ကမ္ဘာ့ဖလားပွဲစဉ်တိုင်းအား အခမဲ့ ထုတ်လွှင့်ပြသရန် ထိုင်းစစ်အစိုးရညွှန်ကြား

ပို့စ်တင်ချိန် - 6/14/2014 11:18:00 AM



ဘန်ကောက်၊ ဇွန် ၁၂

ထိုင်းနိုင်ငံတွင် ဘောလုံးဝါသနာရှင်များ ကမ္ဘာ့ဖလားပွဲစဉ်မှန်သမျှကို အခကြေးငွေပေးစရာမလိုဘဲ ကြည့် ရှုနိုင်ရေးအတွက် ရုပ်သံဌာန ကြီးကြပ်ထိန်းသိမ်းရေးအဖွဲ့က သေချာဆောင်ရွက်ပေးကြရန် ထိုင်းစစ် အစိုးရက ညွှန်ကြားထားသည်ဟု ဇွန်လ ၁၂ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ထိုအစီအစဉ်မှာ ၎င်းတို့ အကောင်အထည်ဖော်လျက်ရှိသော “ပျော်ရွှင်ရေး လှုပ်ရှားမှု” ၏ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်းလည်း ထိုင်းစစ်အစိုးရက ဆိုခဲ့သည်။ ထိုင်း စစ်အစိုးရသည် အခမဲ့ဆံသဆိုင်များဖွင့်လှစ် ပေးခြင်း၊ အခမဲ့ တေးဂီတဖျော်ဖြေပွဲများကျင်းပပေးခြင်း စသည်ဖြင့် မက်လုံးပေးမူဝါဒအချို့ကို အကောင် အထည် ဖော်လျက် ရှိသည်။

အခကြေးငွေဖြင့် ကမ္ဘာ့ဖလားပြသခွင့် လိုင်စင်ကို ၀ယ်ယူထားခဲ့သော ရုပ်သံလွှင့်ဌာနက လျော်ကြေးငွေ အဖြစ် ဒေါ်လာ ၂၁ ဒသမ ၅ သန်း တောင်းဆိုထားကြောင်း သတင်းများက ဆိုကြသည်။

ထိုင်းစစ်တပ်သည် ထိုင်းနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးကို ပြန်လည်ဆောင်ကြဉ်းရေး ကတိက၀တ်ဖြင့် ပြီးခဲ့သည့်လအတွင်းက ထိုင်းအရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။

ထိုင်းစစ်အစိုးရသည် အာဏာသိမ်းပြီးချိန်မှစ၍ သဘောထားကွဲလွဲသူများကို နှိမ်နှင်းခဲ့သည်။ ဆန့်ကျင်အံတု လာကာ နိုင်သူရာပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့ ပြီးနောက် ထိုသူများအနေဖြင့် အနာဂတ်လုပ် ဆောင်မှုများကို ဆင်ခြင်ကြရန် သတိပေးကာ ပြန်လွှတ်ပေးခဲ့သည်။

ထိုင်းနိုင်ငံတွင် ဘန်ကောက်အပါအ၀င် အချို့နေရာများ၌ ညမထွက်ရအမိန့် ဆက်လက်ရှိနေဆဲ ဖြစ်သည်။ အာဏာသိမ်းမှုကိုဆန့်ကျင်သော အတိုက်အခံများအား နှိမ်နင်းရန် ကြိုးပမ်းမှုအဖြစ် ထိုင်းစစ် အစိုးရသည် ဖိနှိပ်ချုပ်ချယ်သော မူဝါဒနှင့်အတူ အခြားတစ်ဖက်တွင်လည်း ဆွဲဆောင်မှုရှိသော အစီအစဉ်များကို ဖော် ဆောင်လျက် ရှိသည်။

ကမ္ဘာ့ဖလားပွဲများကို လူတိုင်းအခမဲ့ ကြည့်ခွင့်ရအောင် ဆောင်ရွက်ပေးခြင်းသည် “ပျော်ရွှင်ရေးလှုပ်ရှားမှု” ဆိုသော အစီအစဉ်၏ အဓိကကျသော အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။

RS ရုပ်သံလွှင့်ဌာနမှာ ကမ္ဘာ့ဖလားပွဲ ထုတ်လွှင့်ခွင့်လိုင်စင်ကို ၀ယ်ယူထားခဲ့ရာ အခမဲ့လိုင်းများအဖြစ် ကမ္ဘာ့ဖလားပွဲအားလုံးအနက် သုံးပုံတစ်ပုံခန့်ကိုသာ ထုတ်လွှင့်ခွင့်ပေးရန် မူလက စီစဉ်ထားခဲ့ခြင်းဖြစ် သည်။

ထို့ကြောင့် မူလအစီအစဉ်အရဆိုလျှင် ပွဲအားလုံးကို ကြည့်ရှုလိုသူများသည် decoder ကိရိယာတစ်ခု ၀ယ် ရန်လိုအပ်မည် ဖြစ်ပြီး၊ ထိုကိရိယာ၏ဈေးနှုန်းမှာ ဆင်းရဲသားများ မတတ်နိုင်သော ငွေကြေးပမာဏဖြစ် သည်။

ထို့ကြောင့် ထိုင်းစစ်အစိုးရကနိုင်ငံတော် ရုပ်သံဌာန ကြီးကြပ်ထိန်းသိမ်းရေးအဖွဲ့အနေဖြင့် ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်အားလုံးကို အခမဲ့ ပြသနိုင်ရေးအတွက် ညှိနှိုင်းမှုများပြုလုပ်ရန် အမိန့်ပေးခဲ့သည်။ များပြား သော လျော်ကြေးငွေပေးရဖွယ်ရှိသည့်ကြားမှ ထိုကဲ့သို့စီစဉ်ခြင်းလည်း ဖြစ်သည်။

Mizzima Burmese