ဆြာဒင် သမ္မတကြီးလည်းဖြစ်ခဲ့ဖူးပါသည်
ပို့စ်တင်ချိန်
- 6/05/2014 01:20:00 PM
(၁)
ဖူးခက်မိုးသည် အနောက်တောင်ဆီက ရွာမည်ဟန်ပြင်နေလေပြီ။ မိုးသက်လေနှင့်အတူ မုန်တိုင်းပင့်ပြန်လေရာ စစ်မျက်နှာဖွင့်၍တိမ်ခိုးလွှင့်ကာနှင်လျက်ရှိလေ၏။ မျှော်ကြည့်လေရာတွင် မှိုင်းမှိုင်းရိပ်မှောင်စွန်တောင်မှင် လျက်ပြိုမှာ လေလားမိုးရဲ့ဟု စိုးအောင်ခုပင်၊ မိုးနတ်အမ္ဗုန် မောင်ဖန်တီးနိုင်အားပါဘိသည်။ လျှံရွှေစင်ကဲ့သို့ ပြိုးပြိုးပြက်နေသည့် လျှပ်စစ်ရောင်ခြည်မျှင်တို့ဖြင့် ဗျူဟာဆင်ကာ မိုးလုံးပြည့်တရွေ့ရွေ့ယူဆဲတွင် နယ်ရှစ်ခွင် မင်းလွင်ဝန်းကျင်၌ အာကာဝေဟင်သည်လွမ်းအောင်ဖော်ပြနေယောင်တကား။ ဆြာဒင်သည် ဘယ်ရှေးဝဋ်ကြွေး အတုံ့အတင်ရှိခဲ့လေသနည်း။ လက်စားချေပြီထင့်၊ ခိုမှီရာမဲ့သည့် ဆြာဒင့်ဖြစ်အင်ကို ရှုလှည့်မြင်လှည့်စေချင်ပါ၏။
သို့လျှင် ဂီတနက်သန်ကို စောညိမ်းသို့အားကျတမ်းတ လျက် ဝုန်းဒိုင်းကြဲသောမိုးသံကို နားစွင့်ကာ ဆြာဒင်သည် ယိုး ဒယားပြည် ဖူးခက်မြို့ အိမ်အိုကြီး အတွင်းက အိပ်ရာခုတင်ထက်မှာ လဲလျောင်းနေရင်း အကင်းမသေ သေးသည့် နဖူးထက်ကဒဏ်ရာ ကို လက်ဖြင့်ခပ်ဖွဖွစမ်း၍ တစ် ကိုယ်တည်းအထီးကျန် အတွေး ပွားလျက်ရှိလေသည်။ ဆြာဒင်၏ မဟာနဖူးပြင်အလယ်တည့်တည့် တွင် ညိုမည်းသည့်ဒဏ်ရာရစေ အောင် ဖန်လာခဲ့သည့် နောက်ခံ အကြောင်းရင်းကို ဆြာဒင်ပြန် ပြောင်း မစဉ်းစားချင်သော်ငြား မိုးအေးအေးတွင် ဒဏ်ရာမှတဆစ် ဆစ်ကိုက်ခဲလာသည့်အခါတွင် ကား ဆြာဒင့်စိတ်အစဉ်သည် လွန်ခဲ့သောတစ်ပတ်ကျော်ဆီသို့ လွင့်မျောသွားခဲ့လေသည်။
ထိုနေ့က ယနေ့လိုပင်မိုး အေး၏။ ဆြာဒင်သည် ယခုကဲ့သို့ ပင် အိပ်ရာထက်၌လဲလျောင်းရင်း ဩစတြေးလျတိုက်နေ မြန်မာ မိတ်ဆွေတစ်ဦး၏ အီးမေးလ်စာ တစ်စောင်ကို သတိရမိနေချိန်ဖြစ် သည်။ သူ၏ စာပါအကြောင်း အရာမှာ ဇာတိမြေကိုစွန့်ခွာပြီး ဩစတြေးလျတိုက်၌ သူတစ် ဆယ့်ငါးနှစ်တာ ခြစ်ခြစ်ကုပ်ကုပ် စုဆောင်းရှာဖွေထားသည့် အမေ ရိကန်ဒေါ်လာငါးသိန်း (မြန်မာ ကျပ်ငွေအားဖြင့် သိန်းငါးထောင် ကျော်ခန့်)သည် ယခုလက်ရှိ မြန်မာပြည်မြေဈေးအရ ကိုယ်ပိုင် အိမ်ခြံဝင်းကောင်းကောင်းနှင့် နေ ထိုင်နိုင်ခြင်းငှာ မပြည့်မီသဖြင့် စိတ်လက်ညစ်ညူးမိကြောင်း ရင် ဖွင့်ထားခြင်းဖြစ်လေ၏။ ပြောင်း လဲလာသော ဒီမိုကရေစီခေတ် ကြီးတွင် ကမ္ဘာအရပ်ရပ်မှ မြန်မာ ပြည်သို့လာရောက်ရင်းနှီးမြှုပ်နှံ လိုကြသည့် နိုင်ငံတကာလုပ်ငန်း ရှင်တို့ပင် မြန်မာပြည်မြေဈေး ကြောင့် ငုတ်တုတ်မေ့ကာ လက် မှိုင်ချကြရကြောင်း သူ့စာတွင် ဆက်လက်ဖော်ပြထားပြန်သည်။
အဆိုပါခဏ၌ပင် မထင် မှတ်သော ထူးဆန်းလှသည့် ဧည့် သည်တော်ကြီးတစ်ဦးသည် ဆြာ ဒင်လဲလျောင်းရာ ခုတင်ဘေးဆီ သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက် ရှိလာခဲ့ချေသည်။
(၂)
အဆိုပါဧည့်သည်ကြီး၏ ပြုံး မယောင်ရှိနေသည့်နှုတ်ခမ်းပါး ကလေးတစ်စုံကြောင့် ဆြာဒင့် စိတ်တွင် မြင်ဖူးသလိုလို ဇဝေဇဝါ ဖြစ်နေခဲ့သော်ငြား သူ၏ကြီးမား ကျယ်ပြန့်လှသော ပြောင်လက် နေသည့် နဖူးပြင်ကြီးကို မြင်လိုက် ရသည့်အခါ ဆြာဒင်သည် ရုတ် ခြည်းပင်မှတ်မိသွားကာ အံ့ဩ ခြင်းကြီးစွာဖြင့် အလန့်တကြား အာမေဋိတ်ပြုမိလေတော့သည်။
‘‘အလိုလေး၊ ငါတို့သမ္မတ ကြီးပါလားဟရို့’’
သမ္မတကြီးကား မာန်မာန မရှိ၊ သဘောကောင်းဟန်ရှိပြီး လေပြေထိုးသံသာသာ၊ တိုးညင်း ညင်သာစွာ စကားဆို၏။
‘‘နေကောင်းရဲ့လားဆြာဒင်၊ အေးအေးသက်သာလှဲနေပါလေ၊ ဆြာဒင့်ခုတင်စွန်းမှာပဲ ဝင်ထိုင် လိုက်ပါ့မယ်။ အကူအညီတစ်ခု တောင်းစရာရှိလို့ ဆြာဒင်ရဲ့’’
နိုင်ငံ၏အခေါင်အချုပ် မဟာ သမ္မတမင်းသည် ဆြာဒင့်ခုတင် ထက်ဆီသို့ မည်သို့မည်ပုံရောက် လာခဲ့လေသနည်း။ ရေမျောကမ်း တင် ဆြာဒင်အား အကူအညီ တောင်းလိုသည်ဟုပင်ဆိုလာချေ ပြီ။ အာစေးမိသကဲ့သို့ ဖြစ်နေလေ သည့် ဆြာဒင်ကား သမ္မတကြီးကို မည်သို့ခွန်းတုံ့ပြန်ရန်ပင် မဝေခွဲ နိုင်၊ ယောင်တီးယောင်အရှိနေခဲ့ ရာ အတန်ကြာမှ သတိပြန်ဝင် လာခဲ့ကာ ကျိုးနွံစွာ ‘‘ခင်ဗျာ’’ချင်း ထပ်လျက်အရိုအသေပေးနှုတ် ဆက်သမှုပြရတော့သည်။
‘‘ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဟုတ် ကဲ့၊ သမ္မတကြီးခင်ဗျာ။ ရုတ် တရက်မို့ တလေးတစားနှုတ် မဆက်မိတာ ခွင့်လွှတ်တော်မူပါ ခင်ဗျာ။ လာရခြင်းအကြောင်းရင်း ကို အမိန့်ရှိပါခင်ဗျာ’’
ဤတွင် သမ္မတကြီးသည် သက်ပြင်းရှည်ကြီးတစ်ချက်ကို လေးတွဲ့စွာချလိုက်ရင်း တိုးလျှိုး ညင်သာ မြွက်ဟမိန့်ဆိုမှုကြောင့် ဆြာဒင်တစ်ယောက် ရှင်းလင်း စွာသဘောပေါက်နားလည်ခဲ့ရ တော့သည်။ သူ့ပြဿနာ သူ့ အခက်အခဲကား သူ့နှလုံးသားကိစ္စ ဟုဆိုသော်ရနိုင်၏။ သူ့နှလုံးသည် စက်ကိရိယာတစ်ခုအားကိုးဖြင့် လည်ပတ်လှုပ်ရှားနေရသည်ဖြစ် ရာ ရုတ်ခြည်းအရေးပေါ် ခွဲစိတ် ကုသမှု အငယ်စားတစ်ခုပြုရန် လိုအပ်သဖြင့် သူ၏သမ္မတရာထူး တွင် ဆြာဒင်အနေဖြင့် တစ်ရက် တာ တာဝန်ထမ်းဆောင်ပေးပါ ရန် မေတ္တာရပ်ခံလာခြင်းဖြစ်၏။
ရာထူးဂုဏ်သိန်တို့၏ နောက်ဆက်တွဲအပူမီးတို့သဘော သဘာဝကို စောင်းပါးရိပ်ခြည်သိ နေပြီးသည့် ဆြာဒင်သည် အာ ဏာပါဝါကို မမက်မောသော်ငြား သူတစ်ထူး၏အခက်အခဲကိုကူညီ လိုစိတ်သာ ကဲနေသည်ဖြစ်ရာ အထွေအထူးဆွေးနွေးငြင်းဆန် ခြင်းပြုမနေတော့ဘဲ နှစ်ဆယ့် လေးနာရီ၊ တစ်ရက်တိတိ၊ သမ္မတ မင်းစည်းစိမ်ကို ခံစားရန်အလို့ငှာ နောက်တော်ပါသုံးဦးကို အပါခေါ် လျက် သမ္မတကြီး၏ အထူးကိုယ် စားလှယ်လွှဲစာကိုယူဆောင်ကာ ၎င်းစီးနင်းလေ့ရှိသော အထူး ရဟတ်ယာဉ်ဖြင့် နေပြည်တော်ရှိ သမ္မတအိမ်တော်သို့ တက်သုတ် နှင်ရောက်ခဲ့ရပြန်ချေသည်တစ်မုံ့ တကား . . .
(၃)
ဆြာဒင်သမ္မတ တာဝန်ကို တစ်ရက်တာတစ်ခဏ စတင် ထမ်းဆောင်ရမည့် နံနက်ခင်း ကား တစ်သက်မမေ့နိုင်စရာ စည်းစိမ်ခြွေရံ သင်းပင်းတို့နှင့် ပြည့်စုံလှသော်လည်း ဆြာဒင် သည် ကြီးကျယ်ခမ်းနားလှသော သမ္မတမင်း၏ အဆောင်အယောင် တို့ကို ဂရုဓမ္မပြုမခံစားနိုင်အား။စိတ်ထဲတွင် ဆောင်ရွက်လိုသည့် အရေးကြီးကိစ္စကိုသာ ဖုတ်ပူမီး တိုက်ဆောင်ရွက်မိလေ၏။
ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီး၊ ရန်ကုန် တိုင်းဝန်ကြီးချုပ်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့အား နှစ် နာရီအတွင်း သမ္မတရုံးအစည်း အဝေးခန်းမသို့ ချက်ချင်းအစည်း အဝေးတက်ရောက်ရန် အရေး ပေါ်အမိန့်စာကို လက်မှတ်ရေး ထိုးထုတ်ပြန်လိုက်ရ၏။ တစ်ချိန် တည်းတွင် ၎င်းအရေးပေါ်အစည်း အဝေးတွင် ဆွေးနွေးဆုံးဖြတ်ကြ သည်များကို အများပြည်သူတိုက် ရိုက်ကြည့်ရှုနိုင်ရန်အလို့ငှာ ပြည် တွင်းပြည်ပမီဒီယာအသီးသီးကို လည်း တစ်ပြိုင်တည်းအချိန်နှင့် တစ်ပြေးညီ တိုက်ရိုက်ထုတ်လွှင့် နိုင်စေရန် အခွင့်အရေးပေးဖိတ် ခေါ်စေရ၏။
သတ်မှတ်ချိန်တွင် မီဒီယာ များ၊ ဖိတ်ကြားထားသော အထူး အရေးကြီးပုဂ္ဂိုလ်များ စုံညီစွာ ရောက်ရှိနေခဲ့ပြီဖြစ်ရာ သမ္မတ ကြီးဒင်သည် အချိန်ကိုငဲ့ရသည် ဖြစ်၍ အဖွင့်မိန့်ခွန်းမျှကိုပင် လျှာ ရှည်မြွက်ကြားမနေတော့ဘဲ လို တိုရှင်းအချက်ကိုပင် လမ်းညွှန်မှု ပေးလိုက်ရပေတော့သည်။
‘‘ကဲ၊ ဒီမိုကရေစီခေတ် ရောက်ပြီမို့ ပြည်ပရင်းနှီးမြှုပ်နှံမှု တွေ တစ်ပြုံတစ်မကြီးဝင်လာနိုင်မှ သာ ဗမာပြည်ရှေ့ခရီးမှာ အသက် ရှူချောင်ကြပေလိမ့်မယ်။ နယူး ယောက်မက်ဟင်တန်ရပ်ကွက် ထက် နှစ်ဆဈေးကြီးနေတဲ့ ရန်ကုန် မြေဈေးနဲ့ကဖြင့် ဇောတိကတောင် ထိုင်ငိုမှာမို့၊ ဝေါင်ဝေါင်ရှေးဝေး ဝေးကရှောင်ကုန်ကြပြီ။ ဒီအတိုင်း ရှေ့ခရီးဆက်လို့တော့မဖြစ်ချေ ဘူး။ ဂျာအေးသူ့အမေရိုက်ပြီး မုန့် လုံးကိုစက္ကူကပ်ကုန်တော့မယ်’’
ဤတွင် လွှတ်တော်ဥက္ကဋ္ဌ သည် ရုတ်ခြည်းမတ်တတ်ရပ် ကာ သမ္မတကြီးဒင်၏စကားကို ကြားဝင်ဖြတ်သည်။
‘‘ဒီလိုရှိပါတယ်၊ သမ္မတကြီး၊ ဒီကိစ္စဟာ အပြန်အလှန်ထိန်းသိမ်း ကြပ်မတ်ခြင်းဆိုတဲ့မူအရ လွှတ် တော်ကတစ်ဆင့် အဆိုတင်သွင်း ပြီးမှသာ.. ’’
သမ္မတကြီးဒင်သည် လွှတ် တော်ဥက္ကဋ္ဌကို လက်ရိပ်ပြကာ ချက်ချင်းပြန်ထိုင်ခိုင်းလိုက်သည်။
‘‘ထိုင်တော့၊ ခင်ဗျားထိုင် တော့။ ခင်ဗျားဗျာ၊ လွှတ်တော် ထဲရောက်နေတဲ့ မြေပိုင်ရှင်တွေ က မြေဈေးကိုထိန်းသိမ်းကြပ်မတ် နေမှတော့ နေမြင့်လေ၊ အရူးရင့်လေပေါ့။ မတော်မတရားတာကိုသာ ထိန်းသိမ်းကြပ်မတ်ကြရမှာဗျ။ ပြည်သူအတွက် သေချာ ပေါက်အကျိုးရှိမယ့်ကိစ္စရပ်မျိုးကို သမ္မတရဲ့ အထူးလုပ်ပိုင်ခွင့် အရ ကျွန်တော်လုပ်တယ်။ ခင် ဗျားသာ စီးပွားရေးသိပ်သောင်း ကျန်းနေတာ ကျွန်တော်အကုန်သိ နေတယ်နော်။ ဒါပဲ’’
သမ္မတကြီးဒင်နှင့်အနီးဆုံး တွင် နေရာယူထားလေသည့် သမ္မတရုံးဝန်ကြီးကား သမ္မတကြီး ၏ လမ်းညွှန်ချက်ကို အသေးစိတ် လိုက်လံရေးမှတ်လျက်ရှိ၏။ ငါးခူ ပြုံးပြုံးရင်း မူလလက်ဟောင်း သမ္မတနှင့်နှိုင်းစာသော် ဆီနှင့်ရေ လို ကွာခြားလှသည့် ယာယီတစ် ခဏသမ္မတကြီးဒင် ပြတ်ပြတ် သားသားကိုင်တွယ်ဆောင်ရွက် နေသည်ကို သဘောအကျကြီးကျ နေဟန်မှာ ‘‘ဒါမှ ငါတို့သမ္မတ’’ဟု ဆိုနေဘိသကဲ့သို့ ရှိလေသည်။
(၄)
ဆြာဒင်သည် အာဏာပါဝါ ပြရသည့်အလုပ်ကို စက်ဆုပ်ရွံ ရှာလှသော်ငြား နှစ်ဆယ့်လေးနာ ရီတည်းဟူသော အချိန်အကန့် အသတ်ကို တန်ဖိုးထားနေရသူမို့ ရှင်းရှင်းပြတ်ပြတ်ပင် ရှေ့ဆက်ရ ချေသည်။
‘‘ကဲ၊ ကာချုပ်။ ခင်ဗျားဘူဒို ဇာနဲ့ကော်ပြီးသိမ်းထားတဲ့ မြေထဲ ကတစ်ဝက်ကို နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုအတွက် အခုချက်ချင်း တရားဝင်စွန့်လွှတ်ပါ။ စွန့်လွှတ် တဲ့မြေဈေးဟာ ထိုင်းနိုင်ငံ ဖူးခက် မြေဈေးထက်မပိုပါစေနဲ့သေချာ မှတ်ထားဗျာ။ တစ်ကမ္ဘာလုံးက သူဌေးတွေအိမ်တစ်လုံးစီပိုင်ကြ တဲ့ ဖူးခက်မှာတောင် မြေတစ်ဧကကို ဗမာငွေသိန်းခြောက်ရာ ထက်မကျော်ဘူးဗျ၊ မရှင်းတာရှိရင်မေး’’
ကာကွယ်ရေးဦးစီးချုပ်သည် လည်း သမ္မတဒင်၏စကားကို နှစ် မြို့ဟန်မရ မခံချိမခံသာမျက်နှာ ပေးဖြင့် အထွန့်တက်ပြန်ချေပြီ။ သမ္မတကြီးဒင် ခပ်တင်းတင်းရှေ့ တစ်လှမ်းတိုးရပြန်ချေသည်။
‘‘ဘူဒိုဇာနဲ့ကော်ရတာ တပ် မတော်အင်အားရှိဖို့ပါ သမ္မတ ကြီး။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမှာမဟုတ် လား’’
‘‘တော်စမ်းပါဗျာ။ ပြည်သူ လူထုအင်အားရှိမှ တပ်မတော် အင်အားရှိမှာဗျ။ ခင်ဗျားပွဲစားခ မက်ပြီး တရုတ်ရဲ့ဆိုဗီယက် တစ် ပတ်ရစ်လေယာဉ်တွေ၊ တင့်ကား တွေ၊ အမြောက်တင် သံချပ်ကာ ကားတွေကိုချည်း လှိမ့်ဝယ်နေလို့ ကတော့ မွဲဆေးဖော်နေတာနဲ့ အတူတူပဲ။ ပျက်ကျလိုက်၊ ပြင်လိုက်နဲ့ တိုက်ရခိုက်ရတယ်မရှိဘူး’’
ပေစောင်းပေစောင်းနှင့် ကာချုပ်တစ်ယောက် သူ့ကုလားထိုင်မှာ သူပြန်ထိုင်ချိန်တွင်ကား ထူထဲလှသော စိန်စီရွှေကိုင်းမျက်မှန်တဝင်းဝင်းနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်မင်းသည်လည်း မခုတ်တတ်သည့်ကြောင် အိုက်တင်ဖြင့် တစ်စခန်းထပြန်လေသည်။
‘‘သမ္မတကြီးခင်ဗျာ။ တကယ် တော့ တိုင်းပြည်ဆင်းရဲရတာဟာ အစိုးရက အလိုလိုက်လွန်းလို့ဖြစ် ရတာပါ။ ခေတ်အဆက်ဆက်ပြန် ကြည့်ရင် အစိုးရအဖွဲ့အသီးသီး ဟာ ပြည်သူကိုငဲ့ညှာလွန်းအား ကြီး.. ကြီး’’
သမ္မတဒင် ဒင်းအား စကား ကြောရှည်ခွင့်မပေးနိုင်။ အချိန်နှင့် ဒီရေသည် ဆြာဒင့်ကိုမစောင့်။
‘‘တော်တော့ဗျာ။ အစိုးရ ထက် ဩဇာကြီးတာပြည်သူဗျ။ ဒီမိုကရေစီစနစ်မှာအာဏာဟာ ပြည်သူ့ဆီကနေစီးဆင်းတယ်။ ဘာကောင်တွေနဲ့ဖွဲ့ထားတဲ့အစိုး ရမို့ အလိုလိုက်တယ်ဆိုရသတုံး။ ခင်ဗျား မြို့တော်ဝန်နဲ့ ပေါင်းရိုက် နေတဲ့ခွင်တွေ ကျုပ်မသိဘူးမထင် နဲ့နော်။ ဘယ့်နှယ့်ဗျာ။ ရာထူး လက်ခံစဉ်တုန်းက ဗမာငွေသိန်း ငါးဆယ်တောင် လက်ထဲမကပ်ခဲ့ တဲ့ မြို့တော်ဝန် ခုတော့ ဒေါ်လာ သန်းရာချီပြီး ခွင်တည့်နေပြီ။ တည့်မှာပေါ့။ စည်ပင်ပိုင်မြေတွေ ကို ဈေးပြိုင်တင်ဒါခေါ်လိုက် ငွေ ရှင်နဲ့ ဝေစားလိုက်လုပ်နေတာ ကိုး။ ကြာပါတယ်ဗျာ။ စည်ပင် မြေတွေကိုပါ ဒီစီမံကိန်းထဲထည့်’’
ရန်ကုန်တိုင်းဝန်ကြီးချုပ် ကား ဇက်ပုရင်း ဆတ်ခနဲပြန်ထိုင် သွားချိန်တွင် အစည်းအဝေးဆုံး ခန်းတိုင်ခဲ့ချေပြီ။ တက်ရောက် လာကြသည့် အရေးကြီးပုဂ္ဂိုလ်တို့ ကား မြန်မာ့မြေဈေးကျဆင်းရေး အထူးအစည်းအဝေးကြီး၏ ဆုံး ဖြတ်ချက်ကိုဆောင့်ကြီးအောင့် ကြီး အတည်ပြုလက်မှတ်ရေးထိုး ကြလျက် သမ္မတကြီးအား နေနှင့် ဦးပေါ့ကွာဟူသော မျက်နှာပေး ကိုယ်စီဖြင့်ခပ်ဆောင့်ဆောင့်ခြေ လှမ်းလှမ်းကာ ထွက်ခွာတော်မူ ကြကုန်၏။
(၅)
သမ္မတကြီးဒင်သည် အစည်း အဝေးဆုံးဖြတ်ချက်ကို ပြီးဆုံး တိုင်ဆက်လက်အကောင်အထ ည် ဖော်ရမည့်လုပ်ငန်းစဉ်အသေး စိတ်ကို တပည့်ကျော်သုံးဦးအကူ အညီဖြင့် နေ့ချင်ပြီးရေးဆွဲလျက် သက်ဆိုင်ရာဌာနအသီးသီးသို့ မိတ္တူများပေးပို့နိုင်ခဲ့ချိန်တွင်မူ ညဥ့်သန်းခေါင်ယံတိုင်ခဲ့လေပြီ။ ထို့အတူ ဆြာဒင်၏ တစ်ရက်တာ တစ်ခဏသမ္မတရာထူးသည် လည်းဆုံးခန်းတိုင်ခဲ့ပေပြီ။
နောက်တစ်နေ့ထုတ် ပြည်တွင်း၊ ပြည်ပသတင်းစာများ တွင် သမ္မတကြီးဒင်၏ အထူးအစည်းအဝေးအကြောင်း ဆြာဒင် ၏ဓာတ်ပုံကြီးများကို မျက်နှာပြည့် ပြူးတူးပြဲတဲဖော်ပြကြ၏။ ရန်ကုန်အပါအဝင် မြန်မာပြည်တစ်နံတစ်လျားရှိ မြေဈေးမှာနာရီပိုင်းအတွင်း ၈၀ ရာခိုင်နှုန်း ရုတ်တရက်ထိုးဆင်းသွားသည်ဟူ၏။
ပျော်စံရိပ်ငြိမ်၊ စည်းစိမ် မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒ ရာထက်ခဏပွက်သည့် ရေပွက် ပမာ၊ တစ်သက်လျာပေတည်း။ သမ္မတရာထူးကို ပြန်လည်စွန့် လွှတ်ပြီးပြီမို့ ဆြာဒင်နှင့် တပည့် ကျော်တို့သည် သာမန်အရပ်သား များကဲ့သို့ပင် ဈေးပေါ၍တွက်ခြေ ကိုက်သော လေကြောင်းလိုင်း တစ်ခုဖြင့် ဖူးခက်သို့ပြန်ကြရန် လေဆိပ်ဆီသို့သွားရာ လမ်းတစ် လျှောက်တွင် ပြည်သူအပေါင်း သည် ဆြာဒင်အား ပန်းမိုးရွာလျက် နှုတ်ဆက်ကြကုန်၏။ ‘‘ဆြာဒင်ကျန်းမာပါစေ၊ အသက်ရာကျော်ရှည်ပါစေ’’ဟုလည်း ဆုတောင်းပတ္ထနာပြုကြလေရာ ဆြာဒင်သည်မိမိစီးနင်းလိုက်ပါသည့်ကားဘေးမှန်ကိုချလျက် လူထုအားတုံ့ပြန်နှုတ်ဆက်ရန် ခေါင်းပြူအထွက်တွင်ကား ဘယ်အရပ်ဆီမှလာလေမှန်းမသိသည့် မာကျောလှသော လောက်စာလုံးတို့သည် တဝီဝီမြည်သံဖြင့် ဆြာဒင့်နဖူးပြင်ကို ထိမှန်လေရာ၊ ခေါင်းထဲတွင် ကြယ်ရောလပါစုံသွားသည့် ဆြာဒင်သည် နောက်ထပ်လာ လတ္တံ့သောလောက်စားလုံးတို့၏ ဘေးရန်မှကာကွယ်ရန် အလို့ငှာ ကားအတွင်းပိုင်းသို့ ဆတ်ခနဲဝပ်ချလိုက်ချိန်တွင်ကား … ၊ ဆြာဒင်သည် ခုတင်ပေါ်မှ ကျွမ်းပြန်ကျကာ နဖူးသည်ကြမ်းပြင်နှင့် မိတ်ဆက်သဖြင့် ဟက်တက်ကွဲခဲ့လေ၏။ အိပ်မက်တွင် လောက်စာလုံးနှင့်မို့သာတော်ချေတော့သည်။ နဖူးပြင်ကအမာရွတ်ကား သေရာပါခဲ့ပြီ။
ဤသို့လျှင် ဆြာဒင်သည် မိုးအေးအေးနှင့် အိပ်ရာထက်တွင် ကွေးနေချိန်တိုင်း၌ နဖူးကအမာ ရွတ်ကို လက်ဖြင့်အသာအယာ စမ်းရင်း မသေကောင်းမပျောက် ကောင်း ထိတ်လန့်စရာကောင်း လှသည့် အိပ်မက်ဆိုးကို ထပ်မံမမက်ရဲလေသောကြောင့် တုန်လှုပ် သောရင်အစုံဖြင့် ‘‘ဒီမိုးမှောင် တုန်းဒင်ပုန်းပါရစေခင်’’ဟူ၍သာ တီးတိုးရေရွတ်နေလေ့ရှိတော့ချေ သည်တကား။။
(ဖော်ပြပါ သရော်စာသည် စာရေးသူ မင်းဒင်၏ အာဘော်သာဖြစ်သည်)
7DayDaily