ဘကြီးမှုန်ရဲ့ ရင်တုန်ဇာတ်လမ်း
ပို့စ်တင်ချိန်
- 6/27/2014 07:58:00 AM
ဟိုတစ်ရက်က ကျုပ်ရဲ့ဇာတိရွာက ဆွေမျိုးများ ရန်ကုန်ကို ဘုရားဖူးလာကြသဗျ။ သူတို့ရဲ့ အဝေးရောက်ဉာတကာတစ်ဦးဖြစ်တဲ့ ကျုပ်ဆီကိုလည်း အိမ်လည်လာ တယ်ဗျာ။ ရွာက လက်ဆောင်ပါးလိုက်တဲ့ ငါးခြောက်ငါးခြမ်းလေးတွေနဲ့ ဖီးကြမ်းငှက်ပျောသီးတစ်ခိုင်လည်းပါလာတယ်။ ရန်ကုန်မြို့ပြမှာ ဆေးတို့ထားတဲ့ အသီးတွေကိုစားနေရရှာတဲ့ ကျုပ်တို့ကိုသနားလို့တဲ့ဗျာ။ အနှီငှက်ပျော ခိုင်ကို ရွာကကောက်ရိုးပုံထဲမှာ စပါယ်ရှယ်အုပ်ထားပြီးမှ ယူလာတာတဲ့ဗျ။ ငါးကတော့ ရွာမှာ တောင် ရှားနေတော့ ပေါပေါများ များ သယ်မလာနိုင်ဘူးတဲ့။ သူတို့စားဖို့အထဲက ဖဲ့ပြီးမျှပေးတာ။ ဘာပဲပြောပြော ရပ်ဆွေရပ်မျိုးများရဲ့ စေတနာသဘောကို ပြသတဲ့အတွက် စိတ်နှလုံးမှာ ပီတိဖြစ်ရပါရဲ့ဗျာ။
သူတို့တစ်တွေဘယ်မှာတည်း ကြလဲမေးတော့ ရွာကဘုန်းကြီး အဆက်နဲ့ မိတ်ဆက်စာရေးပေး လိုက်တဲ့ မြို့ထဲဘုန်းကြီးကျောင်း မှာလို့ ဆိုတယ်။ ဒါနဲ့ကျုပ်က လည်း နောက်လိုက်မိပါတယ်။ အခုနေ အ၀တည်းထား။ နောင်ကျရန်ကုန်မှာ ဘုန်းကြီးကျောင်းတွေ ရှားကုန်မှာဆိုတော့ ဘုရားဖူးပါလာတဲ့ ရွာဘုန်းကြီးရဲ့ ကပ္ပိယအေးဖေဆိုသူက ‘တကယ်လားကွ’ ဆိုပြီး ထိတ်ထိတ်ပျာပျာနဲ့ ပြောသဗျာ။ ကျုပ်တို့ တောရွာက လူတွေဆိုတာ အဲသလို အယုံလွယ်တတ်တာကလား။
ဒါတောင် ကပ္ပိယအေးဖေ က အခုမှ နည်းနည်းတော်လာ တာခင်ဗျ။ အရင်တစ်ခေါက် ရန်ကုန်ကို ပထမဆုံးလာတုန်းက ဆိုပန်းဆိုးတန်းခုံးကျော် တံတားပေါ်အတက်မှာ ရန်ကုန်ဘူတာကြီးခေါင်မိုးက စုလစ်မွမ်းချွန်တွေကို တွေ့ပြီး ‘စေတီ’ မှတ်လို့ ထိုင်ရှိခိုးသေးတာ။ မြို့မှာသာ လူတွေက စိတ်လည်းဆန်း အနေအထိုင်လည်းဆန်းတာ။ ကျုပ်တို့ကျေးလက်ဆိုတာ အခုထိအနေရိုး၊ စိတ်ရိုးကြတုန်း။ တချို့များ သေသာသွားရှာတယ်။ ရန်ကုန်ဆိုတာဘယ်နားရှိမှန်းတောင် သိခဲ့ကြတာမဟုတ်ဘူး။
သတင်းအချက်အလက် အလွယ်တကူ မရ၊ မြို့ကြီးပြကြီး နဲ့ အသွားအလာကလည်း ရှားပါး တော့ တိုင်းပြည်မှာ ဘာဖြစ်နေ သလဲဆိုတာ မသိနိုင်ဘူးပေါ့ဗျာ။ တောမှာက ကိုယ့်လယ်ထဲ ကိုင်း ထဲမှာပဲ အချိန်တွေကုန်နေတာ။ တယ်လီဗေးရှင်းဆိုတာကတော့ ရှိပါရဲ့။ နို့ပေတဲ့ အခုက ငွေပေးရ တဲ့ လိုင်းတွေက ပေါ်လာတော့ ရုပ်မြင်သံကြားမှာ အခမဲ့လွှင့်တဲ့ အစီအစဉ်တွေကလည်း တယ်ပြီး စိတ်ဝင်စားစရာ မရှိလှဘူး။ စိုစိုပြည်ပြည်လေး ကြည့်ချင်ရင်တော့ အခုခေတ်က စကိုင်းနက်ဆိုတာ တပ်မှ။ ဈေးကြီးပေးတဲ့ ဘောလုံးပွဲနဲ့ သတင်းပလင်းလိုင်းလေးတွေ ကြည့်ချင်လို့ကတော့ သူ့တပ်မှ ဖြစ်မှာရယ်။
အခုနပြောတဲ့ ကပ္ပိယအေး ဖေပါပဲဗျာ။ သူအိမ်လာတဲ့ ဒီရက် ပိုင်းက ကမ္ဘာ့ဖလားဘောလုံးပွဲ ကျင်းပချိန်နဲ့ တိုက်နေတော့ခမျာ ကမ္ဘာ့ဖလားဆိုတာ ရန်ကုန်ရောက်တုန်း ကြည့်ဖူးတယ်ရှိအောင်ကြည့်ချင်တယ်ဆိုတော့ ကျုပ်ကလည်းမပြန်ခင် အိမ်မှာတစ်ညလာအိပ်။ ကမ္ဘာ့ဖလား ဘောပွဲတွေကြည့်ကြမယ်ဆိုတော့သူကတစ်ရွာတည်းသား ကျုပ်ကို အထင်ကြီးတဲ့ မျက်လုံးတွေနဲ့ ကြည့်လို့။ တယ်ဟုတ်ပါလားလို့လည်း တွေးနေပုံပါပဲ။ ကျုပ်က ‘‘ကိုယ့်လူ တကယ်ပြောတာ။ အိမ်မှာ စကိုင်းနက်တပ်ထားတယ်’’ လို့လည်းပြောတော့ ခမျာ့မျက်နှာဟာ အံ့သြတဲ့အသွင်ဟာ ပိုထင်ရှားလာတယ်။ ကျုပ်လည်း ဘာပါလိမ့်ပေါ့။ သူက ပြောတယ်။‘‘မင်းက ကောင်းကင် နတ်တောင် အိမ်ပင့်ထားနိုင် အ တော်စွမ်းတာပဲဟ’’တဲ့။
ဒီတစ်ခါ အံ့အားသင့်ရတဲ့ သူက ကျုပ်ဗျ။ စကိုင်းနက်ဟာ ဘာကြောင့် သူ့ပါးစပ်ထဲမှာ ‘ကောင်းကင်နတ်’ ဖြစ်သွားရသလဲပေါ့ဗျာ။ ကျုပ်ကလည်း မဟုတ်ဘူးဆိုပြီး ရှင်းတယ်။ သူကလည်း ဟုတ်ပါတယ်ချည်းပဲ ဒုံးခံပြီးငြင်းတယ်။ ဘုန်းကြီး ကျောင်းသားများ တစ်ခါတစ်ခါ အဲသလို ခွကျတယ်ဆိုတာ လက်တွေ့မှ ယုံတော့တယ်။ငြင်းရင်း ခုံရင်းနဲ့ အိမ်ပေါ်မှာလက်ပံပင်ဆက်ရက်ကျသလို တရုန်းရုန်းဖြစ်နေတုန်း သနပ်ဖက်ဆေးပေါ့လိပ်ကြီးဖွာနေတဲ့ ပြောင်းဖူးသည် မယ်ကော့က ‘ဟုတ်တယ်တော့ ကိုရင်ဘစီရဲ့’ ဆိုပြီး ၀င်ရှင်းတယ်။ သူတို့ရွာမှာလည်း အခုပြောတဲ့ စကိုင်းနတ်ဆိုတာကို ကြားဖူးကြောင်း။ ဒါပေတဲ့ ရွာမှာအပ်ပုန်းကုနေတဲ့ ဆေးရာကိုစိန်လေးဆိုသူက စကိုင်းနက်ဆိုတာ ဗမာလို အဓိပ္ပာယ်ဖွင့်ရင် ကောင်းကင်နတ် အဲ.. ကိုရီးယားကားထဲကလိုဆို မိုးနတ်မင်းလို့ခေါ်နိုင်ကြောင်းပြောသတဲ့။
ဒါနဲ့ သူတို့ရွာမှာ လယ်အ များကြီးပိုင်တဲ့ ဦးလေးကြွယ် တောင် သူ့သားတွေက ပူဆာလို့ စကိုင်းနက် တပ်ချင်တာ မိုးနတ် မင်းဆိုတာနဲ့ နတ်ကိုင်မှာ ကြောက်တယ်ကွာဆိုပြီး မတပ်တော့ဘူးတဲ့။ ပြောင်းဖူးသည် မယ်ခါဟာ လည်ကလေး တစ်ခါခါ၊ ဆေးပေါ့လိပ် တဖွာဖွာပြောပြတာနားထောင်ရင်း ကျုပ်မှာ ကျုပ်ရွာသားတွေ အယုံလွယ်တာကို မချင့်မရဲဖြစ်နေတာ။ အင်းလေ..သူတို့ပြောသလို မိုးနတ်မင်း ဆိုတာလည်း မမှားပါဘူး။ ရုပ်သံလိုင်းမှာ သူပဲချုပ်ကိုင်နေတာပဲဟာ။ ကျုပ်တို့မှာ မကြည့်ဘဲ၊ မသုံးဘဲလည်း မနေနိုင်၊ တခြားရွေးစရာလည်း မရှိတော့ ပြုသမျှနုရတဲ့ဘ၀။ ဈေးတက်လည်းတက် တဲ့ဈေးနဲ့ လစဉ်ကြေးပေးကြည့် နေရတာ။ အင်းလေ..ရွာက လူတွေ ပြောသလိုဆို ကျုပ်တို့ကမှ တကယ်နတ်ကိုင်ခံနေရတာကလား။
သို့ကလို ရွာကဆွေမျိုးများ နဲ့ ရောက်တတ်ရာရာ စကားဖောင်ဖွဲ့ကြရင်းနဲ့ သူတို့လည်း ပြန်မယ်လုပ်ရော။ ပြန်ခါနီးမှာ ကပ္ပိယအေးဖေက ကျုပ်ကိုစာ တစ်စောင်ထုတ်ပေးပါတယ်။ အခုမှ သတိရလို့ပေးတာတဲ့။ စာကတော့ ရွာကကျုပ်ကို အလွန် ခင်မင်သံယောဇဉ်ရှိတဲ့ ဘကြီးမှုန်ဆီကစာ။ ကျုပ်ငယ်ငယ်ကဆိုရင် သူပဲ ကျုပ်ကိုထိန်းတာ။ သူ့နာမည်ရင်းက ဘကြီးမှုန်းဗျ။ ဒါပေတဲ့ သူဇနီးအရီးလေး မယ်သုန်နဲ့ ကာရန်ကိုက်အောင်ရွာမှာ ဘကြီးမှုန်လို့ ခေါ်ရင်းနဲ့ နှုတ်ကျိုး သွားကြတာ။ ဘကြီးမှုန်စာက ထမင်းလုံးရေစွတ်ပြီး စာအိတ်ကို သေချာ ချိပ်ပိတ်ထားတယ်။ ဒါ နဲ့ ကျုပ်လည်း ပြန်တော့မယ့် ရွာ က ဆွေမျိုးတွေကို နှုတ်ဆက်၊ ခင်ဗျားတို့ ဗဟုသုတရှိအောင်နေ ကြဗျ။ ရေဒီယိုလည်း နားထောင်၊ သတင်းစာလည်း ဖတ်ဆိုပြီး အိမ် မှာရှိတဲ့ သတင်းစာတစ်ထပ်ကို လည်း ရွာပြန်လက်ဆောင် ထည့် ပေးလိုက်တယ်။
သူတို့ပြန်သွားကြတော့ ကျုပ်လည်း ဘကြီးမှုန်ရဲ့ စာကို အသာအယာဖွင့်ဖောက်လိုက်ပါ တယ်။ လေးကြောင်းမျဉ်းစာရွက် ပေါ်မှာ ခဲတံနဲ့ရေးထားတာ။ မဟုတ်မှလွဲရော စာရွက်အလွယ် မရှိတာနဲ့ အခုသူငယ်တန်း တက် နေတယ်ဆိုတဲ့ သူ့မြေးမလေးရဲ့ လက်ရေးလှစာအုပ်ထဲက တစ် ရွက်ကို ဆုတ်ပြီးရေးတာပဲနေမှာ။ ခဲတံကလည်း ခဲဆန်ခပ်တုံးတုံးနဲ့ ရေးတယ်ထင်ပါရဲ့။ စာရွက်ပေါ်မှာ ခပ်ဖွာဖွာသာ ထင်နေလို့ အလင်းရောင်ရှိရာ ၀ရန်တာကိုထွက်ဖတ်ရတယ်။ စာထဲမှာ ကျုပ်ကို အခုလို ရေးထားတာ တွေ့ရပါသဗျ။
လူကလေး ငဘစီ
ဘကြီးမှုန် စာပေလွှာခွေကာ ရေးလိုက်ပါတယ်။ လူလေးတို့ မိသားစုလည်း ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာရှိကြမယ်လို့ ထင်ပါတယ်။ အလုပ်အကိုင်စီးပွား လာဘ်လာဘများလည်း တိုးတက်ပွားများရှိပါလေစ။ ဘကြီးမှုန်နဲ့ မင့် အရီးလေး မယ်သုန်တို့လည်း ကျန်းမာရေးကတော့ ဒေါင်ချာကိုမြည်နေတာပဲဟေ့။ ကိုယ့်ဝမ်းကိုယ်ကျောင်းရတဲ့ ဘ၀မှာကိုယ်လဲရင်ထူမယ့်သူ မရှိတော့တောင့်တောင့်ရောင့်ရောင့် ဖြစ်အောင်အာရောဂျံကို လာဘ်တစ်ပါးလိုမှတ်ပြီး စောင့်ရှောက်ရတာပေါ့ကွယ်။
လူကလေးဆီကို စာရေးတာ ကတော့ အကြောင်းအထွေအ ထူး မရှိပါဘူး။ လူချင်းမတွေ့တာ ကြာတော့ သတိရလို့ပါပဲ။ ရှေး အခါကာလက လူကလေးရွာကို အလည်ရောက်စဉ် ဘကြီးမှုန်ကို တိုက်တွန်းခဲ့သလို အခုဆိုရင် ဘကြီးရော မင့်အရီးရောဟာ ဟိုတစ်နှစ် ပဲရောင်းလို့ရတဲ့ ငွေကလေးစုပြီး တလုတ်ကြီး ကိုကြင့်ဆိုင်ကရေဒီယိုတစ်လုံးဝယ်ပြီး နားထောင်နေတာ အခုဆိုရင် ကာလကြာခဲ့ပြီ။ လူကလေး လူကြုံနဲ့ အခါအားလျော်စွာပို့ပေးတဲ့ မြို့ ထုတ်သတင်းစာ အဟောင်းများကိုလည်း သေချာသိမ်းထားပါတယ်။ ရွာထိပ်က ကုန်စုံဆိုင်ပိုင်ရှင် မယ်ဝက်က ဈေးထုပ်ဖို့ စက္ကူစုတ်လာဝယ်တာတောင် မင်းအရီးလေးက မရောင်းလိုက်ပါဘူးကွယ်။ လူကလေးငဘစီရဲ့ မေတ္တာလက်ဆောင်ဆိုပြီးတယုတယသိမ်းထားတာကွဲ့။
ဘယ့်နှယ့်လဲဟေ့ လူကလေး။မင်းလည်း ရန်ကုန်မှာလှောင်ပြောင်စာတွေရေးတဲ့ စာရေးဆရာကြီး ဖြစ်နေဆိုကွဲ့။ ကပ္ပိယအေးဖေပြောတာပဲ။ သူပြောသလို ဟုတ်စ။အေး သမ္မာအာဇီဝနဲ့ အသက်မွေးတာ မင်္ဂလာရှိတာပဲ။ ဒါပေသိ သတိတော့ ရှိပစေကွယ့်လူကလေးရဲ့။ မင်းတို့မျက်စောင်း အကြောင်းမရွေးဆိုတာလို ရာဇ၀လ္လဘ ဘေး များလည်း ကြည့်ရှောင်။ အနှီလိုရှောင်တာတောင်မှ အကြောင်းရှာပြီး ထိပ်တိုက်တွေ့အောင် တွေ့တတ်ကြတာကလား။ ဟိုရက်ပိုင်းတွေတုန်းက ဘကြီးမှုန်တို့ ရေဒီယိုထဲကြားတာ ဘုန်းကြီးတွေ ကို ထောင်ထဲထည့်တယ်ဆို။ ကံကြီးတော့ ထိုက်တော့မှာပဲကွယ်။
မင့်အရီးလေး မယ်သုန်ဆို အဲဒီ သတင်းကြားပြီး နှစ်ရက်လောက် ထမင်းမစားနိုင်ရှာဘူး။ စိတ်မ ကောင်းလွန်းလို့ကွဲ့။
တို့ ဘုရားအဟောမှာ ၀ိပ္ပတ္တိတရားလေးပါးရှိတယ် လူကလေး ရဲ့။ ဂတိဝိပ္ပတ္တိ၊ ဥပဓိ ၀ိပ္ပတ္တိ၊ ကာလ၀ိပ္ပတ္တိနဲ့ ပယောဂ ၀ိပ္ပတ္တိလို့ခေါ်သကွဲ့။ အဲဒီအထဲမှာ ကာလ၀ိပ္ပတ္တိ ဆိုတာကတော့ မင်းဆိုးမင်းညစ်တို့ အုပ်စိုးနှိပ်စက်နိုင်ထက်ကလူ ပြုကျင့်တတ်တဲ့ ကာလဆိုးကြီးမှာ လူလာဖြစ်ရခြင်းပေါ့ကွယ်။ အဲဒါက အတော်ဆိုးတယ်။ ဒါကြောင့်တို့များ ဘုရားရှိခိုးတဲ့ ကန်တော့ချိုးထဲမှာ ၀ိပ္ပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ ကင်းလွတ်ရပါလို၏။ ဆုတောင်းရွတ်ဆိုကြတာပေါ့ကွယ်။
မင့်အရီးလေးနဲ့ ဘကြီးတို့ လည်း အစတုန်းက လယ်ထဲကိုင်း ထဲမှာ ကိုယ့်ဟာကိုယ် နားအေး ပါးအေး လုပ်ကိုင်စားနေတာ။ မင့် က ကိုယ့်တိုင်းပြည် ဘာဖြစ်နေ သလဲ။ သိရအောင် ရေဒီယိုတို့၊ သတင်းစာတို့ ဖတ်ပါဆိုလို့ ဖတ် တော့ မြင်ရ၊ ကြားရတဲ့ သတင်း တွေက ရင်တုန်စရာကြီးပါလား ကရို့။ သတင်းတစ်ခု မကြား လိုက်နဲ့ ရင်ဘတ်ဖိပြီး ‘‘အောင် မယ်လေး ကိုမှုန်ရယ်၊ အဲဒီသတင်း ကြားရတာ ကျုပ်ရင်တွေတုန် လွန်းလို့ပါ’’ ဆိုပြီး အော်တာ ခဏခဏပဲ။ ငါ့မှာ အခုတော့ တစ်ယောက်တည်းပဲ ရေဒီယိုနားထောင်နေရတယ်။ မင့်အရီးလေးကတော့ ဝေးရာမှာ သွားနားထောင်ပါဆိုလို့ ညညငါ့မှာ ခြံထောင့်ထွက်ပြီး နားထောင်နေရသကွ။
ဒါနဲ့ ဟိုတစ်ရက်ကတော့ သတင်းထဲမှာ ကြားလိုက်ရတယ်ကွဲ့။ တို့ရှေးမြန်မာရှင်ဘုရင်များ ကောင်းစားခဲ့စဉ်က မြို့ဟောင်း တွေဖြစ်တဲ့ သရေခေတ္တရာ၊ ဗိဿ နိုးနဲ့ ဟန်လင်းတွေကို တိုင်းတစ် ပါးက ယူနက်စကိုအဖွဲ့ကြီးက ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်တယ်ဆိုလားကွယ်။ ဘကြီးတို့ရဲ့ အတီအတေ အတိတ်ရဲ့အခြေအနေဟာ ခမ်းနားတယ် ဆိုတာ တစ်ကမ္ဘာလုံးသိသွားတာ ပေါ့။ ကောင်းတယ်ဟေ့။ ငါ လည်း ၀မ်းသာစရာဆိုတော့ မင့် အရီးလေးကို ဖောက်သည်ချတဲ့ အခါ သူလည်း ၀မ်းသာသဟေ့။
နောက်တစ်နေ့ တို့လင် မယားလည်း အိမ်နောက်ဖေးမှာ ချဉ်ပေါင်စိုက်ဖို့ ထယ်ထိုးတော့ စဥ့်နဲ့ လုပ်ထားတဲ့ အိုးသေးသေး လေးတစ်လုံး တွေ့တယ်ကွ။ ဘကြီးတစ်သက်တော့ အနှာလိုအိုးမျိုး မမြင်ဖူးဘူးဟေ့။ တန်တော့ ဒါဟာရှေးဟောင်းပစ္စည်းဖြစ်မှာပဲ။ မင့်အရီးကတော့ အခု ကျုပ်တို့နေတဲ့ရွာရဲ့ အောက်မှာ ရှေးကမြို့ဟောင်းတွေ ဘာတွေများရှိမလား မသိနိုင်ဘူးတော့ဆိုပြီး ငါကိုပြောတယ်ကွ။ မယ်သုန့်နှယ် ကြံကြံဖန်ဖန်လို့ပဲ ဘကြီးလည်း ပြောလိုက်ပါတယ်။ သို့ပေသိ ဘကြီးစိတ်ထဲမှာလည်း တို့ခြံအောက်မှာ မြို့ဟောင်းကြီး ရှိ၊ မရှိ စိတ်ကူးတော့ယဉ်မိသားကွ။
ညနေကျတော့တို့လည်း သတင်းနားထောင်တာပေါ့ကွယ်။ မယ်သုန်လည်း ပါသဟေ့။ နားထောင်နေတုန်း သတင်းတစ်ပုဒ်ထဲမှာမနေ့က ကမ္ဘာ့အမွေအနှစ်သတ်မှတ်ထားတဲ့ နေရာသုံးနေရာမှာ ရှိနေတဲ့ ရွာတွေကို ပြောင်းမယ်၊ ရွှေ့မယ်ဆိုတာကြားတော့ မယ်သုန်က ဘကြီးကို လက်ကုတ် တယ်။ ကိုမှုန်နေ့လယ်က စဥ့်အိုးလေးမြေကြီးထဲကရတာ လူတ ကာလျှောက်မပြောနဲ့ သိုသိုသိပ် သိပ်နေ။ တော်ကြာ ကျုပ်တို့ အောက်မှာ ရှေးဟောင်းအမွေအ နှစ်တစ်ခုခု ရှိပုံရတယ်ဆိုပြီး ဆိုင် ရာတွေကလာပြီး တူးလား၊ဖော် လားလုပ်ရင် တော်နဲ့ ကျုပ်အိုကြီး အိုမကျမှ သောင်ပြင်လွှတ်တဲ့ ခွေးလိုသွားစရှာ မရှိဖြစ်နေဦးမယ်တဲ့။ ဒီမိန်းမတော့ ဒီရက်ပိုင်းဘာဗွေဖောက်ပြီး အတွေးခေါင်တယ်မသိပါဘူးကွာ။
သူ့သာ ပြောရတာပါကွယ်။ ဘကြီးမှုန်လည်း အခုစဉ်းစား ကြည့်တော့ မယ်သုန်ပြောတာ လည်း ဟုတ်သလိုလိုပဲကွ။ မပြေး သော် ကန်ရာရှိဆိုတဲ့စကားလည်း ရှိသားမဟုတ်လား။ ဘကြီးလည်း အဲဒီရှေးဟောင်းစဥ့်အိုးကလေး ကြည့်ပြီး မျောက်အုန်းသီးရသလို ဖြစ်နေတယ်။ ဘာလုပ်ရမယ် မသိဘူး။ မြေကြီးထဲပဲ ပြန်မြှုပ်လိုက်ရမလား။ သိမ်းပဲထားရမလား။ ဘကြီးတော့ မြေကြီးထဲပြန်မြှုပ်မယ် စိတ်ကူးတယ်ကွယ်။ မင့်အရီးလေးကလည်း အဲသလိုပဲ သဘောရှိတယ်။ စိတ်ထဲမှာ ကြံရာမရတာနဲ့ လူကလေးဆီ စာရေးလိုက်တာပါကွယ်။ လူကလေးကလည်းလူတကာ သိအောင်လျှောက်မပြောနဲ့ဦး သိလား။ ဘကြီးနဲ့ မင့်အရီး ဒီခြံထဲမှာ ခေါင်းချပြီးတဲ့ အချိန်လောက်ကျမှ လူကလေးလာတူးပြီး သုတေသနပြုချင်လည်း ပြုပေါ့ကွယ်။
တော်သေးပြီ
မင့်ရဲ့ ဘကြီးမှုန်
အဲဒါပါပဲဗျာ။ ကျုပ်လည်း ဘယ်နှယ့်လုပ်ရမှန်း မသိဘူး။ ဘကြီးမှုန်နဲ့ အရီးသုန် လင်မယား နဲ့တော့ ကျုပ်ဖြင့် ရူးချင်တော့တာ ပဲ။ ဒီခေတ်ကလည်း ရိုးသားတဲ့ ဘကြီးမှုန်လို တောသူတောင် သား ရိုးရိုးနေ၊ ရိုးရိုးတွေးတတ်တဲ့ ပြည်သူများအတွက် ကြံဖန်ရင် တုန်ချင်စရာ ကောင်းတဲ့အချိန်ကိုး။ ဒီလိုတွေးတာ သူတို့ကိုလည်း အဆိုးဆိုစရာ မရှိတာပဲဟာ။ ဘစီပြောတာ ဟုတ်ပါရဲ့နော်ဗျာ။ ။ (ဖော်ပြပါ သရော်စာသည် စာရေးသူ၏ အာဘော်သာဖြစ်သည်။)
7day daily