘာသာစီ၊ ဓာတုဗေဒနှင့် ရူပဗေဒနှစ်ခုပေါင်း က တစ်ဘာသာ၊ ပထဝီဝင်နှင့် ဘောဂနှစ်ဘာသာပေါင်းက တစ် ဘာသာဖြစ်သွားသည်။ ၁၉၇၈-၇၉ ခုနှစ်ဖြစ်၏။ ကျွန်တော်တို့က ဝိဇ္ဇာ၊ သိပ္ပံအခွဲ။ ဆရာတွေက ပြောကြပြန်သည်။ မင်းတို့ က စနစ် ဟောင်းနောက်ဆုံးနှစ်တဲ့။ မကျ စေနဲ့တဲ့။ ကျရင် စနစ်သစ် ဝိဇ္ဇာ၊ သိပ္ပံအပေါင်းထဲရောက်သွားလိမ့် မယ်။ ပထဝီတွေ၊ သမိုင်းတွေပြန် ကျက်ရလိမ့်မယ်။ အောင်အောင် ဖြေတဲ့။ ကျွန်တော်မျက်စိလည် သွားသည်။ ငါးတန်းစတက်တုန်း က ကျွန်တော်တို့ကို စနစ်သစ်ဟု ဆရာတွေက ပြောခဲ့သည်။ ယခု တစ်ခါ ကျွန်တော်တို့က စနစ် ဟောင်းနောက်ဆုံးနှစ်ဖြစ်သွား ပြန်သည်။ သစ်မည်မှ မကြံသေး။ ဘယ်အချိန်များဟောင်းသွားပါ လိမ့်ဟု တွေးရင်း ကျွန်တော့်မှာ အတော်အူကြောင်ကြောင်ဖြစ်ရ ပါသည်။

တစ်ခါဆယ်တန်းအောင် ပြန်တော့လည်း တက္ကသိုလ်ပညာ ရေးမှာ ဒေသကောလိပ်ဆိုတာ ကြီးနှင့် တည့်တည့်တိုးပြန်ပါ သည်။ ဒေသကောလိပ်မှာ ၂ နှစ် တက်ပြီးမှ ဆယ်တန်းအမှတ်နှင့် ဒေသကောလိပ် ၂ နှစ်အမှတ် ပေါင်း၊ သုံးနှင့်စားပြီးမှ တက္ကသိုလ် ရွေးချယ်လျှောက်ထားရသည်။ ထိုစနစ်ကလည်း သိပ်ကြာလိုက် သည်မထင်။ နောက်တော့ ဒုံရင်း အတိုင်း ဆယ်တန်းအမှတ်နှင့် တက္ကသိုလ်တွေရွေးချယ်လျှောက် ထားရပြန်သည်။

ကျောင်းပြီး၍ ပညာရေးဌာန မှာ ကျွန်တော်အလုပ်ဝင်တော့ ဆယ်တန်းက ဝိဇ္ဇာ၊ သိပ္ပံအခွဲပြန် ဖြစ်နေပြန်သည်။ ဘယ်အချိန်မှာ ပြန်ခွဲသွားမှန်းတော့ ကျွန်တော် လည်း အဆက်ပြတ်သွား၏။ သည့်နောက် ၁၉၉၆ ခုနှစ်မှာ ပြန် ပေါင်းသွားပြန်သည်။ သည်အခါ ကျတော့ ဆယ်တန်းက ခြောက် ဘာသာမဟုတ်တော့ဘဲ ငါးဘာ သာဖြစ်သွား၏။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာတစ်ဘာသာစီ၊ ဓာတု၊ ရူပ၊ ဇီဝ သုံးဘာသာပေါင်းတစ်ဘာသာ၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂ သုံးဘာသာပေါင်းက တစ်ဘာသာဖြစ်သွားပြန်သည်။ ဒါလည်းသိပ်ကြာကြာ မခံ။ ၂၀၀၂ ခုနှစ်ကျတော့ အတွဲ စနစ်ဖြစ်သွားပြန်၏။ အတွဲ(၁)မှ အတွဲ(၇)အထိ နှစ်သက်ရာအတွဲကို ကိုးတန်းကတည်းက ကျောင်းသားကိုယ်တိုင်ရွေးချယ်တက်ရသည့်စနစ်ဖြစ်သွားပြန်သည်။ နောက်တစ်နှစ်၊ ၂ နှစ်အကြာမှာ အတွဲ (၈)ဆိုပြီး စိတ်ကြိုက်မြန်မာ စာတွဲတစ်ခုတိုးလာ၏။ အခေါ်အဝေါ်လည်း ပြောင်းသွားသည်။ အခြေခံပညာအထက်တန်း မဟုတ်တော့။ တက္ကသိုလ်ဝင်တန်းဖြစ်သွားသည်။

ပြောချင်သည်မှာ ကျွန်တော် တို့ပညာသင်ကြားခဲ့သည့်ကာလ တိုကလေးနှင့် ပညာရေးဝန်ထမ်း လုပ်ခဲ့သည့် ဆယ်နှစ်ကျော်ကာလ အတွင်း ကျွန်တော်တို့နိုင်ငံ၏ ပညာရေးစနစ်အပြောင်းအလဲ များလှပုံကို ဖြစ်ပါသည်။ သည် အတောအတွင်း တက္ကသိုလ်ပညာ ရေးကလည်း လေးနှစ်မှသုံးနှစ် ဖြစ်။ စာပေးစာယူသင်တန်းတွေ ပေါ်လာ။ နောက်တော့ အဝေး သင်တက္ကသိုလ်ဟု အမည်ပြောင်း သွား။ ဟိုလိုကောင်းမလား လှည့် လုပ်ကြည့်လိုက်။ မဖြစ်လျှင် နောက်တစ်မျိုးလှည့်လုပ်။  အဆင် မပြေသေးလျှင်နောက်ထပ်တစ် မျိုးထပ်ပြောင်း ကြည့်။  ယခုတစ်ခါ တက္ကသိုလ်တွေက လေးနှစ်ပြန် ဖြစ်။ ပညာရေးစနစ်က ဂျာအေး သူ့အမေရိုက်ကဗျာလို ဖြစ်နေ သည်။ သည်ကြားထဲ ဝန်ကြီးတစ် ပါးပြောင်းသွားလျှင် နောက်ဝန် ကြီးက ရှေ့ဝန်ကြီးလုပ်သွားတာ ကို ဆက်မလုပ်။ သူ့စိတ်ကြိုက် အသစ်ထပ်လုပ်။ ကျောင်းတွေမှာ ပန်းခြံရှိရမည်ဆို၍ ပန်းအိုးတွေ၊ ပန်းပင်တွေ မှာပြီးစိုက်ကြရ။ တစ် ခါ ကလေးတွေ ဂီတနှင့် ရင်းနှီး အောင်ဆိုပြီး ‘‘ထံ၊ တျာ၊ တေ၊ ရှင်’’တွေသင်ကြရ။ သင်ကြားရေး ထက် လူကြီးလာစစ်လျှင် မျက်နှာ ရဖို့ကြိုးစားနေရသည်။

ခန့်ထားရေးကျတော့လည်း ဌာနတွင်းက လုပ်သက်လည်းရှိ၊ အတွေ့အကြုံလည်းရှိ၊ မူလတန်း၊ အလယ်တန်းဆရာအတတ်သင် တန်းများလည်း တက်ရောက် အောင်မြင်ပြီးသည့် E.Major သမားများကျတော့ ရာထူးတိုး မပေးဘဲ သုံးနှစ်နှင့် ဘွဲ့ရလာ သည့် E.Major တွေကျတော့ အထက်တန်းပြတန်းခန့်လိုခန့်။ ပညာရေးတက္ကသိုလ်က ပညာ ရေးဘွဲ့ (B.Ed) တွေကျတော့ အလယ်တန်းပြဘဝနှင့် ရှစ်လ၊ တစ်နှစ်ကြာပြီးမှ အထက်တန်းပြ ဖြစ်လိုဖြစ်၏။ တကယ့်ကို မျက်စိ လည်စရာဖြစ်သည်။

ပညာရေးစနစ်က ပေါင်း လိုက် ခွဲလိုက်၊ ခွဲလိုက် ပေါင်းလိုက် ဘယ်လိုပြောင်းပြောင်း၊ ရာထူး ခန့်ထားရေးတွေ ဘယ်လိုပြောင်း ပြောင်း။ အစဉ်အဆက်မပြောင်း မလဲတည်ရှိခဲ့သည်က စာမေးပွဲ ကို အခြေခံသည့် ပညာရေးစနစ် ဖြစ်ခြင်းနှင့် တက္ကသိုလ်ဝင်တန်း ရမှတ်ကို အခြေခံ၍ တက္ကသိုလ် ဝင်ခွင့်သတ်မှတ်သည့် စနစ်ဖြစ် ခြင်းပင်ဖြစ်သည်။ ကျွန်တော်တို့ ခေတ်က လေးတန်း၊ ရှစ်တန်း၊ ဆယ်တန်းအစိုးရစစ်ဖြစ်သည်။ နောက်တော့ အစိုးရစစ်စာမေးပွဲ က ဆယ်တန်းတစ်ခုပဲကျန်ခဲ့ သည်။ လေးတန်းနှင့် ရှစ်တန်းက ကျောင်းတွင်းစစ်များ ဖြစ်သွား သည်။ ဆယ်တန်းမှာပင် ၁၉၉၉ ခုနှစ်ကစ၍ ပြည်နယ်တိုင်း အလိုက် မေးခွန်း ၁၁ စုံဖြစ်သွား၏။ ယခုတစ်ဖန် တက္ကသိုလ်ဝင်တန်းက ပြည်တွင်းတစ်စုံ၊ ပြည်ပတစ်စုံဖြစ်သွားပြန်သည်။ လေးတန်းနှင့်ရှစ်တန်းကိုလည်း အစိုးရစစ်စာမေးပွဲများအဖြစ် ပြန်လည်ပြောင်းလဲတော့မည့်အကြောင်း သတင်းများတွင် ဖတ်ရသည်။ လက်ရှိကျင့်သုံးနေသော အခန်းဆုံးစစ်ဆေးသည့်စနစ်အစား ယခင်စာမေးပွဲစနစ်ကို ပြန်လည်ကျင့်သုံးခြင်းဖြစ်၏။

ဖွံ့ဖြိုးတိုးတက်သောနိုင်ငံ များတွင် ပညာသင်ကြားရေး၌ အဟန့်အတားဖြစ်စေသော စာမေးပွဲစနစ်ကို ကျော်လွှားနိုင်ဖို့ ကြိုးစားနေချိန်တွင် ကျွန်တော်တို့ နိုင်ငံကတော့ ခေတ်မမီတော့သည့် သင်ကြားနည်းစနစ်များနှင့် သင်ရိုးညွှန်းတမ်းများကို ပြုပြင်ပြောင်းလဲရမည့်အစား တင်းကျပ်သည့် စာမေးပွဲစနစ်ကို ပြန်လည် ကျင့်သုံးဖို့ ကြိုးစားလာသည်။ တက္ကသိုလ်ဝင်တန်းတွင်လည်း ရမှတ်အနည်းအများပေါ်မူတည်၍ တက္ကသိုလ်ဝင်ခွင့်သတ်မှတ်သည့်မူကို မပြုပြင်နိုင်သေး။ တင်းကျပ်သည့်စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့်သတ်မှတ်သည့်မူ၊ သည်နှစ်ခုပေါင်းလိုက်တော့ ကလေးတွေကို နားလည်လည်၊ မလည်လည် အလွတ်ကျက်၊ နှုတ်တက်အာဂုံဆောင်သည့်ဘက်ကို ပိုအားသန်အောင်တွန်းပို့သလို ဖြစ်နေသည်။

သည်အတိုင်းဆိုလျှင်ဖြင့် ကျွန်တော်တို့ကလေးငယ်များက ကျိုးကြောင်းဆင်ခြင်တတ်သူများ ဖြစ်မလာဘဲ အရာရာကိုပုံသေ ကားကျမှတ်တတ်သူများဖြစ်လာ ပေလိမ့်မည်။ အရာရာကို ပုံသေ ကားကျမှတ်တတ်ခြင်းက သူတို့ ၏ အနာဂတ်ဘဝအတွက် ဘယ် လောက်များအသုံးဝင်ပါသလဲ။ နိုင်ငံအတွက်ရော ဘယ်လောက် များအရေးပါပါသလဲ။ ပညာရေး ကို တြိဂံနှင့်တင်စားသည်ဆိုပါ လျှင် ပုံပန်းမကျသော တြိဂံတစ်ခု ကို လှပသေသပ်အောင်ပြန်လည် မရေးဆွဲနိုင်သေးသမျှ နိုင်ငံ၏ အနာဂတ်က လှပလာစရာ အကြောင်းမမြင်မိပါဟုသာ ဆိုချင်ပါသည်။။


မင်းသန်းထိုက် (ဒေးဒရဲ)
7day daily