ပူဇော်ခြင်းသည် လာဘ်တစ်ပါး

ပို့စ်တင်ချိန် - 5/09/2014 05:21:00 PM


တစ်ခါတုန်းက နယ်စပ်မြို့လေးတစ်မြို့ရဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ စီးပွားရေးလုပ်ငန်းရှင် ပေါက်ဖော်ကြီးနှစ်ယောက် တွေ့ကြသတဲ့။ တစ်ယောက်သော ပေါက်ဖော်ကြီးက ‘‘အခုရောက်လာတဲ့အရာရှိက သိပ်ပြီးစည်းကမ်းကြီးတယ်ဆိုပဲ။ လာဘ်လည်း မစားဘူး၊ အလုပ်ကိုလည်း တိတိကျကျနဲ့ မှန်မှန်ကန်ကန်လုပ်တယ်’’လို့ ပြောပါတယ်။ ဒီတော့ ကျန်တဲ့ပေါက်ဖော်ကြီးက ဒီလို ပြန်ပြီး ပြောပါတယ်။

‘‘ထောင်ကဲကလည်း ပူပန်တတ်ရန်ကော။ အဲဒီစည်းကမ်းကြီးတဲ့ အရာရှိမှာ ပါးစပ်ပေါက်ပါတယ်မဟုတ်လား။ ပါးစပ်ပေါက်ပါတဲ့သူကို ဘယ်တော့မှ မကြောက်နဲ့၊ ပါးစပ်ပေါက်မပါတဲ့သူကိုသာကြောက်။ အဲဒါတစ်သက်လုံးမှတ်ထားရမယ့် နိယာမပဲ’’တဲ့။

ဟုတ်ပါတယ်။ စီးပွားရေးသမားဆိုတာကတော့ ကိုယ့်လုပ်ငန်းအဆင်ပြေဖို့အတွက် ရတဲ့ နည်းနဲ့ လာဘ်ပေးမှာပါ။ ရှေ့ ပေါက်ကဝင်လို့ရရင်ရ၊ မရရင် နောက်ဖေးမီးဖိုချောင်ကတစ်ဆင့် ဝင်မှာပဲ။ သူ့အတွက် အလုပ်ဖြစ်ဖို့က အဓိကလေ။ ဒီလိုနဲ့ပဲ လာဘ်ပေးလာဘ်ယူ သံသရာကြီး ရှည်ကြာလာခဲ့တာ ကြာလှပါပကောလား။

တစ်ချိန်သော ကာလကဆိုရင် လာဘ်ပေးလာဘ်ယူဆိုတဲ့ ဝေါဟာရကို မသုံးကြပါဘူး။ ‘‘ပူဇာစ ပူဇနေယျာနံ’’ဆိုတဲ့ ဝေါဟာရကိုသုံးပါတယ်။ ပူဇော်ထိုက်သူကို ပူဇော်ခြင်းဟာ မင်္ဂလာတစ်ပါးဆိုပြီး လာဘ်ပေးလာဘ်ယူဝေါဟာရကို Sugar coated လုပ်ကြပါတယ်။ သီတင်းဝါလကျွတ်ပြီလားဆိုမှဖြင့် လုပ်ပိုင်ခွင့်အမြင့်ဆုံးရှိတဲ့သူကို တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ ရိုရိုသေသေနဲ့ ရှိခိုးကန်တော့ကြရပါတယ်။ ရှေ့မှာတော့ အဖိုးတန်ရတနာတွေကို ရွှေကြုတ်တို့၊  ငွေကြုတ်တို့နဲ့ ထည့်ထားရတာပေါ့။ ဖြစ်နိုင်ရင် ဘောက်ချာတောင် ပါရပါသေးတယ်။ အဲဒီလို ပူဇော်ထိုက်သူကို ပူဇော်တာတို့၊ ရိုသေထိုက်သူကို ရိုသေတာတို့ဆိုတဲ့ မြန်မာ့ယဉ်ကျေးမှု ဂါရဝတရားတွေနဲ့ လာဘ်ပေးလာဘ်ယူမှုကို လှလှပပလေး ဆင်ယင်ကျင်းပသွားခဲ့ကြဖူးပါတယ်။

မျက်မှောက်ခေတ်ကိုရောက်လာတော့ ပြည်သူ့အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီမို့ အဲဒီရွံရှာစက်ဆုပ်စရာကောင်းတဲ့ လာဘ်ပေးလာဘ်ယူမှုကို တိုက်ဖျက်ဖို့ ကြိုးစားကြပါတယ်။ ခေါက်ရိုးကျိုးနေတဲ့ စနစ်ကြီးဆိုတော့လည်း ဘယ်မှာ လွယ်လွယ်ကူကူနဲ့တိုက်ဖျက်ပစ်လို့ ရနိုင်မှာလဲ။ ဒီတော့ ‘‘မြွေမသေ တုတ်မကျိုး’’သုံးသိန်းအထိကို လာဘ်ပေးလာဘ်ယူဟု မသတ်မှတ်လို့   ပြဋ္ဌာန်းလိုက်ပါတော့တယ်။ အဲဒီအခါမှာ အပူဇော်ခံထိုက်တဲ့သူတွေလည်း သက်ပြင်းအခါခါချပြီး ‘‘အဟောဝတ၊ ကောင်းလေစွ၊ ကောင်းလေစွ’’လို့ ဥဒါန်းကျူးရင့်လိုက်ပါတော့တယ်ခင်ဗျာ။

လာဘ်ပေးလာဘ်ယူဆိုတဲ့ ကိစ္စကြီးက နိုင်ငံတကာမှာလည်း ရှိနေတာဆိုတော့ တိုက်ဖျက်ပစ်ဖို့ အတော်ခက်ပါတယ်။ ဆိုရှယ်လစ်နိုင်ငံတွေမှာလည်းရှိတာပါပဲ၊  ကွန်မြူနစ်နိုင်ငံမှာလည်း ရှိတာပါပဲ၊  ဒီမိုကရေစီနိုင်ငံမှာလည်း ရှိနေတာပါပဲ။ လူမှာ သာမန်ထက်လွန်ကဲတဲ့ လောဘစိတ် ရှိနေသမျှ ကာလပတ်လုံး (တစ်နည်း)၊ မိမိရဲ့စိတ်ကို မထိန်းချုပ်နိုင်သမျှကာလပတ်လုံး၊ ဒီလာဘ်ပေးလာဘ်ယူကိစ္စကြီးက တည်ရှိနေဦးမှာပါ။  ထိပ်ပိုင်းခေါင်းဆောင်တွေကအစ အောက်ခြေ ဝန်ထမ်းအထိ ဒီဖြစ်စဉ်ကြီးက ဖျောက်ဖျက်ပစ်ဖို့  ခက်ခဲလှပါတယ်။  တရုတ်ကြီးပြောသလို ပါးစပ်ပေါက်တွေရှိနေသမျှ လာဘ်စားနေဦးမှာ အမှန်ပါပဲ။

လာဘ်စားတယ်ဆိုတဲ့နေရာမှာ ကိုယ့်တိုင်းပြည်ကိုယ်လူမျိုးမျက်နှာကိုမှမထောက် လာဘ်စားတာမျိုးကတော့ လုံးဝခွင့်လွှတ်ဖို့ မကောင်းပါဘူး။ လာဘ်ဆိုတာမျိုးက နည်းနည်းစားစား၊ များများစားစား မကောင်းတာတော့အမှန်ပဲ။ တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်ပါ။ လာဘ်စားနေကျပုဂ္ဂိုလ်ဟာ ပျူစောထီးခေတ်‘‘ငှက်ကြီး’’ လိုပဲ။ နေ့စဉ်အပျိုတော်ခုနစ်ယောက်ကို မှန်မှန်စားရပါမှ။ မစားရတဲ့နေ့ ဒေါသတွေပေါက်ကွဲပြီး ပျူစောထီးကို ပေါက်သတ်ဖို့ကြိုးစားခဲ့သလိုပါပဲ။ လာဘ်စားနေကျပုဂ္ဂိုလ်ဟာလည်း လာဘ်မစားရရင် ဒုက္ခပေးတတ်ပါတယ်။

လာဘ်ပေးလာဘ်ယူကိစ္စနဲ့ ပတ်သက်ပြီး ဟိုတစ်လောက သတင်းစာထဲမှာ ဖတ်လိုက်ရတယ်။‘‘ဟီလာရီကလင်တန် နိုင်ငံခြားရေးဝန်ကြီးတာဝန် ထမ်းဆောင်စဉ် သင်္ဂဟဟိုတယ်ကပေးသည့်လက်ဆောင် ဒေါ်လာတစ်ရာကျော်နေ၍ ဟိုတယ်သို့ ပြန်အပ်’’တဲ့။ အမေရိကန်နိုင်ငံရဲ့ ဥပဒေအရ ဒေါ်လာတစ်ရာကျော်တန်တဲ့ အမှတ်တရပစ္စည်းဖြစ်ပေမယ့်လည်း လက်ခံလို့မရဘူးတဲ့။ ဒါက  သူ့နိုင်ငံရဲ့ စံသတ်မှတ်ချက်ပေါ့။ စံနမူနာယူဖို့ကောင်းတဲ့  ဥပဒေသတ်မှတ်ချက်ပဲနော်။

ကျွန်တော်ကတော့ ဒီထက်ကောင်းတဲ့ စံသတ်မှတ်ချက်တွေကို ပိုပြီး ကြည်ညိုလေးစားမိတယ်။ ဒါကိုတော့  ဥပဒေတွေနဲ့လည်း သတ်မှတ်မထားပါဘူး။ မိမိရဲ့ မွန်မြတ်သန့်စင်တဲ့ စိတ်ဓာတ်အခံနဲ့ သတ်မှတ်ထားတာပါ။ ကိုယ့်စိတ်က သန့်ရှင်းဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကြည်ညိုနိုင်တဲ့သူဖြစ်ဖို့လိုပါတယ်။

မင်းတုန်းမင်းတရားကြီး ခေတ်တုန်းကဆိုရင် ပခန်းမင်းကြီး ဦးရန်ဝေးဆိုတာရှိပါတယ်။ ပခန်းဘုရင်ကြီးလို့လည်း ချစ်စနိုးနဲ့ခေါ်ကြပါတယ်။ မင်းတုန်းမင်းကြီးကိုယ်တိုင် ချစ်ကြောက်၊ ရိုသေ၊ လေးစားရတဲ့ ဝန်ကြီးတစ်ပါးပါ။  မင်းတုန်းမင်းကြီးရဲ့ ငယ်ဆရာ ‘‘လူပြန်တော်’’တစ်ယောက် ပေါ့။

တစ်နေ့တော့ ပခန်းမင်းကြီး ဦးရန်ဝေးရဲ့ နှမဟာ ရွာမှာ ဆင်းရဲကျပ်တည်းလွန်းလို့ဆိုပြီး သူ့အစ်ကိုဆီကို ရောက်လာပါတယ်။ အစ်ကိုကြီးရဲ့ အမ,အစကို ခံချင်လို့ပေါ့။ ဝန်ကြီးအနေနဲ့လည်း ‘‘ဉာတကာနဉ္စ သင်္ဂဟော’’ဆိုတဲ့ မင်္ဂလာတရားနဲ့အညီ ဆွေမျိုး ဉာတိကို  ပေးချင်ကမ်းချင်ရှာပါတယ်။ ဒါပေမဲ့ သူ့မှာက ငွေပိုငွေလျှံမရှိဘူး။ ဘုရင်ကပေးသနားတဲ့ ရိက္ခာလစာငွေကလည်း မလောက်တော့ နှမဖြစ်သူကို ပေးကမ်းထောက်ပံ့ဖို့ အခက်အခဲကြုံ နေရတယ်။ နောက်ဆုံးကြံရာမရနဲ့ ပန်းထိမ်တော်မှာ မင်းတုန်းမင်းတရားကြီးအပ်ထားတဲ့ ရွှေထဲက လေးဆယ့်ငါးကျပ်သားကိုယူပြီး နှမလုပ်သူကို ပေးလိုက်သတဲ့လေ။ နောက်ပြဿနာ  နောက်မှ ရှင်းမယ်ဆိုတဲ့သဘောပေါ့။

ဒီကိစ္စဟာ မင်းတုန်းမင်းတရားကြီးရဲ့ ရွှေနားတော်ကို ပေါက်ကြားသွားပါတယ်။ ယောအတွင်းဝန်မင်း ဦးဘိုးလှိုင်ကို စုံစမ်းစစ်ဆေးဖို့ ဘုရင်မင်းတရားကြီးက အမိန့်တော်ချပါတယ်။ အဲဒါကြောင့်ဦးဘိုးလှိုင်ဟာ ပခန်းမင်းကြီး ဦးရန်ဝေးဆီသွားပြီး ဖြစ်ကြောင်းကုန်စင်မေးတော့တာပေါ့။ ဒီအခါမှာ ပခန်းမင်းကြီး ဦးရန်ဝေးက ‘‘မောင်လှိုင်၊ မင်းပဲ စဉ်းစားကြည့်လေ၊ ငါရတဲ့ရိက္ခာလစာငွေက တစ်ထောင်ပဲရတယ်။ ငါးရာကို ပွဲကတော်ကြီး ပေးရတယ်။ ကျန်တဲ့ငါးရာကို ငါ့လက်အောက်ငယ်သားတွေကို ထောက်ပံ့ရတယ်။ ငါ့မှာ ဘာမှ မကျန်တော့ဘူး။ ဒီကြားက ငါ့နှမလာလို့ ပေးချင်ပေမယ့် ပေးစရာမရှိဘူး။ ငါဘယ်သူ့ဆီကမှ တံစိုးလက်ဆောင်လည်းမယူဘူး။ တောင်းလည်းမတောင်းဘူး။ အဲဒါကြောင့်  ငါ့နှမကိုပေးဖို့အတွက်  ငါ့အရှင်ရဲ့ပစ္စည်းကို ငါယူတယ်။ သံသရာမှာ ခံစရာရှိရင်တောင် ငါ့အရှင်သခင်ရဲ့အစေအပါးအဖြစ် ခံမယ်ဆိုတဲ့စိတ်နဲ့ ငါယူမိပါတယ် မောင်လှိုင်ရယ်’’တဲ့။

ဒီစကားကို မင်းတုန်းမင်းကြီးကြားသိရတော့ ပခန်းမင်းကြီး ဦးရန်ဝေးရဲ့ စာရိတ္တသတ္တိ၊ ဝါရိတ္တသတ္တိတွေကို ကြည်ညိုလေးစားလွန်းလို့ အပြစ်တော်မယူခဲ့ဘူးဆိုပဲ။ ကျွန်တော်တို့ရဲ့ အရှင်သခင်တွေကော ပခန်းမင်းကြီး ဦးရန်ဝေးလို ပြည်သူလူထုဆီက လာဘ်ပေးလာဘ်ယူမှုကို ရဲရဲဝံ့ဝံ့တွန်းလှန်ရဲတဲ့  သတ္တိတွေ မွေးနိုင်ကြပါပြီလား။

တစ်ချိန်တုန်းကတော့ ပြည်သူပိုင်ပစ္စည်း ငါ့ပစ္စည်းဆိုပြီးခိုးခဲ့၊ ဝှက်ခဲ့ကြလို့ တိုင်းပြည်ငါးပါးမှောက်ခဲ့ဖူးပါတယ်။ တကယ်တော့ ပြည်သူပိုင်ပစ္စည်းဆိုတာ မိမိကဲ့သို့သော ပြည်သူအများပိုင်ဆိုင်တဲ့ ပစ္စည်းသာဖြစ်ကြောင်း သဘောပေါက်ဖို့ လိုတာပေါ့နော်။ အဲဒီလို သဘောမပေါက်ကြလို့ တိုင်းပြည်ချောက်ထဲကျခဲ့ကြရတာပဲမဟုတ်လား။

နောက်ထပ် စံပြုရမယ့် ပုဂ္ဂိုလ်တစ်ယောက်ကတော့ ဝိပဿနာ ကမ္မဋ္ဌာန်းနည်းပြဆရာကြီး ဦးဂိုအင်ကာရဲ့ ဆရာဖြစ်တဲ့ ဆရာကြီးဦးဘခင်ပါ။ သူက ငွေ စာရင်းမင်းကြီးပါ။

တစ်နေ့ ရုံးဆင်းချိန်မှာပေါ့။ ဆရာကြီး ဦးဘခင်ဟာ ရုံးဆင်းပြီဆိုပြီး ရုံးခန်းထဲက ထွက်လာခဲ့ပါတယ်။ သူ့ကားနားကိုရောက်လို့ ကားပေါ်တက်မယ်အလုပ်မှာ သူ့ လက်ထဲ ခဲတံတစ်ချောင်းပါလာတာကို သတိပြုမိပါတယ်။ ပြည်သူပိုင်ပစ္စည်းဖြစ်တဲ့ ရုံးသုံးခဲတံတစ်ချောင်းဟာ သူ့အတွက် အမှတ်တမဲ့ပင်ဖြစ်သော်ငြား ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလို ဖြစ်နေပါတယ်။ အဲဒါကြောင့် အနီးမှာရှိတဲ့ ဝန်ထမ်းတစ်ဦးကိုပြန်ပြီး ထားခိုင်းလိုက်ပါတယ်။

ဆရာကြီးဦးဘခင်လို ငွေစာရင်းမင်းကြီးတစ်ယောက်ဆီကို ဒီခဲတံတစ်ချောင်းပါသွားလို့လည်း ဘယ်သူကမှ ယုံထင်ကြောင်ထင် ထင်ကြမှာမဟုတ်ပါဘူး။ တန်ဖိုးအားဖြင့်လည်း ဘာမှဟုတ်ဟုတ်ငြားငြားမတန်ပါဘူး။ ဒါပေမဲ့ ဆရာကြီးရဲ့ ဂုဏ်သိက္ခာနဲ့ပတ်သက်ပြီး အမှတ်တမဲ့ ကိစ္စလေးဟာ အမှတ်တရဖြစ်သွားတတ်ပါတယ်။ အင်မတန်ဖြူစင်သန့်ရှင်းနေတဲ့ ပိတ်ဖြူစပေါ်မှာ ဖြုတ်ချေးမျှလောက်သော အမည်းစက်ဟာ ထင်ရှားပေါ်လွင်တတ်သလိုပါပဲ။ ဆရာကြီးဦးဘခင်ဟာ သီလနဲ့ ပတ်သက်လာရင် အမှတ်တမဲ့ ကိစ္စကိုတောင်မှ စောင့်ထိန်းနိုင်ခဲ့တဲ့ သူတော်စင်ပုဂ္ဂိုလ်ကြီးပါ။

နောက်တစ်ဦးကတော့ ကျွန်တော်တို့အားလုံးရဲ့ စံပြပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်းပါပဲ။ သူ့ရဲ့ ကိုယ်ကျင့်တရားအပေါ်ထားတဲ့ သစ္စာ၊ ပါတီအပေါ်ထားတဲ့သစ္စာ၊ နိုင်ငံအပေါ်ထားတဲ့ သစ္စာတရားတွေကို သူပြုလုပ်ခဲ့တဲ့ ကာကယံအမှုတွေက သက်သေထူနေပါတယ်။

တစ်နေ့သောအခါပေါ့။ ဗိုလ်ချုပ်ရဲ့ အိမ်ကို ရှမ်းတိုင်းရင်း သားကြီးတစ်ဦး ရောက်ရှိလာပါတယ်။ ဗိုလ်ချုပ်ကို ကြည်ညိုရင်းစွဲရှိတဲ့သူမို့ ဗိုလ်ချုပ်နေထိုင်ရာ အိမ်ကိုမေးမြန်းစုံစမ်းပြီး ရောက်လာပါသတဲ့။ ပြီးတော့ သူ့မှာပါလာတဲ့ ရွှေထည်လက်ဝတ်လက်စားတွေကို ဗိုလ်ချုပ်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ သုံးစွဲဖို့ လှူဒါန်းတဲ့အကြောင်း၊ ဗိုလ်ချုပ်တို့မိသားစု စားဝတ်နေရေးကျပ်တည်းကြောင်းကြားရလို့ စိတ်မကောင်းဖြစ်ပြီး အခုလိုလာ ရောက်လှူဒါန်းခြင်းဖြစ်တဲ့အကြောင်း ပြောပြပါတယ်။ ဒါဟာ ဗိုလ်ချုပ်ရဲ့ ရိုးဂုဏ်ကြောင့်ပါ။ ဗိုလ်ချုပ်ရဲ့ ရိုးသားသန့်စင်တဲ့ စိတ်ဓာတ်အခြေခံကို ကြည်ညိုလို့ လှူဒါန်းတာပါ။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းက လက်သင့်မခံ လိုက်ပါဘူး။ သူ့ကိုပုဂ္ဂိုလ်ရေးအရ လှူဒါန်းပေးကမ်းတာဖြစ်ပေမယ့် သူ့လိပ်ပြာသူမလုံပါဘူး။ ပြည်သူကို အလုပ်အကျွေးပြုဖို့ မွေးဖွားခဲ့တဲ့ ခေါင်းဆောင်တစ်ယောက်ဟာ ပြည်သူ့ဆီက အထောက်အပံ့ကို လက်ခံဖို့ဆိုရာမှာ သူ့လိပ်ပြာသူမလုံဘူးထင်ပါတယ်။ ဒါကြောင့်မို့  အခုလို တိုင်းရင်းသားတစ်ဦးက လာရောက်လှူဒါန်းထောက်ပံ့တာကို ကိုယ်ကျိုးအတွက် ရိုးသားစွာငြင်းပယ်ခဲ့ပါတယ်။ အလှူရှင်စိတ်ကျေနပ်အောင်ဆိုပြီး သူ့ကိုယ်ကျိုးအတွက် မသုံးစွဲဘဲ တော်လှန်ရေးအတွက် သုံးစွဲဖို့ ဖ.ဆ.ပ.လဌာနချုပ်ကို သွားရောက်လှူဒါန်းစေခဲ့ပါတယ်။

အကယ်၍သာ ဗိုလ်ချုပ်မှာ လောဘစိတ်ရှိခဲ့မယ်ဆိုရင် ဒီလိုအခွင့်အရေးကောင်းမျိုးကို လက်လွတ်ခံမှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဗိုလ်ချုပ်ဟာ တိုင်းပြည်အတွက် မွေးဖွားလာတဲ့သူပါ။ ဘဝတစ်ခုလုံးကို တိုင်းပြည်အတွက် ပေးဆပ်ဖို့ ဆုံးဖြတ်ထားတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ပါ။ တံစိုးလက်ဆောင်ဆိုတာ စက်ဆုပ်ရွံရှာစရာလို့ မှတ်ယူခဲ့သူပါ။

တစ်ခါတုန်းကလည်း ဆီပုံးလာပေးတာကို ခြေထောက်နဲ့ ပိတ်ကန်ပစ်ဖူးပါတယ်။ ‘‘လူထုကငတ်နေပြီး ငါက ဆီပုံးလိုက် လက်ဆောင်ယူစားသောက်နေတယ်လို့ အထင်မခံနိုင်ပါဘူး’’တဲ့။ အဲဒီလောက်ဖြူစင်တဲ့ ခေါင်းဆောင်တစ်ယောက်ပါ။

တကယ်တော့ ကျွန်တော့်တို့နိုင်ငံမှာ အတုယူစံပြုစရာ ခေါင်းဆောင်ကောင်းတွေ အများကြီးပေါ်ထွန်းခဲ့ပါတယ်။ အဲဒီ ခေါင်းဆောင်တွေ၊ သူတော်စင်တွေရဲ့ထုံးကို နှလုံးမူပြီး ကိုယ့်ရဲ့ ကိုယ်ကျင့်သီလကို ကောင်းသထက်ကောင်းအောင် တည်ဆောက်နိုင်ကြမယ်ဆိုရင် လာဘ်ပေးလာဘ်ယူဥပဒေဆိုတာ လိုမယ်တောင် မထင်မိကြောင်းပါခင်ဗျာ။

7day daily