အတိတ်ကတော့ သင်ခန်းစာအဖြစ် ကျန်ရစ်ခဲ့ပါပြီ

ပို့စ်တင်ချိန် - 6/05/2014 10:32:00 AM


(ရှေးဟောင်းအဆောက်အအုံတစ်ခုဖြစ်သော ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးကို တွေ့ရစဉ်)
(ဆောင်းပါးရှင် - ဘစံကောက်)

“ရောမအင်ပါယာကြီး လျှောကျပျက်စီးသွားရတာဟာ အစာရေစာ ခေါင်းပါးချို့တဲ့လို့လည်း မဟုတ်ဘူး။ ပြင်ပကရန်သူတွေ ဝင်ရောက်တိုက်ခိုက်လို့လည်း မဟုတ်ဘူး။ တကယ့်အကြောင်းရင်းကတော့ ပြည်သူတွေ အကျင့်စာရိတ္တ ပျက်ပြားသွားလို့ပါပဲ”
တိုင်တပ်စ် (Titus)
ရောမအင်ပါယာကြီး ပျက်စီးသွားခြင်းနှင့် ပတ်သက်သော လူတစ်ယောက်၏အမြင်ကို ကျွန်တော်ဖတ်မိခဲ့စဉ်က လွန်ခဲ့သည့် ၁၉၈ဝ ပြည့်နှစ်ဝန်းကျင်လောက်က ဖြစ်သည်။

ထိုစဉ်က အကျင့်စာရိတ္တပျက်စီးခြင်းကို အရက်သောက်တာ၊ ဖဲရိုက်တာ၊ မိန်းမလိုက်စားတာလောက်နှင့်တော့ ဒီအင်ပါယာ မပျက်လောက်ပါဘူးဟု အကျင့်စာရိတ္တ နှင့်ပတ်သက်သော မိမိ၏ အသိအမြင်က ယနေ့ နှင့်တော့ အများကြီးကွာခြားသွားပြီ ဖြစ်သည်။

လောကမှာ လူဖြစ်လာလျှင် မိမိနိုင်ငံ မိမိလူမျိုးတို့ ပျက်စီးရာပျက်စီးကြောင်းဖြစ်သော အကျင့်ပျက်ခြစားခြင်း၊ မမှန်မကန် စီရင်ဆုံးဖြတ်ခြင်း၊ ဂိုဏ်းဂဏစွဲ၊ ဝါဒစွဲဖြင့် အယူအဆမတူသူတို့အား အပြင်းအထန်နှိပ်ကွပ်ခြင်း၊ တစ်ဦးတစ်ယောက် တစ်သင်းတစ်ဖွဲ့၏ အကျိုးကိုသာကြည့်၍ ကိုယ်ချင်းစာတရားကင်းစွာ အမြတ်ထုတ်ခြင်း၊ အာဏာကို လွန်ကြူးစွာယစ်မူးခြင်းတို့ကား အင်ပါယာကိုသာမက လူသားတို့နေထိုင်သော မည်သည့်ဝန်းကျင်ကိုမဆို ဖျက်ဆီးနိုင်သော အကျင့်စာရိတ္တပျက်ယွင်းခြင်းပင်တည်းဟု ယခုအခါ ရိပ်စားသိရှိလာခဲ့ပါပြီ။

ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရပြီးခါစလောက်က အရှေ့တောင်အာရှတွင် ကျွန်တော်တို့နိုင်ငံကို မီသောနိုင်ငံမရှိ။ မြန်မာနိုင်ငံကို ချစ်ကြည်ရေး လာရောက်လည်ပတ်သော ထိုင်းဝန်ကြီးချုပ်ကပင်လျှင် အပြန်ခရီး လေယာဉ်ပေါ်သို့ တက်ခါနီးတွင် ထိုစဉ်က ဒုကာကွယ်ရေးဦးစီးချုပ်ဖြစ်သော ဗိုလ်မှူးချုပ်အောင်ကြီးကို “ခင်ဗျားတို့နိုင်ငံကိုမီဖို့ ကျွန်တော်တို့ အများကြီးကြိုးစားရဦးမယ်” ဟုဆိုခဲ့၏။ ယခုတော့ ကျွန်တော်တို့က ထိုင်းတို့ကို ဒီလိုပြန်ပြောရမည် ထင်သည်။

“ခင်ဗျားတို့နိုင်ငံမှာ ရောက်နေတဲ့ ကျွန်တော်တို့ မြန်မာဒုက္ခသည်တွေနဲ့ တရားမဝင်အလုပ်သမားတွေကို တတ်နိုင်သမျှ ကြည့်ရှုစောင့်ရှောက်ပေးပါဗျာ” လို့ပေါ့။ တကယ်တော့ ကျွန်တော်တို့ပြည်သူတွေက “မိဘမကောင်း၊ သားသမီးခေါင်း” ဆိုတာမျိုးလို့ အစဉ်အဆက်အုပ်ချုပ်သူအစိုးရရဲ့ အလွန်အမင်း ကိုယ်ကျိုးကြည့်မှုဒဏ်ကို ခံနေရတာပါလို့ပြောရင် မမှားလောက်ဘူး ထင်ပါတယ်။

တခြားမကြည့်ပါနဲ့။ ကျွန်တော်တို့တွေ စားဝတ်နေရေး ဖူဖူလုံလုံနဲ့ နေနိုင်ခဲ့တဲ့ ၁၉၇ဝ ဝန်းကျင်လောက်ကဆိုရင် တရုတ်ပြည်မှာ အငတ်ဘေးဆိုက်နေတဲ့ နေရာတွေတောင်မှ ရှိပါတယ်။

ဒီတုန်းကဆိုရင် တရုတ်ပြည်ကို ကိုယ်စားလှယ်သွားရောက်တဲ့ မြန်မာကိုယ်စားလှယ်တချို့က တရုတ်တွေ ဒီ့ထက် အစာရေစာရှားပါးချို့တဲ့လာရင် မြန်မာပြည်မြောက်ဖျားတောင် စိတ်မချရလောက်ဘူးလို့ ပြောဖူးပါတယ်။ ဒါပေမဲ့ ကံကြမ္မာအလှည့်အပြောင်း က သိပ်ပြီးကြောက်စရာကောင်းသလို အင်မတန်အံ့ဩဆန်းကြယ်တဲ့ “တစ်ထောင့်တစ်ညပုံပြင်” တွေထက်လည်း မျက်ခုံးပင့်ပြီး ကြည့်ရလောက်အောင်ကိုပဲ ပြောင်းပြန်လှန်ပစ်လိုက်ပါတယ်။

“ပြတင်းပေါက်ကို ဖွင့်လိုက်ရင်လေ ပြည်လေညင်းနဲ့ ပန်းရနံ့လေးတွေကို ရှူရှိုက်ရမှာဖြစ်သလို ခြင်နဲ့ ယင်ကောင်တွေလည်း ဝင်လာနိုင်ပါတယ်” လို့ သမိုင်းဝင်စကားကိုပြောရင်း တရုတ်ပြည်ကြီးကို မျက်လှည့်ပဝါအုပ်ပြီး အံ့မခန်းလုပ်လိုက်သူကတော့ တရုတ်ခေါင်းဆောင်ကြီး “တိန့်ရှောင်ဖိန်” ပါ။ သူ့ နိုင်ငံက သန်းထောင်ချီရှိနေတဲ့ ပြည်သူတွေကို ထမင်းဝဝကျွေးနိုင်ဖို့ ကွန်မြူနစ်ဝါဒအောက်မှာပဲ “စီးပွားရေးတံခါးဖွင့်ဝါဒ” ကို ကျင့်သုံးလိုက်ပါတယ်။ သူသာ ဝါဒစွဲပြင်းထန်သူဆိုရင် ဒီကနေ့ တရုတ်ပြည် ဘယ်ရောက်နေပြီလဲလို့ ကျွန်တော်တို့ ကမ္ဘာပတ်ပြီးရှာရမှာ သေချာပါတယ်။

ခုတော့ တရုတ်လူချမ်းသာတွေက မြန်မာမိန်းကလေးတွေကို နယ်စပ်ဆင်းဝယ်နေတဲ့အထိ ကျွန်တော်တို့က လူတောင်မှ ရောင်းစားခံနေရပါပြီ။ ဒါတောင်မှ “ရလဒ်ကိုမကြည့်ပါနဲ့၊ စေတနာကိုပဲ ကြည့်ပါ” လို့ ပြောတဲ့သူက ရှိပါသေးတယ်။ တကယ်တော့ စေတနာဆိုရင် ပိုပြီးမှန်ဖို့ အရေးကြီးပါတယ်။ မှားနေရင်တော့ အဲဒါဟာ စေတနာမဟုတ်ဘဲ ဝေဒနာသာလျှင် ဖြစ်ပါလိမ့်မယ်။ စေတနာနဲ့ အလုပ် လုပ်တဲ့သူဟာ ကိုယ်ကျိုးအတ္တကင်းသင့်ပါတယ်။ “စေတနာ့ဝန်ထမ်း” ဆိုတာ အခကြေးငွေယူသူ မဟုတ်ပါဘူး။ စေတနာနဲ့ ပြုလုပ်ဆောင်ရွက်သူတိုင်း မရှိမဖြစ်ထားရမယ့် စိတ်ဓာတ်ကတော့ စေတနာနဲ့ မိမိကပြုသောအမှုကိစ္စဟူသမျှအား သူတစ်ပါးချမ်းသာရာ ရစေခြင်းပါပဲ။ အဲဒီလိုပြုခဲ့တဲ့အတွက် ဘာတစ်ခုမှ ပြန်ရကောင်းစေလို့ မျှော်လင့်တဲ့စိတ်ဓာတ်မျိုးလည်း သူတို့မှာ ရှိမနေတတ်ကြပါဘူး။ ဘာမှပြန်မရလို့လည်း သူတို့ရင်ထဲမှာထားတဲ့ စေတနာက ယုတ်လျော့မသွားတတ်ကြပါဘူး။ စေတနာနဲ့ပတ်သက်လို့ ပုံပြင်လေးတစ်ပုဒ် ကျွန်တော်ဖတ်ဖူးပါတယ်။

တစ်ခါက သားအဖနှစ်ယောက် အတူတကွထင်းခွဲနေကြရာမှာ ဖခင်လုပ်သူရဲ့နဖူးကို မက်တစ်ကောင်က လာနားပါတယ်။ ဒါကိုမြင်တဲ့ သားဖြစ်သူက “ငါ့အဖေဟာ ငါတို့ကို ငယ်စဉ်ကတည်းက ပင်ပန်းကြီးစွာ ရှာဖွေကျွေးမွေးခဲ့ရလို့ အင်မတန်ပင်ပန်းရှာတယ်။ အခုလည်း ကြည့်ပါဦး။ သူ့နဖူးမှာ လာနားနေတဲ့ မက်ကိုတောင် ပုတ်မပစ်နိုင်လောက်အောင် သူ့မှာ မအားနိုင်ရှာဘူး။ ဒါဟာ ငါ့အတွက် ဖခင်ကို ပြန်လည်တုံ့ပြန်ကျေးဇူးဆပ်ဖို့ အခွင့်ကောင်းပဲ” လို့ တွေးနေရင်း ဖခင်ရဲ့နဖူးမှာနားနေတဲ့ မက်ကို လက်ထဲမှာရှိနေတဲ့ ပေါက်ဆိန်နဲ့ အားကုန် ပေါက်ချလိုက်ပါတော့တယ်။ စဉ်းစားကြည့်ပါတော့။ သူကတော့ စေတနာနဲ့ ဖခင်ရဲ့ဆင်းရဲဒုက္ခကို ပြေလည်ပါစေတော့လို့ လုပ်လိုက်တာ မှန်ပေမယ့် ဖခင်ဟာ သူ့ပုဆိန်ချက်ကြောင့်ပဲ ခေါင်းကွဲပြီး နေရာမှာတင် သေပွဲဝင်သွားရရှာပါတယ်။

ဒါကိုကြည့်ရင် စေတနာကို အသိအမှတ်ပြုရမလား။ စေတနာနောက်က အပြု အမူကို၊ လုပ်ရပ်အလွဲကို အပြစ်တင်ရပါ့မလားဆိုတာ သဘောပေါက် နားလည်လာပါလိ့မ်မယ်။

“လူကို စိတ်က အုပ်ချုပ်သည်။စိတ်ကို ဥာဏ်ပညာက အုပ်ချုပ်သည်။ဥာဏ်ပညာကို ဗဟုသုတက အုပ်ချုပ်သည်” လို့ ဆရာကြီး ပီမိုးနင်းက ဆိုပါတယ်။ ဘယ်သူမဆို အလုပ် လုပ်တိုင်း လုပ်တိုင်းမှာ စေတနာကလေးတော့ ထည့်ပြီးလုပ်ကြရစမြဲပါပဲ။ ကျွန်တော့်မိခင်ဟာ သူ့ဘဝတစ်လျှောက်လုံး အမဲသား၊ ဝက်သားကို ရှောင်ပါတယ်။ လုံးဝမစားပါဘူး။ ဒါပေမဲ့ အဖေအပါအဝင် ကျွန်တော်တို့ ညီအစ်ကိုတွေပါ အမဲသား၊ ဝက်သားဟင်းကို အင်မတန်မှ ကြိုက်ပါတယ်။ အမေက ကျွန်တော်တို့တွေ ကြိုက်မှန်းသိလို့ အမြဲတမ်းမဟုတ်တောင် မကြာခဏဆိုသလို ချက်ကျွေးပါတယ်။ အမေဟာ ဟင်းအိုးစတည်ပြီဆိုကတည်းက တစ်ခါမှမြည်းမကြည့်ပါဘူး။ အသေအချာ ခုတ်ထစ် ဆား၊ နနွင်းနယ်လို့ နူးနပ်ပြီဆိုတဲ့အခါ ကျွန်တော်တို့ဟာ အမေချက်တဲ့ဟင်းကို အားရပါးရစားကြပါတယ်။ တစ်ခါမှ ပေါ့နေတာ၊ ငန်သွားတာ၊ စားလို့ အဆင်မပြေတာ မရှိအောင်ကို အမေ့ လက်ရာက အရမ်းကောင်းပါတယ်။

နောက်ပိုင်း ထမင်းဆိုင်တွေမှာ အဲဒီဟင်းတွေနဲ့ စားတဲ့အခါ အမေချက်သလောက် စားမကောင်းတာတွေ့ရတော့။ အသားလည်းအတူတူ ထည့်တဲ့ ဟင်းခပ်ပစ္စည်းတွေလည်း အတူတူဖြစ်ပါရဲ့နဲ့ ဘာကြောင့် စားမကောင်းသလဲဆိုတာ နားမလည်နိုင်ပါဘူး။ အမေဟာ ဟင်းချက်ကောင်းလို့၊ လက်ချိုလို့ဖြစ်မှာပေါ့လို့သာ သာမန်ထင်လိုက်မိပေမယ့် နောက်ပိုင်းစဉ်းစားဆင်ခြင်တတ်လာတဲ့အခါ ကျွန်တော်အထင်မှားနေတာဆိုတာ သတိပြုမိလာပါတယ်။ ဒါကဘာလဲဆိုတော့ ကိုယ်လုပ်တဲ့ အလုပ်ထဲမှာ စေတနာပါတာနဲ့ မပါတာ ကွာသွားတယ် ဆိုတာပါပဲ။

မယုံရင်ကြည့်ပါ။ ကျွန်တော်တို့နိုင်ငံမှာ လမ်းတွေ၊ တံတားတွေ၊ အဆောက်အအုံတွေ တော်တော်များများ တချို့ဆိုရင် ကိုလိုနီခေတ်က လမ်းတွေ၊ တံတားတွေ၊ အဆောက်အအုံတွေ တော်တော်များများဟာ နှစ်ကြာလို့ ဟောင်းနွမ်းသွားတာကလွဲပြီး ယခုထက်တိုင် အသုံးပြုလို့ရနေတာတွေ အများကြီးရှိနေပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဖောက်ခဲ့တဲ့ လမ်းတွေ၊ တံတားတွေ အဆောက်အအုံတွေဟာ အသုံးပြုလို့မရလောက်အောင် ပျက်စီးသွားခဲ့တာဟာ အဲဒီလုပ်ငန်းမှာ ဦးစီးလုပ်ကိုင်တဲ့ တာဝန်ရှိသူတွေ၊ ဝန်ထမ်းတွေရဲ့ စေတနာချို့တဲ့ရခြင်း အကြောင်းရင်းပါပဲ။ ဒါကိုပြောလို့ ကိုလိုနီခေတ်ကို ချီးမွမ်းနေတာ မဟုတ်ပါဘူး။ သူတို့မှာလည်း ကျွန်တော်တို့ မနှစ်သက်နိုင်အောင် ဆိုးရွားတဲ့ဥာဉ်ဆိုးတွေရှိနေတာမှန်ပေမယ့် သူတို့မှာ ကျွန်တော်တို့ အတုယူစရာကောင်းအောင် တော်တဲ့အချက်တွေ ရှိနေတယ်ဆိုတာကို ပြောချင်တယ်။

လူဆိုတာကလည်း ကောင်းတဲ့အကျင့်သာ ကူးစက်ဖို့ခက်ခဲပေမယ့် မကောင်းတဲ့အကျင့်ဆိုးကတော့ အင်မတန်ကူးစက်မြန်တတ်ပါတယ်။ ဒါကြောင့် လုပ်ငန်းတစ်ခုကိုပဲဖြစ်ဖြစ် ခေါင်းဆောင်တဲ့သူဟာ သူလုပ်ရမယ့် တာဝန်အပေါ်မှာ ဥာဏ်ပညာအမြော်အမြင်နည်းစွာနဲ့ ကောင်းမွန်စွာ မလုပ်ကိုင်နိုင်ရင်ပဲဖြစ်ဖြစ်၊ ထားတဲ့စေတနာ မမှန်ကန်ရင်ပဲဖြစ်ဖြစ် အဆိုးဆုံးအကျင့်ပျက်ခြစားမှုပိုးတွေ ဝင်လာပြီဆိုရင်တော့ နောက်ကလိုက်တဲ့ လူတွေက ဘာလဲ၊ ဒီရောဂါရဲ့ ကူးစက်မှုကြောင့် တစ်စ တစ်စ အကျင့်ပျက်ခြစားမှုရောဂါကြီးဟာ ကပ်ရောဂါကြီးတစ်ခုလိုဖြစ်ပြီး လူ့ပတ်ဝန်းကျင်ကို ပျက်စီးသွားစေနိုင်တာကို သဘောပေါက်လာတော့မှ ဪ ရောမအင်ပါယာကြီး ပျက်စီးသွားရတဲ့ “ပြည်သူတွေ အကျင့်စာရိတ္တပျက်သွားမှု” ဆိုတာ ဒါကိုပြောတာပါ လားလို့ သိလာရတော့တာပါပဲ။

ဘာပဲဖြစ်ဖြစ် ရောမအင်ပါယာကြီးကတော့ ပျက်စီးသွားခဲ့ပါပြီ။ ဒါက သမိုင်းကပြောတဲ့ ဖြစ်ရပ်မှန်ပါ။

အတိတ်သမိုင်းကို သင်ခန်းစာယူပြီး အနာဂတ်ကို လှပအောင် တည်ဆောက်နိုင်ကြပါစေ။


Eleven Media Group