အမေရိကန် ရေတပ်အတွက် အထူးသီးသန့် ကိုယ်ပျောက် e-Readerများ စတင်ဖြန့်ဝေ

ပို့စ်တင်ချိန် - 5/16/2014 02:30:00 AM


အမေရိကန် ရေတပ်သည် လုံခြုံရေးအတွက် အထူးပြင်ဆင်ထားသည့် e-Readerများကို ၎င်းတို့၏ တပ်ဖွဲ့ဝင်များအတွက် စတင်ထုတ်ပေးနေကြောင်း သိရှိရသည်။ ကိုယ်ပျောက် e-Readerဟု တင်စားရမည့် အဆိုပါ ကိရိယာများကို Navy e-Reader Device (NeRD)ဟု အမည်ပေးထားသည်။ လုံခြုံရေးအရ သတင်းအချက်အလက် စိမ့်မထွက်နိုင်အောင် ဖန်တီးမှုအဖြစ် စာဖတ်ခြင်း သက်သက်ကိုသာ အဓိက လုပ်ဆောင်နိုင်မည့် e-Readerများတွင် USB Port၊ Wi-Fiချိတ်ဆက်မှု၊ Data Roaming စနစ်များ တစ်ခုမျှ ပါဝင်လာခြင်း မရှိချေ။ ရေတပ်က ယင်းကဲ့သို့ အခြေအနေများမှတစ်ဆင့် ရန်သူများက အခွင့်အရေးယူ ထိုးဖောက် သတင်းမယူနိုင်အောင် စီစဉ်ထားခြင်းဟု ဆိုသည်။

ယခုအခါ NeRDများကို အမေရိကန် ရေတပ်၏ ရေငုပ်သင်္ဘော တပ်သားများထံတွင် စတင်ပေးဝေနေပြီ ဖြစ်သည်။ “လောလောဆယ်တော့ တာဝန်ထမ်းဆောင်နေဆဲ ရေငုပ်သင်္ဘော တပ်ဖွဲ့တွေအတွက်ပဲ ပေးနိုင်သေးတယ်။ ရေငုပ်သင်္ဘော တစ်စင်းကို NeRD (၅)ခုစီ ဖြန့်ဝေပေးပါတယ်။ ရေတပ်မှာက ရေငုပ်သင်္ဘောတပ်ဖွဲ့ (၃၅၅)ခု ရှိတယ်။ အရင်ဆုံးတော့ တာဝန်ထမ်းဆောင်နေတဲ့ ရေငုပ်သင်္ဘောတွေဆီကို ရောက်အောင် ကျွန်မတို့ ပို့ပေးနေတယ်။ ရေတပ်သားတွေ အနားရတဲ့ အချိန်မှာ စာဖတ်နိုင်အောင်လို့ပါ”ဟု ရေတပ်၏ အထွေထွေ စာကြည့်တိုက် အစီအစဉ်မှ မန်နေဂျာ နယ်လီ မော့ဖစ်က ရှင်းပြခဲ့သည်။

NeRDများတွင် ထည့်သွင်းထားသည့် စာအုပ်စာရင်းကို ပြင်ဆင်ခြင်း၊ ဖယ်ရှားခြင်း၊ ဖြည့်စွက်ခြင်းတို့ မပြုလုပ်နိုင်ချေ။ NeRD တစ်ခုလျှင် စာအုပ်ပေါင်း (၃၀၀)ထိ ပါရှိကြောင်း သိရသည်။ အမေရိကန် ရေတပ်တွင် ရန်သူများက မိမိတို့၏ တည်နေရာကို ထောက်လှမ်းသိရှိနိုင်မည့် အခြေအနေအား ကာကွယ်ရန်အတွက် ရေတပ်သားများအား တာဝန်ထမ်းဆောင်ချိန်တွင် GPS၊ Wi-Fiနှင့် Data Roamingတို့ အသုံးပြုခွင့်ကို ပိတ်ပင်ထားသည်။ ရေတပ်၏ NeRD ဖြန့်ဝေရေး အစီအစဉ်တွင် ရေတပ်သားများ အနေဖြင့် ယင်းအတွက် ငွေကြေးပေးချေစရာ မလိုကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network