ဆစ်ဒနီကမ်းလွန်သို့ အချိန်စော ရောက်ရှိလာသည့် ဧရာမ ဧည့်သည်တော်ကြီးများ

ပို့စ်တင်ချိန် - 5/21/2014 02:39:00 AM


ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ ဘွန်ဒီကမ်းခြေတွင် သတ်မှတ်ချိန်ထက် စောစီးစွာ ရောက်ရှိလာသည့် ဧရာမ ဧည့်သည်ကြီးများကြောင့် လူအများ လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ နေခြည်ဖြာဆင်းသည့်
အချိန်တွင် ရွှေရောင်လွှမ်းနေသော ကမ်းခြေ၌ အပန်းဖြေနေသော လူအများသည် သမုဒ္ဒရာဘက်မှ ချဉ်းကပ်လာသည့် ကျောခုံးဝေလငါးကြီးများကို အုပ်စုလိုက် အရေအတွက် အတော်များများ တွေ့မြင်ရခြင်း ဖြစ်သည်။ အနည်းဆုံး အရေအတွက် ဆယ်ဂဏန်းမျှရှိမည့် ဝေလငါးကြီးများသည် ဆစ်ဒနီ ကမ်းလွန်သို့ အုပ်စုဖွဲ့ ရောက်ရှိလာပြီး ဝေလငါးစောင့်ကြည့်ရာသီ အစပြုပြီဖြစ်ကြောင်း သတိပေးခဲ့သည်။ အဆိုပါ နို့တိုက်သတ္တဝါကြီးများကို ဘွန်ဒီကမ်းခြေနှင့် ဘိုတနီပင်လယ်အော်တို့တွင် တွေ့ရှိနိုင်မည် ဖြစ်သည်။


ရာသီအလိုက် ဝေလငါးများ ဆစ်ဒနီကမ်းလွန်သို့ ရောက်ရှိလာတတ်သော်လည်း ယခုနှစ်မှာမူ သာမန်ထက် စောနေသဖြင့် လူအများ အံ့ဩနေရာခြင်း ဖြစ်သည်။ နှစ်စဉ် ကောင်ရေ(၂၀၀၀၀)မျှရှိသော ဝေလငါးများသည် ဆစ်ဒနီကမ်းခြေကို ဖြတ်သန်းကာ ကွင်းစ်လန်တစ်လျှောက် ပိုမိုပူနွေးသော ရေပြင်ဘက်သို့ ကူးခတ်သွားလေ့ရှိသည်။ ထိုကာလမျိုးတွင် ဝေလငါးချစ်သူများက ၎င်းတို့ကို အနီးကပ်ချဉ်းကပ် ကြည့်ရှုလေ့ ရှိကြကြောင်း သိရသည်။ မည်သို့ပင်ဖြစ်စေ သာမန်ထက် အချိန်စောပြီး ရောက်လာသည့် ကျောခုံးဝေလငါးများကြောင့် ယခုနှစ်၊ ဆစ်ဒနီ၏ ဝေလငါးစောင့်ကြည့်ရာသီ အစပြုပြီဟု သတ်မှတ်ရတော့မည် ဖြစ်သည်။

“အချိန်စောသေးတယ်ဗျ။ ဝေလငါးတွေ နေရာပြောင်းရွှေ့ကြတဲ့ ရာသီမှာ ခုလို အစောပိုင်းကတည်းက အရေအတွက် တော်တော်များများ မြင်ရတယ်ဆိုတာ ဆန်းတယ်လို့ ပြောလို့ရတယ်”ဟု ဆစ်ဒနီ ဝေလငါး စောင့်ကြည့်အသင်းမှ ယိုနက်စ် လိဘ်စ်ရှနာက ပြောကြားခဲ့သည်။ ၎င်းကပင် ပြီးခဲ့သည့် (၅)နှစ်၊ (၆)နှစ်အတွင်း အဆိုပါဒေသမှ ဖြတ်သန်းသွားသည့် ဝေလငါးများ အရေအတွက်သည် (၁၀)ရာခိုင်နှုန်း ဝန်းကျင်မျှထိ တဖြည်းဖြည်း တိုးပွားလာနေကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။ “ဒီနှစ်မှာတော့ သားပေါက်လေးတွေ အပါအဝင် (၂၂၀၀၀)လောက်ထိ တွေ့ရဖို့ မျှော်လင့်တယ်။ အရင်ကတော့ အကောင်ရေ (၂၀၀၀၀)လောက်ပေါ့။ ဒါပေမဲ့ ဒီနှစ်မှာ နောက်ထပ် (၂၀၀၀)လောက် တိုးလာမယ် ထင်ပါတယ်”ဟုလည်း ၎င်းက ပြောဆိုသွားသည်။

Planet Myanmar Network