ကချင်စစ်ပွဲ သုံးနှစ်ကြာပြီးနောက် ...

ပို့စ်တင်ချိန် - 6/06/2014 07:43:00 AM

 မန့်ဝိန်းကြီး ဒုက္ခသည်စခန်းတွင် လာရောက် ခိုလှုံ နေထိုင်နေရသည့် ဒေသခံ အမျိုးသမီးကြီး တစ်ဦးကို မေလ နောက်ဆုံးပတ်က တွေ့ရစဉ်။ ၀လုံး/မြန်မာတိုင်း(မ်) 


ချောင်းတဟွတ်ဟွတ် ဆိုးနေတဲ့ ကချင်အဘိုးအို တစ်ဦးဟာ မွှန်ထူနေတဲ့မီးခိုးတွေကို ယပ်ခတ်ရင်း
ဆန်ကြမ်းအနည်းငယ် ရေအနည်းငယ်ထည့်ထားတဲ့ ဒန်ထမင်းအိုးကို မီးဖိုပေါ်တင်လိုက်ပါတယ်။

နှစ်ရှည်လများ အိပ်ခန်းနဲ့ကပ်လျက် မီးဖိုမှာပဲ ချက်ပြုတ်ခဲ့ရတာကြောင့် အလင်းရောင်
ကောင်းကောင်းမရှိတဲ့ အခန်းတစ်ခုလုံး ကျပ်ခိုး မှိုင်းမည်းညစ်ညစ်တွေက အပြည့်နေရာယူထားပါ
တယ်။

ဒီညနေအတွက် သူချက်ပြုတ်ရမယ့် စာရင်းက ဆန်ကြမ်းထမင်းတစ်မျိုးပဲ ဖြစ်ပါတယ်။

ကချင်အခေါ် ကျိန်တော့ (Chaing Daw)လို့ ခေါ်တဲ့ တောင်ပေါ်တွေမှာ ပေါက်လေ့ရှိတဲ့
အရွက်ခပ်ခြောက်ခြောက် တစ်စည်းနှစ်စည်းက လွဲလို့သူ့တို့မိသားစု သုံးယောက်အတွက်
ညနေစာဟင်း ရှိမှာမဟုတ်ဘူးလို့ အသက် ၇၀အရွယ် ဦးဘရန်အောင် ပြောပါတယ်။

သူတို့မိသားစုဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် အတွင်း တို့က်ပွဲတွေ ဖြစ်ချိန်ကစလို့ခြေဦးတည့်ရာ
နေရာတော်များများဆီကို ထွက်ပြေး တိမ်းရှောင်ခဲ့ပြီးတဲ့နောက် ကွတ်ခိုင်မြို့ပေါ်က KBC နှစ်ခြင်း
အသင်းတော် စစ်ပြေးဒုက္ခသည် စခန်းကို ရောက်လာတာ တစ်နှစ်ကျော် နှစ်နှစ် နီးပါးရှိခဲ့ပြီဖြစ်ပါ
တယ်။

"အိမ်ပြန်ချင်တယ်၊ ဒါပေမဲ့ မပြန်ရဲသေးဘူး"လို့ ဦးဘရန်အောင်က စိတ်ပျက်လက်ပျက်အမူအရာနဲ့
ပြောပါတယ်။ ကျုံလှီလှတဲ့ ခန္ဓာကိုယ်နဲ့ အ၀ါ ရောင်သမ်းပြီး ခပ်အမ်းအမ်းဖြစ်နေတဲ့ သူ့မျက်နှာက
ကိုယ်ခံအားနည်းပြီး ရက်ပေါင်းအတော်ကြာ မမာမကျန်းဖြစ်နေတယ်ဆိုတာ အထင်သား ပေါ်လွင်
နေပါတယ်။

မသေခင်အချိန်မှာတော့ ကိုယ့်တောင်ယာကိုလုပ်ပြီး တောတောင်မှာ ကိုယ်ဝမ်းစာကိုယ်ရှာစားတဲ့
ဘ၀မျိုးပြန်ရောက်ချင်တယ်လို့လည်း သူက မပွင့်တပွင့်နဲ့ ပြောပါသေးတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ)နဲ့ အစိုးရစစ်တပ်တို့ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်
ဟာ ဇွန်လ ၉ ရက်နေဆိုရင် သုံးနှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုချိန်ထိ နှစ်ဖက်ငြိမ်းချမ်းရေးမရနိုင်သေးတဲ့ အခြေအနေတွေက စစ်ဘေးသင့်ပြည်သူ
တွေရဲ့ အနာဂတ်မျှော်လင့်ချက်တွေ တစ်စတစ်စ မှေးမှိန်လာနေသလို မျှော်လင့်မထားခဲ့တဲ့
နာကျည်းမှု အမုန်းတရားတွေ သူတို့လူ့အဖွဲ့အစည်းအတွင်းမှာ တစ်စတစ်စ ၀င်ရောက်လာနေပြီ
ဆိုတာကိုတော့ ဘယ်သူမှ မငြင်းနိုင်ကြပါဘူး။

လက်ရှိခန့်မှန်းခြေစာရင်းတွေအရ ကေအိုင်အို ထိန်းချုပ်ရာနယ်မြေ တရုတ်နယ်စပ်တစ်လျှောက်ရှိ
ဒုက္ခသည်စခန်းများမှာ ခိုလှုံနေရသူ ရှစ်သောင်းကျော်ရှိပြီး အစိုးရ ထိန်းချုပ်ရာ မြစ်ကြီးနား၊
ဗန်းမော်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ ကွတ်ခိုင်နဲ့ မူဆယ်စတဲ့ ဒေသတစ်လျှောက် ဒုက္ခသည်
ဦးရေ သုံးသောင်းကျော် ရှိနေကြောင်း ကေအိုင်အိုဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ
ဦးဒွဲပီဆက ပြောပါတယ်။

"ဒုက္ခသည်စာရင်းက အတိအကျလုပ်နိုင်ဖို့ ခက်ပါတယ်၊ တချို့က ကိုယ့်ရပ်ကိုယ့်ရွာကိုပစ်ပြီးတော့
တရုတ်ပြည်ဘက်မှာ သွားနေရတာတွေ ရှိတယ်၊ တချို့လည်း နယ်စပ်တစ်လျှောက်နဲ့
ကချင်ပြည်နယ်အတွင်းပိုင်းတွေမှာ ဟိုတစ်စု ဒီတစ်စုနဲ့ ပုန်းအောင်းပြီးတော့နေနေရတဲ့ ဒုက္ခသည်
တွေကလည်း အများကြီးရှိတယ်" လို့ ၎င်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မန်စီမြို့နယ်အတွင်း
ကေအိုင်အေ တပ်မဟာ ၃ နဲ့ အစိုးရတပ်မ ၈၈ လက်အောက်ခံ ခလရ ၈၃ တပ်များအကြား
ထပ်မံဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ မန့်ဝိန်းကြီး ဒေသထဲ
ခိုလှုံခဲ့ရသလို တရုတ်ပြည်ဘက်ကိုလည်း တိမ်းရှောင်ထွက်ပြေးခဲ့ကြရပါတယ်။

ကေအိုင်အေနဲ့ အစိုးရအကြား တိုက်ပွဲတွေ ထပ်မံမဖြစ်ပွားစေရေးအတွက် တစ်ဖက် အဖွဲ့ဝင် ငါးဦးစီ
ပါဝင်တဲ့ နှစ်ဖက်ပဋိပက္ခများညှိနှိုင်းရေးအဖွဲ့ တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်းပိုင်းမှာ တိုက်ပွဲတွေ လျော့ကျနိုင်ပေမယ့် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း
ရှမ်းမြောက်နဲ့ ကချင်ပြည်နယ် နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနိုင် ခြေရှိနေသေး
တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက သုံးသပ်ပါတယ်။

တပ်မတော်ရဲ့ ကွတ်ခိုင်ဗျူဟာမှူး ဗိုလ်မှူးကြီး သန်းဦးကလည်း ကေအိုင်အေနဲ့ ပလောင်တပ်ဖွဲ့များ
(TNLA) တပ်ပေါင်းစုအသွင်ဖြင့် ရှမ်းမြောက်နဲ့ ကချင်ပြည်နယ် နယ်စပ်ဒေသတစ်လျှောက်
ပြည်ထောင်စုလမ်းမကြီး အနောက်ဘက်ခြမ်းဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုများ ရှိလာခြင်းကြောင့်
တပ်မတော်စစ်ကြောင်းများ စေလွှတ်ထားတယ်လို့ ပြောပါတယ်။

"ငြိမ်းချမ်းရေးစကားသာပြောနေကြတယ်။ ရှေ့တန်းကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် နောက်ထပ်ရိက္ခာ
တွေထပ်ပို့နေတာ၊ နောက်ထပ်လက်နက်တွေ ပို့နေတာကိုသာ တွေ့ရတယ်။ စစ်ပွဲတွေထပ်ဖြစ်မှာ
ကို ကျွန်မတို့ အရမ်းကို စိတ်ပူပါတယ်"လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ မခေါန်ဂျာက
ပြောပါတယ်။

အစိုးရနဲ့ ကေအိုင်အေတို့ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေက ရွာပတ်ဝန်းကျင် တောခြေ၊
လယ်ကွင်းတွေထဲအထိ နေရာအနှံ့မှာ ပြန့်ကျဲရှိနေဆဲအချက်က ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ခြင်း
မရှိသေးတဲ့ နောက်ထပ် အကြောင်းရင်း တစ်ရပ်ဖြစ်ပါတယ်။

"အခု ငြိမ်းချမ်းရေးရလို့ ပြန်ဆိုရင်တောင် မပြန်ရဲဘူး။ ရွာနားပတ်ပတ်လည်မှာ မိုင်းတွေက ရှိနေ
တယ်။ ကျွန်မ ကျွဲနွားတွေဆို မိုင်းထိလို့ သေကုန်ပြီ"လို့ မန့်ဝိန်းကြီး ဒုက္ခသည်စခန်းမှ ဒေါ်ကော့ဖန်
က ပြောပါတယ်။

မြေမြှုပ်မိုင်းရှင်းလင်းရေး ကိစ္စတွေ လုပ်ဆောင်ဖို့ ကေအိုင်အေခေါင်းဆောင်များနဲ့ အစိုးရ
ငြိမ်းချမ်းရေးခေါင်းဆောင်တွေက ကတိအမျိုးမျိုးပေးခဲ့ကြပေမယ့် လက်ရှိအချိန်အထိ တစ်စုံတစ်ရာ
အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

သုံးနှစ်တာကာလအတွင်း စစ်ပြေးဒုက္ခသည်တွေရဲ့ မူလနေထိုင်ရာ ရွာတွေထဲက နေအိမ်တွေ
ကတော့ လူသူနေထိုင်ခြင်း မရှိတာမို့ တစ်စတစ်စ ဆွေးမြေ့ ပြိုနေပြီဖြစ်သလို သူတို့ လက်ရှိ
နေနေတဲ့စခန်းက အိမ်တွေကလည်း ပျက်စီးလာနေပါပြီ။

"အခုဆိုရင် မိုးကဆက်တိုက်ရွာတယ်။ ငလျင်လည်းလှုပ်တယ်။ အားလုံးက မိုးမလုံတာနဲ့၊
ဆွေးနေတာနဲ့ဆိုတော့ ဒီမှာ အရေးပေါ် လိုအပ်ချက်ကတော့ အမိုးအကာ ကောင်းကောင်း
လိုနေပါတယ်။ ကူညီရေးအဖွဲ့တွေဆီကရမယ့် အကူညီတွေက နည်းနည်းစောင့်ရဦးမယ်လို့
သိရတယ်" လို့ ကေအိုင်အို ဒုက္ခသည်တွေ ကူညီကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဒွဲပီဆက
ပြောပါတယ်။

ပြီးခဲ့သည့်နှစ်တွေအတွင်း ကချင်စစ်ဘေး ဒုက္ခသည်စခန်းတွေကို ရန်ပုံငွေတွေပေးဖို့ အမေရိကန် -
ဗြိတိန်စတဲ့ နိုင်ငံခြားအစိုးရတွေဆီက ကတိတွေရခဲ့တာကြောင် လိုအပ်ချက်ရဲ့ ၅၂ ရာခိုင်နှုန်းကျော်
အထောက်အပံ့တွေ ရခဲ့ပေမယ့် အခု ဒီဘက်နှစ်မှာတော့ အဲဒီလိုအခြေအနေတွေ မရှိတော့ဘူးလို့
ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက ဆိုပါတယ်။

"အစားအစာဆိုရင်လည်း လုံလောက်အောင် မထောက်ပံ့နိုင်တော့ဘူး။ WFP (ကမ္ဘာ့စားနပ်ရိက္ခာ
အဖွဲ့)ကလည်း ဒုက္ခသည်စခန်းထဲက အဆင်းရဲဆုံးကိုပဲရွေးပြီး ထောက်ပံ့မယ်လို့ ပြောလာတာတွေ
ရှိတယ်"လို့သူက ပြောပါတယ်။

မြို့ပြနဲ့အလှမ်းဝေးတဲ့ ဒုက္ခသည်စခန်းအတော်များများမှာ အစားအစာ၊ သောက်သုံးရေနဲ့
အ၀တ်အထည်တွေ လုံလောက်စွာ အထောက်အပံမရရှိသလို မိခင်နဲ့ ကလေးတွေအတွက်
အခုလိုမိုးရာသီဝင်လာချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးတွေ ပိုပြီးလိုအပ်နေပြီ
ဖြစ်ပါတယ်။

ဒီလိုနဲ့ တစ်နှစ်ပြီးတစ်နှစ် ဒုက္ခသည်စခန်းပီသစွာ ဒုက္ခသုက္ခတွေကို ခါးစည်းခံရင်း တစ်နေ့
အိမ်ပြန်ရမယ့်အချိန်ကို မရေမရာ မျှော်လင့်နေကြဆဲဖြစ်ပါတယ်။

အိမ်ပြန်ဖို့ဆိုတာ ဒုက္ခ သည်တစ်ယောက်အနေနဲ့ ကိုယ်တိုင်ဆုံးဖြတ် နိုင်တဲ့အရာတစ်ခု
မဟုတ်တာတော့ အသေအချာပါပဲ။

"နိုင်ငံရေး၊ စစ်ရေးပြဿနာကြောင့် ဖြစ်ရတာဆိုတော့ ဒုက္ခသည်တွေ အိမ်ပြန်ဖို့ဆိုတာ
နိုင်ငံခေါင်းဆောင်တွေ အပေါ်မှာပဲ မူတည်နေပါတယ်"လို့ ဦးဒွဲပီဆက ပြောပါတယ်။

ချောင်းတဟွတ်ဟွတ်ဆိုးနေတဲ့ ကချင်အဘိုးအို ဦးဘရန်အောင်ဟာ တစ်ခန်းလုံးမွှန် ထူနေတဲ့
မီးခိုးတွေကို ယပ်ခတ်ရင်း ဖိုခုံလောက် ထင်းမီးဖိုပေါ်တင်ထားတဲ့ ဒန်ထမင်းအိုးထဲကို
ညစ်ထေးနေတဲ့ သစ်သားယောက်မနဲ့ အသာ မွှေလိုက်ပါတယ်။

ဒီညနေအတွက် စားစရာက ဒီဆန်ကြမ်းထမင်းပဲ ရှိတယ်ဆိုတာ သူ့အတွက်တော့ ပုံမှန်ကြုံနေကျ
နေ့တစ်နေ့ ဖြစ်နေခဲ့ပါပြီ။

ဝလုံး / မြန်မာတိုင်း(မ်)