မြင်သလို ပြောဆိုပါရစေ - Opinion

ပို့စ်တင်ချိန် - 5/13/2014 05:59:00 PM




စိတ်ထဲမှာ အစာမကြေလို့ ပြောမိတာပါ။ မုန်းရင်လည်း ခံလိုက်တော့မယ်။ မနေ့က သုတစွယ်စုံ မီဒီယာက ကျင်းပပြုလုပ်တဲ့ စာပေဆုပေးပွဲကို တက်ရောက်ခွင့် ရခဲ့တယ်။ ကျွန်တော်က စာရေးတာလည်း ဝါသနာပါ၊ ဖိတ်ကြားခြင်းလည်း ခံရတာ ဆိုတော့ ဝမ်းမြောက်ဝမ်းသာ အဲဒီပွဲကို တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံ စာပေလောက အကြောင်းကို အားလုံးသိကြပြီးသား ဖြစ်ကြမယ် ထင်ပါတယ်။ ချည့်နဲ့နဲ့ ယိုင်နဲ့နဲ့ အနေအထားနဲ့ လျှောက်လှမ်းနေကြရတာ။ ဒီကြားထဲမှာ စာရေးသူတွေရဲ့ ဘဝက ပိုဆိုသေးတယ်။ ဝါသနာပါလို့ စာတွေ ရေးနေရင်းက ဝမ်းရေးအတွက်ပါ ကြိုးစားရုန်းကန် နေကြရတဲ့ စာရေးသူတွေက အများစု ဖြစ်ကြတယ်။ ဒီခေတ် ကုန်ဈေးနှုန်းနဲ့ ရတဲ့ စာမူခတွေ ယှဉ်ရင် ဘယ်လိုမှ မဖြစ်နိုင်တဲ့ ရပ်တည်မှုတွေကြားကပဲ မရေးရမနေနိုင် ရေးနေကြတာ တွေ့ရတာ။

ဆုပေးပွဲမှာ ဆရာတင်နိုင်တိုးနဲ့ တွေ့တော့ “ဆရာစာတွေ အတော်ရေးနိုင်တယ်နော်” လို့ ချီးကျူးစကား ဆိုလိုက်တော့ ကိုတင်နိုင်တိုးက “ဝါသနာကြောင့်ပါဗျာ” ဆိုတဲ့ စကားက မြန်မာ စာရေးဆရာတွေရဲ့ ဘဝကို ထင်ဟပ် ပြလိုက်သလို ရှိတယ်။ ဒီဆရာတွေ ဝါသနာနဲ့ ရေးနိုင်၊ ရှာဖွေနိုင်၊ လေ့လာနိုင်အောင် ဆိုတာ မပူမပင် မကြောင့်မကြနဲ့ နေနိုင်ဖို့ လိုတယ်။ စာမူခတစ်ပုဒ် တစ်သောင်းလောက်နဲ့ စာရေးသူ တစ်ယောက်ရဲ့ စာဟာ နေ့တိုင်း ဂျာနယ်တွေ၊ သတင်းစာတွေထဲမှာ မပါနိုင်ဘူး။ စာရေးသူတွေဟာ သူတို့စာတွေကို မိတ္တူစက်လို လှိမ့်ထုတ်လို့ မရသလို၊ ဂျာနယ် သတင်းစာတိုက်တွေကလည်း သူ့တစ်ယောက်တည်းရဲ့ စာတွေကိုပဲ နေ့တိုင်း ဖော်ပြပါ့မယ်လို့ အာမခံချက် ပေးနိုင်မယ် မထင်ဘူး။ ဒါကြောင့် စာရေးသူတွေဟာ ချည့်နဲ့နဲ့ ရပ်တည်နေရတယ်လို့ ပြောမိတာ။

စာရေးသူတွေရဲ့ အားအင်တွေကို ဖြည့်ပေးနေတဲ့ အထောက်အကူပြု အဖွဲ့တွေကတော့ နိုင်ငံတော် စာပေဆုရွေးချယ်ရေး အဖွဲ့အပြင် အခြားပုဂ္ဂလိက စာပေဆု ရွေးချယ်ပေးနေတဲ့ အဖွဲ့လေးတွေ ဖြစ်ပါတယ်။ ဒီကြားထဲမှာ စွယ်စုံမီဒီယာ အုပ်စုရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာတင်ထွန်းဦးကိုလည်း ကျေးဇူးတင်ရမယ်။ သူက စာပေလောကသားတွေကို သူ့နည်းသူ့ဟန်နဲ့ အသက်ဆက်နိုင်ရေး အထောက်အကူ ပေးနေတာလို့ ပြောရင် ရနိုင်ပါတယ်။

ဒီနှစ် စာပေဆုက ခုနစ်ဆုနဲ့၊ တစ်သက်တာ စာပေဆုက တစ်ဆု စုစုပေါင်း ရှစ်ဆုပေးကြောင်း အခမ်းအနားမှာ သိရတယ်။ ဆရာဒေါက်တာတင်ထွန်းဦးက ပဏာမ စကားပြောစဉ်မှာ စာအုပ်ရေးတဲ့ စာရေးသူရဲ့ တင်ပြပုံ၊ ရေးဖွဲ့ပုံတွေသာမက ထုတ်ဝေသူတွေရဲ့ စာအုပ်ဒီဇိုင်း အဆင်အပြင် သေသပ် လှပမှုတွေကိုလည်း စဉ်းစားတယ်ဆိုတဲ့ အချက်ကို သဘောကျမိတယ်။ ဆရာ့စကားထဲမှာ အချို့စာအုပ်တွေဟာ အကြောင်းအရာ ကောင်းပေမယ့် စာအုပ်တွေက နှစ်လိုဖွယ်၊ ကိုင်ကြည့်ချင်ဖွယ် မကောင်းလောက်အောင် အဆင်အပြင် ညံ့ဖျင်းတာကြောင့် ဆုရွေးချယ်ရေးနဲ့ လွဲဖယ်ခဲ့ရတယ်လို့ ပြောလိုက်တာဟာ မြန်မာ့စာပေလောကကို သတိထား ဆင်ခြင်နိုင်အောင် ထောက်ပြ ဝေဖန်လိုက်တာပဲလို့ ယူဆပါတယ်။ ပြီးတော့ စာအုပ် ထုတ်ဝေရေး လုပ်ငန်းဆိုတာ စာရေးသူနဲ့ ထုတ်ဝေသူတို့ ပေါင်းစပ်အားထုတ်မှု ဘယ်လောက် လိုအပ်သလဲ ဆိုတာကိုလည်း မီးမောင်း ထိုးပြလိုက်သလို ရှိပါတယ်။

ဒီနေ့ပွဲမှာ ထူးခြားတာက ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် အခမ်းအနားကို တက်ရောက် ချီးမြှင့်တယ်။ ဒါပေမဲ့ ဝန်ကြီးက စာရေးသူတွေ၊ ကြွရောက်သူတွေကို ရင်းနှီးစွာ နှုတ်ဆက်၊ ဆုယူပြီး ဆင်းလာတဲ့ သက်ကြီး စာရေးဆရာကြီးတွေကို ကိုယ်တိုင်ထပြီး ဖေးမတွဲနဲ့ မလုပ်ဖူးတာတွေ လုပ်သွားတာ သတိထားမိတယ်။ ပိုပြီး ထူးခြားတာက ခါတိုင်း ဒီလိုပွဲမျိုးတွေဆိုရင် ဝန်ကြီးကိုယ်တိုင် မိန့်ခွန်း တက်ပြောပေးရတဲ့ နေရာမှာ ဒီနေ့တော့ ဝန်ကြီးက ဘာမိန့်ခွန်းမှ တက်ပြောခြင်း မရှိဘဲ ပြုံးပြုံးကြီးနဲ့ နားထောင်နေတာ တွေ့ရတာကတော့ ထူးခြားချက်ပဲလို့ ပြောရမယ်။

ကျွန်တော် အားနာနာနဲ့ ပြောရမယ့် စိတ်ပျက်စရာ ကောင်းတဲ့ အကျင့်စရိုက်တွေကို ရှေ့မျက်နှာ နောက်ထားပြီး ပြောရတော့မှာပဲ။ ဆုတွေအားလုံး ပေးပြီးချိန်မှာ ဆုရ စာရေးဆရာတွေရဲ့ကိုယ်စား တက္ကသိုလ်စိန်တင်က ကျေးဇူးတင်စကား တက်ပြောပေးရမယ့် အလှည့်ရောက်လာတယ်။ အဲဒီအချိန်မှာ စလိုက်တာနဲ့ စာပေဟောပြောပွဲပုံစံ ဟစ်ကြွေးလိုက်ကတည်းက သွားပြီဆိုတာ သိလိုက်ရတယ်။ ပြီးတော့ တစ်နာရီလောက်ကို ကျေးဇူးတင်စကား တစ်လုံးမှမပါဘဲ သူ့စာအုပ်ကောင်းကြောင်း၊ ဦးနုအကြောင်း၊ ဒီမိုကရေစီ အကြောင်းတွေကို ပြောသွားတယ်။ ဒါတွေ အားလုံးဟာ စာအုပ်ထဲ ပါပြီးသားတွေပဲ။ အကြောင်းအရာ အတော်များများဟာလည်း ဒီပွဲကို တက်ရောက်လာသူတွေ အားလုံးလိုလိုက လူညံ့တွေ မဟုတ်တော့ သိကြမယ် ထင်ပါတယ်။

စာပေဆုပေးပွဲမှာ ဆုရသူများ ကိုယ်စား ကျေးဇူးတင် စကားလို့ အခမ်းအနားမှူးက စကားပလ္လင် ခံလိုက်ပေမယ့် ဆရာတွေက စာပေဟောပြောပွဲ စိတ်ရောက်သွားသလား၊ စာအုပ် ကြော်ငြာဖို့ စိတ်ဝင်စားသွားသလားတော့ မပြောတတ်ပါဘူး။ သိတာတွေ၊ တတ်တာတွေ အကုန်နှောပြီး တစ်နာရီလောက် စာအုပ်အညွှန်း လုပ်သွားတာကတော့ တက်ရောက်လာသူတွေကို စော်ကားသလို ထင်မိတယ်။

ပိုဆိုးတာက နောက်ပိုင်းမှ ရောက်လာတယ်။ ဒေါက်တာ ခင်မောင်ညိုက တစ်ခါ စင်ပေါ်တက်ပြန်တယ်။ ပုံနှိပ်အစ ဂူတင်ဘတ်ကနေ သမိုင်းချီလိုက်တာ သူနိုင်ငံခြား ရောက်ခဲ့တာရော၊ ပညာသင်ခဲ့တာတွေ အပါအဝင် တတ်သိထားတာတွေ နောက်ထပ် ဝင်ညွှန်းတာက အချိန်အတော်ကြာသွားပြန်တယ်။ ပိုဆိုးတဲ့ အလှည့် ရောက်လာပြန်ပါတယ်။ ဆရာဖိုးသောကြာ အလှည့်ကျမှ သတင်းစာသမိုင်း လှန်တော့တာ။

အားလုံးကို ခြုံပြောရရင် ဒီအခမ်းအနားဟာ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို ကြေညာတဲ့ နေရာလား၊ ကိုယ့်ကိုယ်ကိုယ် ကြော်ငြာတဲ့ နေရာလား၊ ကိုယ်တော်ကြောင်း တတ်ကြောင်း ကြွားတဲ့နေရာလား ပြန်လည် သုံးသပ်ဖို့ လိုပါတယ်။ ပြီးတော့ အခမ်းအနားတစ်ခုမှာ ဘယ်သူတွေ တက်လာသလဲ၊ ငါဘယ်လောက် ပြောသင့်သလဲ၊ ဒီအခမ်းအနားဟာ ဘာအခမ်းအနားလဲ၊ ငါဘယ်လောက် ပြောဖို့ သင့်တော်သလဲ၊ လူတွေက ဘယ်လောက် လက်ခံနိုင်စွမ်း ရှိသလဲ စတာ စတာတွေကို ပြန်လည် သုံးသပ်ဖို့ လိုမယ် ထင်တယ်။

ဟိုတယ်ကြီးတစ်ခုမှာ အခမ်းအနားတစ်ခုကို ကျင်းပတယ် ဆိုတာ နာရီပိုင်းနဲ့ အချိန်ကို ဝယ်ကြရတယ်။ ဒီအခမ်းအနားအတွက် သူတို့လည်း အချိန်ကို ဝယ်ထားရမှာ သေချာတယ်။ ၂ နာရီကနေ စလိုက်တဲ့ အခမ်းအနားဟာ ၄ နာရီခွဲ ၅ နာရီလောက်အထိ ကြာသွားတယ် ဆိုတာကတော့ အချိန်တွေ ဘယ်လောက် ပုပ်သွားတယ် ဆိုတာ ကာယကံရှင်တွေပဲ သိပါလိမ့်မယ်။

စာရေးဆရာကြီးတွေ ဆိုပြီး မပြောရဲ၊ မဆိုရဲ လွှတ်ထားပေးလိုက်တော့ စာပေဟောပြောပွဲနဲ့ ပုံမှားရိုက်သွားတဲ့ ကိုယ့်ကိုယ်ကိုယ် ဖော်သူတွေကြောင့် ဝန်ကြီးလည်း လှိမ့်ပိန့်ပြီးတော့ ထိုင်နေရ၊ ပရိသတ်တွေကလည်း မအီမသာ၊ ထပြီး တားဝံ့တဲ့ သူတွေကလည်း မရှိတာကြောင့် လေးစား ဂုဏ်ယူစရာ ကောင်းသော စာပေဆုနှင်းပွဲကြီးဟာ အီလေးဆွဲပြီး မကြာသင့်ဘဲ ကြာသွားခဲ့ရပါတယ် ခင်ဗျား။

(အငြိမ်းစား ကျောင်းဆရာတစ်ဦး)
မှတ်ချက်။ ။ ဤကဏ္ဍပါ ဖော်ပြချက်များသည် စာရေးသူ၏ ကိုယ်ပိုင်ယူဆချက် အာဘော်များသာ ဖြစ်ပြီး The Voice Daily ၏ အာဘော် မဟုတ်ပါ။