ရေမြောင်းတွေပိတ်၊ ရေကြီး ရေလျှံဖြစ်ရတာ စစ်အာဏာရှင်စနစ်ဆိုးကြောင့်

ပို့စ်တင်ချိန် - 6/19/2014 03:05:00 PM



ခေါင်းစဉ်ကိုဖတ်ပြီး မပြုံးကြပါနဲ့။ အားလုံးသိကြတဲ့အတိုင်း မိုးတွေရွာလိုက်တိုင်း ရန်ကုန်မြို့က လမ်းတွေပေါ် ရေကြီး ရေလျှံဖြစ်တာ တစ်နှစ်ထက် တစ်နှစ် ပိုပိုပြီး ဆိုးလာနေပါတယ်။ ဒီ့ထက် ပိုဆိုးစေတာက လမ်းတွေပေါ်မှာ ကားတွေများလာတဲ့ ကိစ္စပါ။ ဒါကလည်း မျက်မြင်အရရော စာရင်းဇယားတွေအရပါ ပြောနိုင်ပါတယ်။ ဒီတော့မိုးများပြီး ရေလျှံ၊ ကားလမ်းပေါ်ရေတွေ ပြည့်၊ နဂိုကတည်းကမှ ပိတ်ကျပ်နေတဲ့ ကားလမ်း ရွှေ့မရ မောင်းမရ၊ ကားတွေလည်း ပိတ်၊ ရှေးခေတ်ဟောင်း သမိုင်းဦးဘုံမြေခေတ်ကလို ကားပေါ်က ဆင်း လမ်းလျှောက်မယ်ဆိုရင်လည်း ခါးလယ်လောက် မြုပ်နေတဲ့ရေကြောင့် အဆင်ကမပြေ၊ လမ်းလည်း လျှောက်မရ၊ မဖြစ်မနေ လျှောက်ရသူတွေကလည်း အလွန့်အလွန် ညစ်ပတ် နံစော်တဲ့ ရေဆိုးကြောင့် ရောဂါဘယတွေ ကူးစက်မှာလည်း စိုးရ။ ဟုတ်ပါတယ်။ ဒါဟာ စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဖြစ်ရတာဖြစ်ပြီး အခုအစိုးရသစ်တက်လာတဲ့အချိန်ထိ အဲဒီအမွေဆိုး မပြုပြင်နိုင်သေးတာကြောင့်လို့ ဆွေးနွေးတင်ပြချင်ပါတယ်။

စစ်အာဏာရှင် စနစ်ဆိုးလို့ ပြောပြီဆိုမှတော့ အရင်ခေတ်က အကြောင်းတွေနဲ့ အစပြုရပါလိမ့်မယ်။ ၁၉၈၈ စစ်အစိုးရ အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့ အပါအ၀င် တစ်နိုင်ငံလုံးမှာ စည်ပင်သာယာရေးအဖွဲ့တွေ ဖွဲ့ကြပါတယ်။ သိကြတဲ့အတိုင်း ဦးဆောင်သူတွေနဲ့ အရာရှိ အားလုံးနီးပါးဟာ စစ်ဗိုလ်တွေနဲ့ စစ်ဗိုလ်ဟောင်းတွေပါ။ ရှင်းရှင်းပြောရရင် အဲဒီ စစ်ဗိုလ်တွေဟာ မြို့ပြတည်ဆောက်ရေး၊ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ ဘာတစ်ခုမှမသိ၊ ကျွမ်းလည်း မကျွမ်းကျင်ဘဲနဲ့ စည်ပင်သာယာရေးအဖွဲ့ကြီးတွေကို တာဝန်ယူကြတာပါ။ သူတို့တာဝန်ယူကြတာကလည်း သိပ်အချိန်ကြာကြာ မဟုတ်ပါဘူး။ အနှစ် ၂၀ ကျော်လာတဲ့ ဒီနေ့ အချိန်အထိ တိုင်အောင်ပါပဲ။

သူတို့ ဘာလုပ်ကြသလဲ၊ အထူးသဖြင့် ရန်ကုန်မှာ ဘာတွေ လုပ်ကြသလဲ မေးစရာ မေးခွန်းရှိပါတယ်။ တည်ဆောက်ရေးဆိုင်ရာ လိုင်စင်တွေ ချပေးပါတယ်။ ဈေးတွေ ဖျက်ပြီး အသစ်ဆောက်၊ ထွက်လာတဲ့ ဆိုင်ခန်းတွေကနေ ကိုယ်ကျိုးရှာပါတယ်။ သန့်ရှင်းရေးလုပ်ငန်းတွေမှာ ၀န်ထမ်းပေါင်း မြောက်မြားစွာခန့်ထားပြီး ကိုယ်တိုင်ကိုယ်ကျ လုပ်ကြပါတယ်။ မဆုံးနိုင်တဲ့၊ နှစ်စဉ် နှစ်တိုင်း မရိုးနိုင်အောင်လုပ်ရတဲ့ လမ်းပြုပြင်ရေးလုပ်ငန်း၊ ပလက်ဖောင်း ပြုပြင်ရေး လုပ်ငန်း၊ ရေမြောင်းဆယ်ရေးလုပ်ငန်းတွေ လုပ်ကြပါတယ်။ အဓိကကတော့ စည်ပင်လုပ်ငန်းလုပ်ပြီး ပြည်သူတွေဆီက ငွေကောက်၊ ရလာတဲ့ငွေနဲ့ အစိုးရဘတ်ဂျက်ထဲက ငွေတွေအားလုံးကို ကိုယ့်ဖာသာကိုယ် လုပ်ငန်းတွေ ထူထောင်ပြီး သုံးနေတာပါ။ စီမံခန့်ခွဲမှု သက်သက်လုပ်တာ မဟုတ်ပါဘူး။

ဒီလိုနည်းနဲ့ နှစ်ပေါင်းများစွာကြာတဲ့အခါ အရည်အသွေးမပြည့်မီတဲ့၊ စည်းကမ်းချက်အရ ကားပါကင် ထည့်ရမယ်လို့ဆိုပေမယ့် ကားပါကင်မရှိတဲ့ တိုက်တွေနဲ့ ပြည့်နှက်နေတဲ့မြို့တော် ဖြစ်လာပါတယ်။ အရင်က လိုအပ်ချက်အရထားတဲ့ အန်ကြီးတဲ့ ရေမြောင်းတွေ၊ ရေအိုင်ကြီးတွေကို မြေဖို့ပြီး တိုက်ဆောက် ပစ်ပါတယ်။ ဒီနည်းနဲ့ အင်္ဂလိပ်က သူ့ခေတ်သူ့အခါက စနစ်တကျ ကောင်းကောင်း တည်ဆောက်ထားခဲ့ပါတယ်ဆိုတဲ့ ရန်ကုန်မြို့ ပုံပျက်လာပါတယ်။

ကြားဖြတ်ပြီး ရယ်စရာတစ်ခု ပြောပြချင်ပါသေးတယ်။ ရန်ကုန်မြို့ နေရာအနှံ့ ရေဘေးဒုက္ခတွေ တွေ့နေချိန် အလွန်နက်တဲ့ ဗားကရာချောက်ဘက်မှာ ဘာကြောင့် ရေတွေ မတင်ကျန်ရစ်သလဲ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က အင်္ဂလိပ်အစိုးရ ရေမြောင်းစနစ် ဘယ်လိုလုပ်ထားသလဲ ခေတ်သစ် စည်ပင်ဝန်ထမ်းတွေ သွားလေ့လာကြပါတယ်တဲ့။ နိုင်ငံတော်ပိုင် သတင်းစာကြီးက တစ်ခမ်းတစ်နားဖော်ပြတာပါ။ အဲဒီမှာ မြောင်းထဲ သက်စွန့်ဆံဖျားကိုယ်တိုင် ဆင်းကြည့်တဲ့ သတင်းထောက်က လက်ရှိ စည်ပင်အနေနဲ့ အရင်နှစ် ၁၀၀ ကျော်က အင်္ဂလိပ်အစိုးရရဲ့လုပ်ရပ်ကို စံထား အတုယူပြီး ရေမြောင်းတွေ ပြုပြင်ဖောက်သင့်ကြောင်း တကယ့်ကို အကြံပေးပါတယ်။

ခုတော့ ရန်ကုန်မှာ မိုးရွာရင် မြောင်းထဲက ရေလျှံပြီး ရေမစီးတဲ့ ရိုးရိုးပြဿနာအပြင် ကားတွေများလာလို့ လမ်းကျပ်တာပါ ခံစားနေရပါပြီ။ မှတ်ပုံတင်စာရင်းတွေအရ ၂၀၁၂ နှစ်ဆန်းကနေ ၂၀၁၃ နှစ်ဆန်းအထိ မြန်မာနိုင်ငံမှာ ကားအစီးရေ ခုနစ်သောင်းနီးပါး တိုးပွားပါတယ်။ အများစု ရန်ကုန်မှာပါ။ နောက်တစ်နှစ် ၂၀၁၄ နှစ်ဆန်းရောက်တော့ နောက်ထပ် ကား တစ်သိန်းနီးပါးလောက် ထပ်တိုးပါတယ်။ ဒါလည်း ရန်ကုန်မှာ အများစုပါပဲ။ အဲဒီ ကားတွေအတွက် ပါကင်မရှိလို့၊ တစ်နည်း ပြောရရင် ပါကင်ပြဿနာ စည်ပင်က စစ်ဗိုလ်ဟောင်းတွေ လုပ်မပေးနိုင်လို့ အားလုံး အခု လမ်းပေါ်မှာချည်းပါပဲ။ ကွန်ကရစ် လမ်းတွေခင်း၊ လမ်းတွေ မြင့်၊ အိမ်တွေက နိမ့်၊ ရေမြောင်းစနစ်က ပျက်ဆိုတော့ အဲဒီ ကားလမ်းကြီးတွေ ကိုယ်တိုင် ရေမြောင်း အကြီးစားတွေဖြစ်ပြီး ခုလို ပြဿနာပေါင်းစုံ တက်ရတာ ဖြစ်ပါတယ်။

ဟုတ်ကဲ့။ စည်ပင် အလွန်အလုပ်လုပ်ပါတယ်။ နေ့မအား ညမနား ၀န်ထမ်းပေါင်း မြောက်မြားစွာနဲ့ လုပ်နေပါတယ်။ ခင်ဗျားတို့ ဝေဖန်တာတွေကို ဂရုမစိုက်အားပါဘူး။ ဘယ်လောက်တောင် လုပ်သလဲဆို ရလာတဲ့ ၀င်ငွေတွေနဲ့ မလောက်လို့ ဗဟိုအစိုးရဆီက ဘီလီယံနဲ့ချီတဲ့ ဘတ်ဂျက်တွေ ထပ်တောင်းလိုက်ပါသေးတယ်။ အားလုံး စည်ပင်က စစ်ဗိုလ်တွေ ကိုယ့်လက်နဲ့ကိုယ် ကိုင်သုံးဖို့ချည်းပါပဲ။ အဓိက အရင်းခံ ပြဿနာဟာ အဲဒီပြဿနာပါ။

တကယ်ဖြစ်သင့်တာက ရန်ကုန်မြို့ကို ဘယ်လို တည်ဆောက်မလဲ ရေတိုရေရှည် စီမံကိန်းတွေကို ပညာရှင်တွေဆီကနေ ယူရပါမယ်။ စည်ပင် အဓိက တာဝန်ရှိသူတွေဟာ မြို့ပြကျွမ်းကျင်သူတွေ၊ ပညာရှင်တွေ ဖြစ်ရပါမယ်။ ချထားတဲ့ ရေတိုရေရှည် စီမံကိန်းတွေ၊ လုပ်ငန်းလေးတွေ အကောင်အထည်ဖော်ဖို့ တစ်ခုချင်းစီ တင်ဒါစနစ်နဲ့ ပွင့်ပွင့်လင်းလင်း အကောင်အထည် ဖော်ရပါမယ်။ ဥပမာ မြောင်းဘယ်လို ဖောက်ဖို့လိုလဲ၊ ကားပါကင် ဘယ်လို ဖော်ထုတ်မလဲ၊ ဆာဗေးအရင်လုပ်မလား၊ လုပ်ဖို့ အဖြေထွက်လာရင် လုပ်မယ့်အပိုင်းအလိုက် ကျွမ်းကျင်ကုမ္ပဏီတွေကို တင်ဒါခေါ်ပြိုင်ခိုင်း လုပ်ခိုင်းရပါမယ်။ စည်ပင်ရဲ့အလုပ်က စီမံခန့်ခွဲဖို့နဲ့ ကုမ္ပဏီတွေက စည်းကမ်းချက်ပါအတိုင်း အကောင်အထည်ဖော် မဖော် ကြီးကြပ်ဖို့ပဲ တာဝန် ရှိပါတယ်။ ဒါဆို ပုဂ္ဂလိက ကုမ္ပဏီတွေလည်း ကြီးထွားလာပါမယ်။

လက်ရှိဖြစ်နေတဲ့ ရေကြီးတဲ့ ပြဿနာ၊ ကားကျပ်တဲ့ ပြဿနာ၊ လမ်းဘေးဈေးသည်တွေကို စနစ်တကျ နေရာမ ချနိုင်တဲ့ ပြဿနာ၊ မြို့တော်ကြီး ညစ်ပတ်နေတဲ့ ပြဿနာ အားလုံးရဲ့ အရင်းခံဟာ စစ်ဗိုလ်ဟောင်းတွေဟာ ဘီလီယံနဲ့ချီတဲ့ ဘတ်ဂျက်တွေကိုင်ပြီး သူတို့ဖာသာသူတို့ လုပ်ချင်ရာ လုပ်နေကြတဲ့ ပြဿနာပါ။ ကားပါကင် လုပ်ရရင်၊ ပက်လက်ဖောင်းခင်းနေ ရရင်၊ ရေမြောင်း ဖော်နေရရင် အလွန်ပျော်ပါတယ်။ ကိုယ့်ဖာသာ ငွေကြေး ကိုင်ပြီး လုပ်နေရရင် အလွန်ပျော်ရွှင်တဲ့ သဘောပါ။ ဒါပေမဲ့ အားလုံးမြင်တဲ့အတိုင်း မြို့တော်ကြီး ပုံပျက်ပန်းပျက်ဖြစ်နေပါတယ်။ ဒါဟာ စစ်အာဏာရှင်စနစ်ကြောင့် ဖြစ်ရတာ၊ လက်ရှိ အမွေဆက်ခံသူတွေ၊ အထူးသဖြင့် ရန်ကုန်စည်ပင်ဟာလည်း အရင်ခေတ်ကအတိုင်း ဘာမှမပြောင်းလဲလို့ ဖြစ်ရတာဆိုရင် လွန်ရာကျပါသလား။


စည်သူအောင်မြင့်
Mizzima Burmese