လေးယောက်မြောက် လူနာ

ပို့စ်တင်ချိန် - 6/01/2014 09:39:00 AM




(တစ်)
မြန်မာနိုင်ငံတွင် လက်ဖက်ရည်ဆိုင် ထိုင်သည်ဆိုသည့် အလေ့အထက နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေးအကြားအမြင်များ ဖလှယ်ရာ အသေးစား အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု ဖြစ်နေသည်။

 တစ်ရက် လက်ဖက်ရည် ဆိုင်ထိုင်ရင်း လက်ရှိမြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များ ခေါင်းစဉ်အောက်သို့ ရောက် သွားသည်။ သီလ၀ါစက်မှုဇုန် စီမံ ကိန်း၊ ထားဝယ်နှင့် ကျောက်ဖြူ ရေနက်စီမံကိန်း၊ မဟာရန်ကုန် မြို့ပြမြှင့်တင်ရေး စီမံကိန်း၊ ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း ၁၀၀  ပေးမည့် ပညာရေးမြှင့်တင်မှု စီမံကိန်းတွေအကြောင်း ပြောကြရင်း မိတ်ဆွေတစ်ဦးက ‘‘အေးဗျာ..အဲဒါတွေ ကျွန်တော်တို့တော့ မမီတော့ပါဘူး။ ကျွန်တော်တို့သားသမီးတွေသာ အဲဒီအသီးအပွင့်တွေ ခံစားရရင်ပဲတော်ပါပြီ’’ ဟု ပြောဆိုရာ နောက်မိတ်ဆွေတစ်ဦးက ဘာမဆိုင်ညာမဆိုင်နှင့် ‘‘ခင်ဗျားအဲဒါတွေမျှော်လင့်မနေနဲ့ ထိုင်းမှာတောင် စစ်တပ်က အာဏာသိမ်းသွားပြီ’’ ဟု ၀င်ပြောလိုက်သဖြင့် စောစောကပြောခဲ့သော ဘာစီမံကိန်း ညာစီမံကိန်းတွေမှာ လေထဲ တွင် တိုက်အိမ်ဆောက်သလို ဖြစ်သွားရတော့သည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ် စဉ် စာရေးသူ ဒုတိယနှစ်ကျောင်း သားဘ၀က ဖခင်ကြီးပြောပြသော စကားကို သွားသတိရမိသည်။ ‘‘အဖေတို့ကတော့ ပါလီမန်ခေတ်မှာ ပြည်တွင်းစစ်နဲ့ ကြုံခဲ့ရပြီး မဆလ ခေတ်မှာလည်း စီးပွားရေးကျပ်တည်းခဲ့ရပြီးပြီ။ အခုဒီမိုကရေစီရတော့မယ်ဆိုတော့ မင်းတို့ခေတ်တော့ ကောင်းပြီပေါ့ကွာ’’ ဟု ဆိုခဲ့၏။ သူပြောပြီး သိပ်မကြာစစ်တပ်မှာ အာဏာသိမ်းခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကိုလည်း အသိအမှတ်မပြု ဘဲ စစ်တပ်ကပင် အုပ်ချုပ်ခဲ့ရာ ပြည်သူများ ဆင်းရဲမွဲတေမှုနှင့် အနှစ် ၂၀ ကျော်ကြာ ရင်ဆိုင်ခဲ့ရ ပါတော့သည်။

(နှစ်)

ကမ္ဘာ့နိုင်ငံများအားလုံးကို ကြည့်ပါက စစ်အစိုးရ တက်တက်၊ ဒီမိုကရေစီအစိုးရ တက်တက် တက်သမျှ အစိုးရတိုင်း ကြွေးကြော်သည့် လေသံမှာ တိုင်း ပြည်တည်ငြိမ် အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့ပင်ဖြစ်ကြောင်း တွေ့ရှိရပါသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးချိန်တွင် မြန်မာပြည်၏ လူဦး ရေသည် ၁၇ သန်းကျော်သာ ရှိ ပါသည်။ ၁၉၄၂ မှ ၁၉၄၅ ခုနှစ် အတွင်း စစ်ဘေးဒဏ်နှစ်ကျော့ ခံစားရသဖြင့် တိုင်းပြည်အတွင်းရှိ အခြေခံ အဆောက်အအုံများမှာ လည်း ပျက်စီးယိုယွင်းနေပြီ ဖြစ် သည်။ ဖဆပလ အစိုးရ၏ ဘတ် ဂျက်မှာ အကြွေးများနှင့် စခဲ့ရပြီး ဗြိတိသျှကို ပေးဆပ်ရန် ကျပ်ငွေ ၃၅ ကုဋေ ၆ သန်း အမေရိကန် ကိုဆပ်ရန် ဒေါ်လာ ၅ သန်းစသည်ဖြင့် အကြွေးကျပ်ငွေ ကုဋေ ၆၀ ကျော်ရှိခဲ့ကာ အစိုးရအသုံးစရိတ် လည်ပတ်ရန်အတွက် ထိုခေတ် အစိုးရအဖွဲ့ အမျိုးသားစီမံကိန်း ဌာန၀န်ကြီး ဟင်္သာတဦးမြမှပင် ၎င်း၏ ကိုယ်ပိုင်ငွေများအား အစိုးရအသုံးစရိတ်ထဲသို့ စိုက် ထုတ်သုံးစွဲခဲ့ရသည်ဟု ဆိုကြပါ သည်။

ထိုသို့သော အခြေအနေမျိုး မှ တိုင်းပြည်၏ တိုးတက်ဖွံ့ဖြိုးမှု ကို အရှေ့တောင်အာရှ နိုင်ငံများ မှ အတုယူရသည့် အခြေအနေသို့ တက်လှမ်းနိုင်ခဲ့သော်လည်း ပြည် တွင်းစစ်ကြီးဟုန်းခနဲ ထတောက် မှုကြောင့် ပြည်သူများ ဆင်းရဲ ကျပ်တည်းမှုနှင့် တွေ့ကြုံခံစားခဲ့ ရပါသည်။ အမေရိကန်စာရေး ဆရာကြီး ဗတ်ဝဲ (But Well) ၏ စုဆောင်းဖော်ပြချက်အရ ၁၉၄၈ ခုနှစ်မှ ၁၉၅၀ ပြည့်နှစ်အတွင်း ပြည်တွင်းစစ်ကြောင့် လူဦးရေ သုံး သန်းအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ပြည် သူ ၂၂၀၀၀ ကျော် စစ်ဘက်၊ မြို့ပြဘက်ဝန်ထမ်း ၅၇၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရကာ အစိုးရ ပစ္စည်းဒေါ်လာ ငါးသန်းနှင့် ပြည် သူလူထုပစ္စည်းဒေါ်လာ ၉၅ သန်း ဆုံးရှုံးခဲ့ရသည်ဟု သိရှိရပါသည်။ ပါလီမန်ခေတ်တွင် ကျော်ကြား သော စီမံကိန်းမှာ အိမ်ထောင်စု တစ်စုလျှင် တိုက်တစ်လုံးကား တစ်စီးပိုင်ဆိုင်နိုင်ရမည်ဆိုသည့် ပြည်တော်သာ စီမံကိန်းပင် ဖြစ် ပါသည်။ ထိုစီမံကိန်းမှာလည်း ပြည်ပပို့ကုန်ဆန်ဈေးနှုန်း ကျ ဆင်းမှု၊ ပြည်တွင်းစစ်အရှိန်မြင့်မှု တို့ကြောင့် ပျက်သုဉ်းခဲ့ရပါသည်။

၁၉၆၂ ခုနှစ်တွင် စစ်တပ် မှ အာဏာသိမ်းပြီး တော်လှန်ရေး ကောင်စီအစိုးရတက်ကာ ပုဂ္ဂလိကပိုင် ပစ္စည်းများအား ပြည်သူပိုင်သိမ်းခြင်းဖြင့် ဆိုရှယ်လစ် စီးပွားရေး စနစ်သို့ ဦးတည်ခဲ့ပြန် ပါသည်။ အထူးခြားဆုံးမှာ နယ် ချဲ့နှင့် နိုင်ငံခြားအရင်းရှင်ကြီးများ ပိုင်ဘဏ်နှင့် ကုမ္ပဏီကြီးများကို ပြည်သူပိုင်သိမ်းစဉ်က မတန်တဆ လျော်ကြေး အမျိုးမျိုးပေးခဲ့ရ သော်လည်း ၁၉၆၄ ခုနှစ် ဧပြီ ၉ ရက်တွင် ရန်ကုန်အပါအ၀င် တစ်နိုင်ငံလုံးမှ တိုင်းရင်းသားပိုင် လက်လီလက်ကားဆိုင်ပေါင်း ၁၂၇၆၄ ဆိုင်ကို ပြည်သူပိုင်သိမ်းသောအခါ တစ်ပြားတစ်ချပ်မှ လျော်ကြေးမပေးဘဲ သိမ်းယူလိုက်ခြင်းပင် ဖြစ်သည်။

ပြည်သူပိုင်သိမ်းပြီးနောက် တစ်နိုင်ငံလုံးတွင်ရှိသမျှ စက်ရုံ အလုပ်ရုံဘုတ်၊ ကော်ပိုရေးရှင်း စသော စီးပွားရေးလုပ်ငန်းများ တွင် စစ်တပ်အရာရှိများကသာ နေရာယူ တာဝန်ခံလာကြ၏။ ၁၉၆၄ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် ကုန်ပစ္စည်းအမျိုးပေါင်း ၆၀ ကျော်အား နိုင်ငံတော် အစိုးရ မှသာ ၀ယ်ယူဖြန့်ချိခွင့်ရှိသော ကန့်သတ်ကုန်များအဖြစ် ကြေညာ လိုက်ပါသည်။ မှောင်ခိုစီးပွားရေး ဆိုသည်မှာ ထိုအချိန်မှစကာ သန္ဓေတည်လာခဲ့ရပြီး ဆိုရှယ်လစ် စီးပွားရေး၏ သမ၀ါယမလုပ်ငန်း များမှာလည်း ခြစားမှု၊ လာဘ် ပေး လာဘ်ယူမှုတို့နှင့် လုံးပါးပါး ခဲ့ရပါသည်။ ထိုသို့ဖြင့် ပြည်သူ များသည် အစိုးရ၏ ငွေမဲမှုများကို လည်း အကြိမ်ကြိမ်ခံခဲ့ရပြီး အထွေထွေ မကျေနပ်မှုများသည် ဒီမိုကရေစီ ကြွေးကြော်သံများဖြင့် ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ် ကာ နောက်ဆုံးစစ်တပ်မှပင် အာ ဏာသိမ်းသွားခဲ့ရပြန်ပါတော့ သည်။

၁၉၈၈ ခု အာဏာသိမ်းစစ် အစိုးရ၏ နိုင်ငံစီးပွားရေးပေါ်လစီ မှာကားေ ဈးကွက်စီးပွားရေးနှင့် ကုန်စည်စီးဆင်းမှုကောင်းမွန်စေ ရေးပင်ဖြစ်တော့သည်။ ဆောက်လိုက်သည့် တံတား၊ ဖောက်လိုက်သည့်လမ်းနှင့် ပြည်သူလူထုမှ ပေးလိုက်ရသည့် လုပ်အားတွေမှာ မနည်းလှပါ။ ဈေးကွက်စီးပွားရေး ၏ အကျိုးအမြတ်ကို ရရှိသွားသူ များမှာကား လတ်တစ်ဆုပ်စာ ခရိုနီလုပ်ငန်းရှင်များပင် ဖြစ်ပါ သည်။ တစ်ဦးတည်းသစ်ခုတ်လှဲ ရောင်းချခွင့်၊ တစ်ဦးတည်း စား အုန်းဆီသွင်းခွင့်၊ တစ်ဦးတည်း ကျောက်မျက်ရတနာ တူးဖော်ခွင့် စသည်ဖြင့် အစိုးရထံမှ အခွင့်အ ရေးရနေသည့် ပြိုင်စံမပေါ် နိုင်ငံ ကျော်စီးပွားရေးလုပ်ငန်းရှင်များ အား မည်သည့် ပြည်သူပြည်သား ကမှ ယှဉ်ပြိုင်နိုင်ခွင့် မရရှိခဲ့ပါ။ စီးပွားရေးလုပ်ငန်းအများစုကို လည်း စစ်တပ်ပိုင်လုပ်ငန်းများအ ဖြစ် အသွင်ပြောင်းခဲ့ကာ အခြေခံ ပြည်သူများခမျာ အကြောက် တရားဖြင့်ပင် ချို့တဲ့စွာ စစ်အစိုးရ ခေတ်အား ဖြတ်သန်းခဲ့ရပြန်ပါ သည်။

(သုံး)

တစ်ခါက ပုံပြင်လိုလို၊ ဒဏ္ဍာရီလိုလို၊ အရပ်စကားလိုလိုနှင့် မိတ်ဆွေတစ်ဦး ပြောပြသော ဇာတ်လမ်းလေးတစ်ခုကို မှတ် သားခဲ့ဖူးပါသည်။

လူတစ်ယောက်သည် ကျန်း မာရေးမကောင်းသဖြင့် တစ်ရွာ ၀င် တစ်ရွာထွက် ဆေးဆရာများ ကို ရှာဖွေကာ ကုစားနေသော် လည်း တိုးတက်မှု ရှိမလာသဖြင့် ဆရာကောင်းကို ရှာဖွေနေရသည် ဟူ၏။ ထိုသို့နှင့် ရောဂါဝေဒနာ ကို ခံစားရင်း အင်အားချည့်နဲ့စွာ ခရီးဆက်ခဲ့ရာ ရွာတစ်ရွာသို့ ရောက်ရှိခဲ့ပါသည်။ ကံကောင်း ထောက်မစွာဖြင့် ထိုရွာမှာ တစ်ရွာလုံးလိုလို ဆေးကုသသော ဆေး ဆရာများ နေထိုင်သည့် ဆေးရွာ ကြီးဖြစ်နေတော့၏။ လူနာမှာ လည်း အားအင်များ လန်းဆန်း လာကာ ဒီရွာမှာတော့ ငါနေ ကောင်းရချည့်ဟု တွေးလိုက်မိ တော့သည်။

 ထို့ထက်ပို၍ လူနာအား တက်ရသည်မှာ ဆေးဆရာများ၏ ယခုခေတ်အခေါ် ပွင့်လင်းမြင် သာမှုကြောင့်ပင် ဖြစ်၏။ ဆေး ဆရာများ၏ အိမ်ရှေ့၌ အုန်းသီး လေးများ ချိတ်ဆွဲထားရာ အုန်း သီးအရေအတွက်မှာ ထိုဆရာ၏ ဆေးကုသမှုခံယူရင်း အဖိတ်အ စဉ်ဖြစ်ခဲ့ရသူများကို ညွှန်းဆိုနေ သည်ဆိုသောကြောင့် လူနာသည် အုန်းသီးအရေအတွက် အနည်း ဆုံး ချိတ်ဆွဲထားသည့် ဆေးဆရာ အား လိုက်ခံရှာဖွေရာ နောက်ဆုံး အုန်းသီးသုံးလုံးသာ ချိတ်ဆွဲထား သော အိမ်ကိုတွေ့ရသဖြင့် အား တက်စွာပင် ထိုဆရာထံသို့ ၀င် ရောက်တော့၏။

 ဆေးဆရာက လူနာ၏ ရောဂါဝေဒနာအား စမ်းသပ်ကာ ဆေးဝါးများပေးပြီးနောက် လူနာ ရှင်ကလည်း ကျေးဇူးတင်ကြောင်း နှင့် ဆရာဟာ ဒီရွာမှာ အတော် ဆုံးဆေးဆရာဖြစ်ကြောင်း၊ မိမိ တစ်ရွာလုံးရှိ ဆေးဆရာများအား လိုက်လံစုံစမ်းရာ ဆရာသာလျှင်  ဆေးကုသသမျှတွင် အသေအ ပျောက်အနည်းဆုံး ဆေးဆရာ ဖြစ်ကြောင်းတို့ကို ချီးမွမ်းခန်းဖွင့် လေရာ ဆေးဆရာပြန်ပြောလိုက် သော စကားကြောင့် လူနာမှာ မျက်လုံးပြူးလျှာထွက်ဖြစ်ရလေ တော့သည်။ ဆေးဆရာ၏ စကား မှာကား ‘‘ကျွန်ုပ်ဒီရွာမှာ အကောင်းဆုံး ဆေးဆရာမဟုတ်ပါဘူး။ မိတ်ဆွေ အသင်သည်ကျွန်ုပ်ကုသသော လူနာများ အနက်မှလေးယောက်မြောက် လူနာသာ ဖြစ်ပါတယ်’’ ဟူ၏။

(လေး)

မန်ဆာချူးဆက် နည်းပညာ တက္ကသိုလ်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးလုပ်ငန်းဌာနကို တည်ထောင်ခဲ့သူ စီးပွားရေး ပညာရှင် အက်စ်သာဒပ်ဖလို (Esther Dvflo) ၏ ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် ယနေ့ခေတ်စားနေသော အသေးစား ချေးငွေထုတ်ပေးသောနည်းဖြင့် ထင်သလောက် မအောင်မြင်ရခြင်းမှာ လူတိုင်းသည် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအဖြစ် မွေးဖွားလာခြင်း မဟုတ်ဟူသော   အချက်ကြောင့်ဟု ဆိုပါသည်။

မြန်မာနိုင်ငံသည် လွတ်လပ် ရေးရပြီးနောက် ပါလီမန်ခေတ် မဆလခေတ်၊ န၀တ၊ နအဖ ခေတ် စသည်ဖြင့် ခေတ်ကြီးသုံးခေတ် ကို ဖြတ်သန်းခဲ့ရာ ပြည်သူများ မျှော်လင့်တောင့်တခဲ့သော စား ၀တ်နေမှု ပြည့်စုံရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့ကို ကျေနပ်လက်ခံနိုင်သည့် အဆင့် သို့ ရောက်အောင် အစိုးရတိုင်းက မစွမ်းဆောင်နိုင်ခဲ့ကြပါ။ မကြာမီ သက်တမ်းတစ်ခုပြည့်တော့မည့် ဒီမိုကရေစီအစိုးရသစ်မှလည်း ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို ချေးငွေ အမျိုးမျိုးဖြင့် အကူအညီ ပေးနေသော်လည်း နည်းပညာပံ့ ပိုးမှုနှင့် စီမံခန့်ခွဲမှု စနစ်ကောင်း မွန်မှုတို့ကလည်း နောက်မှ လိုက် ဖို့လိုနေပါသည်။ အနှစ် ၂၀ စီမံ ကိန်းနှင့် အနှစ် ၃၀ စီမံကိန်းများ အောင်မြင်ပြီးမြောက်ရန်ဆိုသည် မှာလည်း နိုင်ငံရေးစနစ်က နောက်ကြောင်း ပြန်လှည့်မသွားရန် လိုပါသေးသည်။

သို့ဖြစ်ပါ၍ အစိုးရမှ ကြွေး ကြော်ထားသော ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီနိုင်ငံ တော်သစ်ကြီးဆီသို့ ရောက်၊     မရောက်ဆိုသည်ကိုဖြင့် လေး ယောက်မြောက်လူနာဖြစ်သည့် ပြည်သူများ ရင်တမမ စောင့်စား ရဦးမည်သာ ဖြစ်ပါတော့သည်။

ဗညားလှိုင်ဦး
7day daily