အနုပညာနှင့်နိုင်ငံရေး

ပို့စ်တင်ချိန် - 6/05/2014 09:58:00 AM




- ဇာဂနာ

တစ်ခါက နိုင်ငံခြား သတင်းထောက် တစ်ဦးက ဇာဂနာဆိုတာ နိုင်ငံရေး သမားလား အနုပညာ သမားလားဟု မေးဖူးသည်။

ကျွန်တော်က မဆိုင်းမတွပင် အဖြေပေးလိုက်တော့ သူတို့ သဘောကျသွား၏။ “နိုင်ငံရေး အရသာကဲသော အနုပညာသမား”လို့။ တစ်ချို့က နိုင်ငံရေးနှင့် အနုပညာကို သပ်သပ်ခွဲ ထုတ်စေချင်သည် နိုင်ငံရေးနှင့် အနုပညာ မတူပါဟု ဆိုကြ၏။

၁၉၈၈ ခုနှစ် တော်လှန်ရေး ကာလက သပိတ်မှောက် ကော်မီတီတွေဖွဲ့တော့ ဆရာဦးဝင်းတင်က စာပေနဲ့ အနုပညာရှင်များ ကော်မီတီ (နောက်တော့ စာပေနှင့် အနုပညာရှင်များ သမဂ္ဂ)လို့ ကင်ပွန်းတပ်ခဲ့သည်။ စာပေ နှင့် အနုပညာ မတူဟုဆို၏။

ယခင်ကလည်း အနုပညာသည်များကို ၀ါဂီနစ်ဟု ခေါ်ခဲ့ကြဖူးသည်။ နစ္စ ဂီတ ၀ါဒိတဟူသော ဘုရားစာထဲက စာသုံးလုံးကို အဖျားဆွတ်ခေါ်ခြင်း ဖြစ်မည်။ မည်သို့ဆိုစေ တီးမှုတ်ကခုန် သီဆိုနေသူများကို ၀ါဂီနစ်များဟု သုံး နှုန်းခြင်းဖြစ်၏။ ဒီနေ့ခေတ် အခါမှာတော့ သဘင်၊ ရုပ်ရှင်၊ ဂီတ သုံးခုလုံးကို အနုပညာရှင်များဟုပင် သုံးစွဲနေကြလေပြီ။

ခေတ်အဆက်ဆက် အနုပညာသည်များကို နိုင်ငံရေးသမားတွေက အသုံးချသွားတာချည်း ဖြစ်သည်။ အနုပညာသည်များ၏ နဂိုဓတ်ခံကိုက ပျော့ညံ့တတ်သည်။ စိတ်ခံစားမှုကို ရှေ့မှာတင်ထား တတ်သည်။ ခံစားစရာရှိလျင် အလွန်အကျွံ။ ဒါကိုသိသော နိုင်ငံရေးသမားတို့က အနုပညာရှင်တွေကို ကောင်းကောင်း ခိုင်းစားကြသည်။ သူတို့အတွက် လက်နက်သဖွယ် အသုံးချကြသည်။

ဦးနေ၀င်း လက်ထက်မှာ အင်းလျားလိတ် ဟော်တယ်ထဲ ပွဲဝင်ကြမ်းဖူးသည်။ ပြီးတော့ စတီရီယို အဆိုတော်တွေ အားလုံး သီချင်းဆိုခွင့်တွေ ပိတ်တော့၏။ ဒီမှာတင် ရေဒီယို အဆိုတော် တစ်ခေတ် ဖြစ်လာတော့၏။ သို့တစေ စီးလာသည့် ရေကို မတားဆီးစကောင်း။ လူတွေ နားထဲမှာ စတီရီယိုကို တမ်းတနေသည်။ ချင်ခြင်းတပ်နေပြီ။

ဒီတော့လလည်း လွယ်သည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအတွက် မဲဆွယ်ဖို့ အနုပညာရှင်တွေကို ခေါ်ခိုင်းလိုက်တော့သည်။ စတီရီယို အဆိုတော်တွေကို စင်ပေါ်ပြန်တက် စေခဲ့သည်။ အောင်ကိုလတ်၏ မဲရုံသီချင်းက ၀က်ဝက်ကွဲ ပေါက်ခဲ့ချေပြီ။

“ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုရေး၊ ဆန္ဒပေး ဆန္ဒပေး ဆန္ဒပေးကြဟေ့၊ သမိုင်းတစ်ခေတ် ဆန်းသစ်ခဲ့ပြီလေ တို့ဥပဒေ တို့ရေးဆွဲလို့ ဖြစ်လာပြီလေ ကိုယ့်ကြမ္မာကိုယ် ဖန်တီရမယ့် ခေတ်ကိုသာလေ ရောက်ခဲ့ပေါ့လေ” ဆိုသော သီချင်းကား မြန်ပြည်အနှံ့ ခြေဆန့်ခဲ့ချေပြီ။ မကြားချင်မှ အဆုံး။ ရုပ်ရှင် မင်းသား မင်းသမီးတွေကို ရပ်ကွက်ထိပ်က ကလေးကစားကွင်းထဲတင် သွားကြည့်လို့ ရခဲ့သည်။ ကျွန်တော်တို့ လမ်းထိပ်မှာ ကျော်ဆွေလည်း လာသည်၊ ၀င်းဦးလည်း ပါသည်။ ဒီလိုနှင့် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီးကို အတည်ပြုလိုက်နိုင်ပေသည်။

တစ်ဖက်မှာတော့ တိုင်းရင်းသား အရေးကို မျက်ကွယ်ပြုထားလိုက်သည်။ တန်းတူညီမျှရေး အတွက် တိုက်ပွဲဝင်နေကြရသော တိုင်းရင်းသားတွေကို ဖယ်ထုတ်ပြီးသည့် ဥပဒေကို အတည်ပြု ပစ်လိုက်သည်။ တိုင်းရင်းသားတွေကို တိုက်ပွဲမျိုးစုံဆင်ပြီး ဒီဥပဒေကို အတည်ပြု ပစ်လိုက်သည်။ အနုပညာရှင်တွေကတော့ ဘာမှမသိ။ ဆိုကြ ကကြ ဟောပြောကြနှင့် ပျော်လို့ကောင်းနေတုန်း။

ဒီလိုနှင့် မဆလ အစိုးရဆိုတာကြီး ပေါ်ပေါက်လာတော့သည်။ စတီရီယို တေးသံရှင်တွေကို ဘောင်းဘီဝတ်ပြီး သီချင်းမဆိုရဟု ပိတ်ပင် လိုက်ပြန်၏။ မှတ်မိနေသေးသည်။ ပလေဘွိုင် သန်းနိုင်ကြီး မင်းသားဝတ် နှင့် စင်ပေါ်တက်ပြီး (ရွဲ့ )ကာ စတီရီယို သီချင်းတွေ ဆိုခဲ့သေးသည်။ ရုပ်ရှင် ဇာတ်လမ်း စိစစ်ရေးကို ပိုမိုတင်းကျပ် လိုက်တော့၏။ ရုပ်ရှင် ဇာတ်လမ်းတိုင်းမှာ ပြည်သူ့ အကျိုးပြု ဆိုတာ တစ်ခု မပါမနေရ ထည့်ခိုင်းတော့သည်။ အမှန်ကတော့ ဆိုရှယ်လစ် အစိုးရကို ချီးမြှောက်သော ပြကွက်များ ထည့်ခိုင်းခြင်းပင်။

ဒီလိုလုပ်ခဲ့တာတွေ၏ အကျိုးဆက်ကို ၁၉၈၈မှာ မဆလ အစိုးရ ကောင်းကောင်း ခံရတော့သည်။ ၁၉၈၈ခုနှစ် သြဂုတ်လ(၂၂)ရက်နေ့မှာ ရုပ်ရှင် ဂီတ ပညာရှင်များ ပထမဆုံး လမ်းပေါ် စထွက်ခဲ့လေပြီ။ သူတို့ကို ချစ်သော ပြည်သူတွေက သူတို့နောက်က လိုက်လာကြလေပြီ။ ဒီလိုနှင့် သပိတ်မှောက် အင်အား ကြီးထွားခဲ့တော့သည်။

ဒါကို ကောင်းကောင်းသိသော အာဏာသိမ်း စစ်တပ်က အနုပညာရှင်တွေကို ပြန်သိမ်းသွင်းပြန်သည်။ ဖလင်မရှိလို့ ရုပ်ရှင် မရိုက်ရသော ရုပ်ရှင်သမားတွေ အတွက် တပ်မတော် ထောက်လှမ်းရေးက ပိုက်ဆံ ထုတ်ပေးပြီး ပန်းမြိုင်လယ်က ဥယျဉ်မှူး ဇာတ်ကားကို ရိုက်စေခဲ့သည်။ တစ်ဖက်မှာတော့ ၀ဇီရာ ပြဇာတ်ရုံ ထူထောင်ပေးပြီး ပြဇာတ်တွေ ကစေခဲ့သည်။ ရုပ်ရှင်သမားတွေ အူစိုလာတော့ ငြိမ်သွားသည်။ ဂီတသမားတွေကိုလည်း ကန်တော်ကြီးထဲမှာတောင် ဖျော်ဖြေပွဲတွေ လုပ်ခွင့် ပေးလာသည်။ ဇာတ်သမားတွေကိုတော့ ထူးထူးခြားခြား ဘာမှလုပ်မပေးခဲ့။ မှတ်မှတ်ရရ နေ့ခင်းဖက်ပွဲ ကခွင့်ပေးတာမျိုးတော့ ရှိ၏။

သို့သော် သိပ်မကြာချေ။ ဇာတိက ပြလာသည်။ အမျိုးသား ဇာတ်ရုံမှာ ပြဇာတ် ကနေချိန်ဖြစ်၏။ အစိုးရအဖွဲ့ တော်တော်များများ လာကြည့်ကြသည်။ အထူးသဖြင့် အတွင်းရေးမှူး (၁)က ရှေ့ဆုံးက ဖြစ်၏။ ဒါရိုက်တာ မိုက်တီး၏ လူညီညီ မညီညီ ဤဟာဤ ကျွဲဟာကျွဲ ပြဇာတ်ထဲမှာ ကျော်ရဲအောင်က ပရိသတ်ထဲကနေ စင်ပေါ်သို့ ပြေးတက်ရသည့် အခန်းပါ သည်။ မှောင်ထဲမှာ ဆိုတော့ ကျော်ရဲအောင် ပြေးရင်း အတွင်းရေးမှူး(၁) ခြေထောက်ကို ခလုပ်တိုက်မိတော့သည်။ သို့ဖြင့် ကျော်ရဲအောင်ခမျာ ရုပ်ရှင်လောက ကနေ ၃နှစ် နားခိုင်း ခံခဲ့ရရှာသည်။ သူတို့ ဆရာတပည့် နှစ်ယောက် ကံတူ အကျိုးပေးသည်ဟု ဆိုရမည် ဖြစ်သည်။ သူ့ဆရာ (ဦး)သန်းဖေလေးလည်း ပြဇာတ် အကကောင်းလို့ နှစ်အကန့်အသတ်မရှိ အပိတ်ခံ ခဲ့ရပြန်သည်။ ဒါရိုက်တာ ဦးအောင်လွင်၏ ပြဇာတ်တွင် (ဦး) သန်းဖေလေးက အရက်သမား အဖြစ် သရုပ်ဆောင်ရသည်။ ဇာတ်ဝင်ခန်းထဲမှာ သူကြီးသားကို သွားစိန်ခေါ်သည့် အခန်းပါသည်။

(ဟေ့ကောင် မင်းယောကျာင်္း ရင့်မကြီး ဖြစ်နေရက်နဲ့ မိန်းကလေး တစ်ယောက်ကို ဖမ်းချုပ်ထားတာ သတ္တိလားကွ။ မင်းမှာ သတ္တိရှိရင် လာစမ်း၊ ငါနဲ့တစ်ယောက်ချင်း ချမယ်)ဟု ပြောရလေသည်။ ဖြစ်ချင်တော့ သူ့လက်ညှိုးက အတွင်းရေးမှူး(၁)ကို ထိုးပြီး ပြောသလို ဖြစ်သွားသည်။ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်က အကျယ်ချုပ်။ ညတွင်းချင်းပင် ဒါရိုက်တာရော သရုပ်ဆောင်ပါ ဖမ်းခံရသည်။ နောက်တစ်နေ့မှာတော့ ဦးသန်းဖေလေးကို သရုပ်ဆောင်ခွင့် ပိတ်လိုက်တော့သည်။ ဟာသမယ် (မ)သန်းရွှေကတော့ ကွယ်လွန်သည်ထိ ရုပ်ရှင် မရိုက်ခဲ့ရရှာ။

ဒီလိုပဲ နိုင်ငံတော် ဧည့်ဂေဟာ(၂) နှင့် ရုပ်ရှင် အစည်းအရုံးမှာ ဒါရိုက်တာတွေကို ခေါ်ပြီး ကြိမ်းမောင်း ခြိမ်းချောက် ခဲ့ဖူးသည်။ အတင်းအကျပ် လက်မှတ်ထိုးခိုင်း ခဲ့ဖူးသည်။

အနုပညာရှင်တွေကား ကြောက်ကြသည်။ ဒါကို အပြစ်မဆိုသာ။ စိတ်ခံစားမှုဖြင့် အလုပ်လုပ်သူတိုင်း ထိုနည်းနှင်နှင်။ ဒီကြားထဲ (ပြည်သူ့သစ္စာဖောက် စာရင်း) ဆိုတာကြီးက ထွက်လာပြန်သည်။ ထိုစာရင်းကို တွေ့တွေ့ချင်း ကျွန်တော် စိတ်တော်တော် ပျက်မိသည်။ တစ်ဖက် နိုင်ငံက ပြုစုတာဟုလည်း ဆိုသည်။ ဒီစာရင်းကို ကိုင်ပြီး စစ်တပ်က အနုပညာရှင်တွေကို ကောင်းကောင်း ခိုင်းစားတော့သည်။ ထိုပြည်သူ့ သစ္စာဖောက် စာရင်းတွင် အထည့်ခံရလို့ ကိုဇင်ဝိုင်း ငိုယို ပေါက်ကွဲ လေသည်။ ၁၉၈၈တုန်းက သူထိပ်ဆုံးက ပါသလို ထိပ်ဆုံးက ဖမ်းခံရသည်။ ခုတော့ ထောက်လှမ်းရေးက ရိုက်သည့် ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့လို့ဟု ဆိုကာ သူ့ကိုသစ္စာဖောက် စာရင်းထဲ ထည့်လိုက်ကြလေသည်။

အမှန်ကတော့ ဒီလိုလုပ်လိုက်ခြင်းက ကိုယ့်ဖက်ကနေ သူ့ဖက်ကို တွန်းပို့လိုက်တာ ဖြစ်၏။ အနုပညာရှင်တွေက စိတ်ပျက်ကုန်ကြသည်။ သူတို့ စစ်တပ်ကိုလည်း ကြောက်သည်၊ နိုင်ငံရေးသမားတွေ ကိုလည်း လန့်ကုန်ကြသည်။ (မှတ်မိသလောက် ထိုစာရင်းထဲတွင် ရုပ်ရှင်မင်းသား မင်းသမီး အဆိုတော် အယောက် ၂၀ကျော်ပါသည်။) ဒီအကျိုးဆက်က ၂၀၀ရ သံဃာ အရေးအခင်းမှာ လာထင်ဟပ်သည်။ သံဃာတော်တွေကို ဆွမ်းကပ်ဖို့ သွားခေါ်တာ ဘယ်သူမှ မလိုက်ရဲတော့။ အနုပညာသည်တွေကို စည်းရုံးလို့ မရခဲ့ချေ။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတွက် ထောက်ခံမဲ ပေးကြဖို့ ရုပ်မြင်သံကြားကနေ ဇာတ်လမ်းတွေ ရိုက်လိုက်၊ သီချင်းတွေ ဆိုလိုက်၊ အငြိမ့်တွေ ကလိုက်ဖြင့် အစိုးရ အလိုကျ ပါဝင်ခဲ့ကြတာသည် အနုပညာရှင်တွေပဲ ဖြစ်သည်။

အခြေခံအားဖြင့် အနုပညာ နှင့် နိုင်ငံရေးသည် သဘာဝ မတူချေ။ အနုပညာက နှလုံးသားကို ဦးစားပေးပြီး နိုင်ငံရေးက ဦးနှောက်ကို ဦးစားပေးသည်။ အနုပညာက စိတ်ခံစားမှုကို လွှတ်ပေးသော်လည်း နိုင်ငံရေးက စိတ်ခံစားမှုကို ဇက်သတ်ထားသည်။ တူတာတစ်ခုက လွတ်လပ်မှုကို မြတ်နိုးကြသည်။ ထိုတူညီမှု တစ်ခုတည်းနှင့်ပင် အနုပညာနှင့် နိုင်ငံရေးတို့ အဆွေခင်ပွန်း ဖွဲ့ကြခြင်းဖြစ်၏။

ကျွန်တော်တို့ ထောင်ထဲက လွတ်လာပြီး နောက်မှာတော့ အခြေအနေ တစ်ချို့ ပြောင်းလာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခြံထဲကို အနုပညာရှင် တော်တော်များများ ရောက်လာသလို ပါတီထဲသို့လည်း ၀င်ကြ၏။ အနုပညာရှင်တွေ နှင့် ၈၈တို့လည်း လက်ပွန်းတတီး။ ချစ်ကြသည်။ ခင်ကြသည်။ သိုင်းကြ ၀ိုင်းကြသည်။ ဒီအတွယ်အတာက ချစ်စရာ ကောင်းပါသည်။ ဒီလို အနေအထားမျိုးကို ဘယ်တုန်းကမှ မရခဲ့။ နိုင်ငံရေး နှင့် အနုပညာ ပေါင်းစည်းကြလေပြီ။ မေတ္တာရပ်ခံ ချင်ပါသည်။ တစ်ချိန်က ပြည်သူ့ သစ္စာဖောက် စာရင်း ထုတ်ပြန်ခဲ့သလို အနုပညာရှင်တွေကို ဖိအားရော တွန်းအားပါ မပေးစေချင်။ အကိုင်အတွယ် မတတ်သော် ကိုယ့်လူကို သူ့ဖက်ပေးလိုက် ရတတ်ပါသည်။

ကျွန်တော်တို့ နှစ်ပေါင်းများစွာ ရင်းပြီး ရလာခဲ့သော သင်ခန်းစာများသည် ဈေးကြီးပါသည်။ လက်ဖ၀ါး လက်ဖမိုး ခွဲမနေပဲ တင်းတင်းဆုပ်ရမည့် အချိန်မှာ လက်တွဲဖြုတ်လိုက်ရလျင် အားယုတ် ရပါလိမ့်မည်။

- ဇာဂနာ

Tomorrow  Journal