လေထဲက အဟန့်အတား လက်ဝါးကြီးအုပ်မှုများ
ပို့စ်တင်ချိန်
- 5/23/2014 05:06:00 PM
(တစ်)
အခုနောက်ပိုင်း မြန်မာနိုင်ငံ ကနေ ထိုင်းကိုသွားတဲ့အခါ နည်း နည်းကလေး လူရည်လည်လာတဲ့ မြန်မာနိုင်ငံသားတွေက Hand Set အပိုကလေးတွေ ယူယူသွား ကြလေသဗျ။ ပထမတော့ ဘာ ကြောင့်ပါလိမ့်ဆိုတာကို ချက် ချင်းကြီး မရိပ်စားမိနိုင်ခဲ့ဘူးပေါ့။ နောက်တော့မှ တချို့တချို့သော လေကြောင်းလိုင်းတွေက သူတို့ လေယာဉ်ကို အားပေးစီးနင်းတဲ့ ခရီးသည်တွေကို မေတ္တာလက် ဆောင်အဖြစ်နဲ့ SIM Cardကလေးတွေ လက်ဆောင်ပေးလေ့ ရှိတာကို သတိပြုမိလိုက်တာ ကိုး။
သြော်-ထိုင်းနိုင်ငံထဲကို ရောက်သွားတာနဲ့ ကိုယ့် Hand Set ထဲကို အဲသည့်လက်ဆောင်ပေးတဲ့ SIM Card ကလေးထည့်၊ သူ့လမ်းညွှန်ချက်အတိုင်း Code နံပါတ်ကလေးတွေ ရိုက်ထည့်လိုက်ရုံနဲ့ တစ်ကမ္ဘာလုံးကို ဖုန်းခေါ်ဆိုလို့ ရသွားတော့တာပါလား။
ထိုင်းနိုင်ငံထဲမှာက ဘယ်နေ ရာကိုသွားသွား လက်ကိုင်ဖုန်း SIM Card တွေကို လွယ်လွယ် ကူကူဝယ်လို့ရပါတယ်။ ကြိုက် သလောက်လည်း ၀ယ်လို့ရပါ တယ်။ လူတစ်ယောက်တည်းက ဆယ်ကတ်ဝယ်ပြီး ဖုန်းဆယ်လုံး ထဲထည့်ပြောနေလည်း ရပါ တယ်။ SIM Card တစ်ခုမှ ၄၉ ဘတ်တဲ့။ တစ်ဘတ်ကို မြန်မာငွေ သုံးဆယ်ဝန်းကျင်မို့ SIM Card တစ်ခု ကျပ်ငွေ ၁၅၀၀ လို့ပဲဆိုကြ ပါစို့ရဲ့။
မှတ်ပုံတင်မလိုဘူး။ မွေးစာ ရင်းမလိုဘူး။ သန်းခေါင်စာရင်း မလိုဘူး။ လူနာမည်မလိုဘူး။ ရပ် ကွက်လူကြီးထောက်ခံစာ မလို ဘူး။ စာချုပ်စာတမ်း မလိုဘူး။ ကတိဝန်ခံချက် မလိုဘူး။ ပိုက်ဆံ ပေး၊ SIM Card ယူ၊ ချိုးထည့်၊ ဟယ်လို၊ တစ်ကမ္ဘာလုံးနဲ့ အိုကေ ပါပြီ။
ငွေဖြည့်ကတ်ထပ်သွင်းတဲ့ အခါမှာလည်း ခဲတွေဘာတွေ ခြစ် စရာမလို။ တစ်ရာရိုက်ပြီးတာနဲ့ ဘောင်ချာ(Voucher) မှာပါတဲ့ နံပါတ်တွေ ရိုက်ထည့်လိုက်ပြီးတဲ့ အခါ ငွေဖြည့်တဲ့ ကိစ္စပြီးဆုံးပါ တယ်။ လွယ်လိုက်တာ။ အစိုးရ က လူထုကိုလွယ်အောင် လုပ် ထားတဲ့ နေရာမှာ လူဖြစ်ရခြင်း ဟာ လွယ်တာပါပဲ။
(နှစ်)
ထိုင်းမှာ ပြည်သူလူထုကို ၀န်ဆောင်မှုပေးနေတဲ့ ဆက်သွယ်ရေးကုမ္ပဏီကြီးက နှစ်ခုရှိပါ တယ်။ တစ်ခုက ဒီတက် (dtac)။ နောက်တစ်ခုက True Move။ SIM Card က dtac ဆိုရင် ငွေ ဖြည့်ကတ်ကလည်း dtac။ SIM Card က True Move ဆိုရင် ငွေ ဖြည့်ကတ်က True Move။
(သုံး)
မြန်မာပြည်ရဲ့ လက်ကိုင် ဖုန်း လောကဟာကြေကွဲစရာကြီး ပါ။ Mobile Phone SIM Card ထုတ်ပေးထားတာဟာ ငှားရမ်း ထားတာတဲ့။ ဒါကြောင့်သူ ပြန် သိမ်းချင်ရင် သိမ်းမယ်ဆိုတဲ့ သဘောပေါ့။ အရင် မိုဘိုင်းဖုန်း တစ်လုံးရှိနေနှင့်ပါလျက်နဲ့ နောက်တစ်လုံးရယူပြောနေကြောင်း သိခဲ့ရင် လိုင်းကို ပိတ်သိမ်းပစ်မယ်တဲ့။ SIM Card ငှားရမ်းခွင့်က စာချုပ်စာတမ်းနဲ့ ခင်ဗျ။ သက်သေတစ်ယောက်ကလည်း လက်မှတ်ထိုးပေးရပါသေးတယ်။ ကိုယ့်မိုဘိုင်းဖုန်းကို သူများကိုမငှားရဘူး။ မပေးရဘူး။ မရောင်းရဘူး။ အချိန်မရွေးဝင် စစ်မယ်ဆိုတာတွေကလည်း ပဋိညာဉ်စာချုပ်ထဲမှာ အခိုင်အမာကို ထည့်ချုပ်ထားခဲ့ရတာပါ။
မှတ်မိကြဦးမလား မသိဘူး။ ဆယ့်ငါးသိန်းသွင်းကြရတဲ့ခေတ် လေ။ ဓားနဲ့လှံနဲ့ အကောင်ခပ် ကြီးကြီး တစ်ယောက်ရဲ့ ထောက် ခံသမှု မပါဘဲနဲ့ မိုဘိုင်းဖုန်းတစ် လုံးရဖို့ မလွယ်ပါဘူး။ ပြန်ရောင်း ရင် သိန်းလေးဆယ်ဝန်းကျင် လောက်ရခဲ့တဲ့ ခေတ်မို့ ဖုန်း ရောင်းလို့ရတဲ့ငွေနဲ့ တိုက်ခန်း တစ်ခန်းဝယ်နိုင်ခဲ့တာကို နိုင်ငံ ရပ်ခြားက လူတွေသိတဲ့အခါ ပါးစပ် အဟောင်းသားကြီးဖြစ် သွားတာဟာ ဟုတ်လို့လားဗျာဆို တဲ့ သဘောပါ။ အဲသည့်ခေတ်မှာ ပိုင်ရာဆိုင်ရာနိုင်ရာသမားတွေ မိုဘိုင်းဖုန်းလေးငါးလုံးလောက် ရသွားတာနဲ့ နေ့ချင်းညချင်းသူဌေး ပေါက်စကလေးတွေ ဖြစ်သွားကြ တာကိုလည်း အားလုံးမျက်မြင် ကိုယ်တွေ့ပါ။
နောက်တော်တော်လေး ကြာတော့မှ ဆယ်သိန်းတဲ့။ နောက်တော်တော်လေးကြာ တော့မှ ငါးသိန်းတဲ့။ နောက်တော် တော်လေးကြားတော့မှ နှစ်သိန်း တဲ့။ နောက်ကျပ် ၁၅၀၀ ဖြစ်လာ တော့လည်း လူတိုင်းမရ။ ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးရဲ့ လက် အောက်မှာ တန်းစီ၊ မဲနှိုက်၊ သန်း ခေါင်စာရင်းပြ။
ကမ္ဘာမှာ SIM Card ကို အလကား ပေးသူကပေး၊ ငွေက လေးတစ်ထောင်၊ တစ်ထောင့်ငါး ရာနဲ့ လမ်းဘေးမှာ ကြိုက်တဲ့သူ ၀ယ်၊ ကြိုက်သလောက်ဝယ်၊ ကြိုက်သလောက်ပြောနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖော ဖောသီသီ ဖြစ်နေတဲ့အချိန်မှာ မြန်မာနိုင်ငံသားတွေဟာ ခေတ် အဆက်ဆက် အဆက်အသွယ် အဖြတ်အတောက်ခံထားကြရ တာပါ။
လက်ကိုင်ဖုန်း အပြင်ပေါက် ဈေးသိန်းလေးဆယ်လောက် ဖြစ် နေတုန်းက လက်ကိုင်ဖုန်းတစ် လုံးကိုင်ဆောင်ပြောဆိုနိုင်ခွင့် ရှိ သူ တစ်ယောက်ရဲ့ အိမ်ကဖိတ်လို့ သွားရောက်ခဲ့ရဖူးပါတယ်။ ဘုန်း တော်ကြီးငါးပါးဆွမ်းကပ်၊ အရပ် ထဲက ခင်ရာမင်ရာ မိတ်ဆွေများ ကို ကျွေးမွေးဧည့်ခံတဲ့ အလှူ ကလေးပါ။ ဘာအထိမ်းအမှတ် လဲဗျာလို့ မေးခဲ့မိပါတယ်။ အိမ်ရှင်မဖြစ်သူက အားရ၀မ်းသာပွင့်ပွင့်လင်းလင်းကြီးပဲ။ ဒါမျိုးကို လူပုံအလယ်မှာချမပြောချင်ပါဘူးဆိုတဲ့ မျက်နှာပေးကြီးနဲ့ ကိုယ့်မျက်နှာအနားကို သူမျက်နှာကြီး ထိုးကပ်လာကာမျက်နှာထိ မျက်နှာထားကြီးနဲ့ မိုဘိုင်းဖုန်းတစ်လုံးရလို့တော်ရေ့တဲ့။ အဲဒါကောင်းမှုကုသိုလ်က လေးလုပ်တာတဲ့။ ရယ်ရအခက် ငိုရအခက်။
တစ်အိမ်ကများဆို လက် ကိုင်ဖုန်းကလေးကို ဘုရားစင်ရဲ့ အောက်ဘက်နားဆီမှာ စင်အ သစ်ကလေးတစ်ခုနဲ့ သီးသန့်ခင် ဗျ။ ကတ္တီပါစကလေးခင်းလို့။ အပေါ်ကနေ ပိတ်စိမ်းပါးလိုလို၊ ပိုးသားလိုလို အစကလေးတစ်စ နဲ့လည်း အုပ်ထားလိုက်ပါသေး တယ်။ မိသားစုတွေ မိုဘိုင်းဖုန်း ကိုင်ပြီး စကားပြောနေတဲ့ ဓာတ် ပုံတွေကိုတောင်မှ ဧည့်ခန်းမှာ မှန် ဘောင်သွင်းပြီး ချိတ်ထားလိုက်ပါ သေးရဲ့။
ကျွန်တော်လူတွေကို အပြစ် မတင်ပါဘူး။ အထင်လည်း မသေးပါဘူ။ ခေတ်သစ်ကမ္ဘာကြီး နဲ့ အဆက်အသွယ်ပြတ်တောက် အောင်လုပ်ထားတဲ့လူတွေကိုပဲ အပြစ်ဆိုချင်တာပါ။ လုပ်ပိုင်ခွင့် ကို လူတစ်ယောက်က၊ လူတစ်စု က၊ မိသားစုတစ်စုက၊ တစ်သင်း တစ်ဖွဲ့က ကိုင်ထားပြီး ဆက်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ကာ လူထုရဲ့ အိတ်ထဲကပိုက်ဆံကို မျက်နှာပြောင်ပြောင်နဲ့ သွေးအေး အေးနဲ့ စနစ်တကျနှိုက်ယူပြီး တိုင်းကျိုးပြည်ဆောင် ကျက်သ ရေကောင်လိုလို ဘာလိုလို လုပ် နေတဲ့လူတွေကိုသာ ရွံတာပါ။
သိပ်အဝေးကြီး ပြေးကြည့် စရာမလိုပါဘူး။ တာချီလိတ် လောက်၊ မြ၀တီလောက်၊ ကော့သောင်းလောက် ရောက်တာနဲ့ထိုင်း ဖုန်းက ဟယ်လိုလုပ်ဖို့ အဆင်သင့်စောင့်နေတာပါ။ မူဆယ်ကိုရောက်တာနဲ့ တရုတ်ဖုန်းက အဆင်သင့်။ တမူးကိုရောက်တာနဲ့ အိန္ဒိယဖုန်းက အဆင်သင့်။
ဘယ့်နှယ်။ လမ်းထဲက မဲဖောက်ပေးနေတဲ့ SIM Card ခင်ဗျားအလှည့်မရောက်သေးဘူး လား။ စောင့်ကြဦးစို့ရဲ့။ နည်း နည်းကလေးစိတ်ကို ရှည်ရှည် ထားလို့ ။ ။
7day daily