တောင်ကိုရီးယား ရေယာဉ်ပျက်မှ ရုပ်အလောင်းများ ရှာဖွေရေး အခက်အခဲများစွာ ကြုံနေရ
ပို့စ်တင်ချိန်
- 5/06/2014 08:14:00 AM
ပင်လယ်သမုဒ္ဒရာ ရေပြင်တွင် လူတိုင်းလိုလို မိမိတာဝန်ယူထားသော အခန်းကဏ္ဍအတွက် အလုပ်များနေကြသည်။ ရေငုပ်သမားများက ရေအောက်ထဲ ငုပ်လျှိုးပျောက်ကွယ်သွားချိန်တွင် လူအချို့က ပတ်ဝန်းကျင်တစ်ဝိုက်တွင် ပိုက်ကွန်များ သွယ်တန်းပိတ်ဆို့ရန် အားထုတ်နေကြသည်။ တန်ချိန်(၆၈၀၀) အလေးချိန်ရှိသည့် Sewol ကူးတို့ရေယာဉ် နစ်မြုပ်မှုနောက်ပိုင်း ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူများ အားလုံး၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ရေယာဉ်အတွင်းပိုင်းတွင် ကျန်ရစ်နေသူများကို အသက်ရှင်လျှက်ဖြစ်စေ၊ အလောင်းအနေဖြင့်ဖြစ်စေ အပြင်သို့ ပြန်သယ်ထုတ်လာရေးသာ ဖြစ်သည်။
ရေယာဉ်နစ်မြုပ်မှု ရက်ပေါင်း(၂၀)မျှ ကြာမြင့်လာသည့်နောက် သင်္ဘော၏ ကိုယ်ထည်အတွင်းမှ အသက်ရှင် ကျန်ရစ်သူ တစ်ဦးတစ်လေကို တွေ့ရှိရန် မျှော်လင့်ချက်မှာ အလွန်နည်းပါးသွားပြီ ဖြစ်သည်။ တနင်္လာနေ့ နံနက်ပိုင်းတွင် နောက်ထပ် အလောင်း(၁၁)လောင်းကို ရေငုပ်သမားများက ဆယ်ယူရရှိခဲ့သည်။ ထို့ကြောင့် လူပေါင်း(၄၇၆)ဦး စီးနင်းလိုက်ပါသွားသည့် ရေယာဉ်ကြီး နစ်မြုပ်မှုတွင် အသေအပျောက် စာရင်းသည် (၂၅၉)ဦးထိ မြင့်တက်လာခဲ့သည်။ လက်ရှိအချိန်ထိ ပျောက်ဆုံးနေသူ (၄၃)ဦး ကျန်ရှိနေဆဲဖြစ်ပြီး ရေယာဉ်အတွင်းမှ အလောင်းများကို ဆယ်ထုတ်သည့် လုပ်ငန်းများမှာလည်း အကျပ်အတည်း အများအပြား ကြုံနေရသည်။ ကျောင်းသူကျောင်းသား လူငယ်အများစု ပါဝင်သည့် အဆိုပါ ပျောက်ဆုံးစာရင်းသည် သေစာရင်းအဖြစ် မှတ်ယူနိုင်ခြေ ရှိနေပြီး အလောင်းများ ရေစီးကြောင်းဖြင့် မျောပါသွားမည်ကို ကယ်ဆယ်ရေးအဖွဲ့များက စိုးရိမ်လျှက်ရှိသည်။
တနင်္လာနေ့ နံနက်ပိုင်းတွင် အဆိုပါ ဧရိယာတစ်ဝိုက်၌ ငါးဖမ်းပိုက်များကို အသုံးပြုကာ ပိုက်ကွန်အဝန်းအဝိုင်းတစ်ခုကို အရံအတားအနေဖြင့် တည်ဆောက်လျှက် ရှိကြသည်။ ယင်းဧရိယာသည် တောင်ပိုင်းဂျင်ဒိုကျွန်း တစ်ဝိုက်တွင် ဖြစ်သည်။ ထိုနေရာသည် သမုဒ္ဒရာ ရေစီးကြောင်း အားကောင်းပြင်းထန်ပြီး အလောင်းများကို တိုက်စားဆွဲယူသွားနိုင်သည့် အခြေအနေမျိုး ရှိနေကြောင်းလည်း သိရသည်။ “လောလောဆယ်တော့ ရှာဖွေရေး အဖွဲ့တွေက ပိုက်ကွန်အသစ်တွေ ထပ်ဖြည့်ပြီး ချနေတယ်။ အလောင်းတွေကို ကျွန်တော်တို့ အဆုံးရှုံး မခံနိုင်ပါဘူး”ဟု တောင်ကိုရီးယား ရေကြောင်းသွားလာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ပါ့ခ်ဆွန်ကီက ပြောကြားခဲ့သည်။ တောင်ကိုရီးယား သမ္မတ ပါ့ခ်ဂွမ်ဟီးသည် တနင်္ဂနွေနေ့က ဂျင်ဒိုကျွန်းပေါ်တွင် အလောင်းရှာမတွေ့သေးသူများ၏ မိသားစုများနှင့် တွေ့ဆုံကာ ဖြစ်နိုင်ခြေရှိသမျှ အစွမ်းကုန် ကြိုးစားလုပ်ဆောင်ပေးမည်ဟု ကတိပြုခဲ့သည်။
“ရှာဖွေရေး လုပ်ငန်းမှာ အဟန့်အတားတွေ အများကြီး တွေ့ရတယ်။ အဓိက ပြဿနာက ရေစီးကြောင်းတွေရဲ့ မြန်နှုန်းက အရမ်းအားကောင်းနေတာရယ်၊ နောက်တစ်ချက်က လှိုင်းထန်လွန်းတာရယ်ကြောင့်ပါ”ဟု ကယ်ဆယ်ရေးအဖွဲ့မှ ပညာရှင် တစ်ဦးက ရှင်းပြခဲ့သည်။ တစ်ခါတစ်ရံတွင် မြူများအုပ်ဆိုင်းနေသည့် ရာသီဥတု အခြေအနေမျိုးကလည်း ပြဿနာများစွာ ကြုံစေတတ်ကြောင်း သိရသည်။ မြင်ကွင်းမရှင်းလင်းသော ရေပြင်တွင် ရေငုပ်သမားများသည် သင်္ဘောပျက်ကို တွယ်ဆက်ထားသည့် ကြိုးအတိုင်း လက်ဖြင့်ကိုင်ကာ ငုပ်လျှိုးသွားပြီး ရှာဖွေမှုများ လုပ်ဆောင်ရသည်။ သို့သော်လည်း ကျဉ်းမြောင်းသော လမ်းကြောင်းများထဲ၌ မျောပါနေသော အပျက်အစီးများကြားမှ အလောင်းများကို လိုက်လံရှာဖွေရသည့် ကိစ္စသည် အလွန် ရုန်းကန်ရသည့် အခြေအနေတစ်ရပ် ဖြစ်လာခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် နေရာမှ (၄)ကီလိုမီတာခန့် ကွာဝေးသော နေရာတွင် အလောင်းများကို တွေ့ရှိခဲ့ရသည်။ သင်္ဘောပေါ်မှ အိပ်ရာ အစိတ်အပိုင်း အချို့မှာမူ နစ်မြုပ်သည့် နေရာနှင့် ကီလိုမီတာ (၃၀)မျှ အကွာထိ ရောက်ရှိနေသည်။ ယင်းအခြေအနေကြောင့် ရေစီးကြောင်း၏ သယ်ယူမှုသည် မူလမျှော်လင့်သည်ထက် ပိုမိုအားကောင်းနေကြောင်း ကောက်ချက်ချခဲ့ကြသည်။ အန်ဆန်မြို့၊ အထက်တန်းကျောင်းမှ ကျောင်းသူကျောင်းသားလေး အများအပြား အသက်ဆုံးရှုံးခဲ့ရသည့် ယခုဖြစ်ရပ်သည် တောင်ကိုရီးယား၏ သမိုင်းတွင် အဆိုးရွားဆုံး စာရင်းဝင် ရေကြောင်းမတော်တဆမှု တစ်ခုလည်း ဖြစ်လာသည်။ ပြည်သူအများစုက သင်္ဘောပေါ်တွင် လူပေါင်းရာနှင့်ချီ ပိတ်မိနေဆဲ အခြေအနေ၌ စွန့်ခွာထွက်ပြေးခဲ့သည့် ကပ္ပတိန်နှင့် အမှုထမ်းများအား အလွန်အမင်း ဒေါသထွက် မုန်းတီးလျှက်ရှိသည်။
ထိုအတောအတွင်း သင်္ဘောသည် နစ်မြုပ်သည့် အချိန်တွင်ရော၊ ယခင်ခုတ်မောင်းဖူးသည့် ခရီးစဉ် အတော်များများတွင်ပါ သတ်မှတ်ချက်ထက် များစွာပိုသော ဝန်တင်မောင်းနှင်မှု ရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိမှုများကြောင့် အစိုးရ၏ လုံခြုံရေး ကွပ်ကဲမှုကဏ္ဍတွင် ခြစားမှုများ ရှိနေကြောင်း စွပ်စွဲမှုများလည်း ထွက်ပေါ်လာခဲ့သည်။ လတ်တလောတွင် သင်္ဘောကပ္ပတိန်နှင့် အမှုထမ်း (၁၄)ဦးကို ဖမ်းဆီးထားပြီး ရေယာဉ်ကို စီမံထိန်းချုပ်သည့် ချွန်ဟေဂျင်း ရေကြောင်းကုမ္ပဏီမှ တာဝန်ရှိသူ (၃)ဦးသည်လည်း မတန်တဆ ဝန်ပိုတင်ရန် စေခိုင်းမှုဖြင့် စွဲချက်တင်ခြင်း ခံထားရကြောင်း သိရှိရသည်။
Planet Myanmar Network