စိုင်းနော်ခမ်း၏ လက်ကျန် လက်နက်ကိုင် တပ်ဖွဲ့ဝင် ၃ ဦး တာချီလိတ်၌ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်
ပို့စ်တင်ချိန်
- 5/28/2014 05:59:00 PM
လာအိုနိုင်ငံမှ ဖမ်းဆီးရမိသော မြန်မာနိုင်ငံသား မူးယစ်ရာဇာဟု ထင်ရှားကျော်ကြားသည့် စိုင်းနော်ခမ်းကို တရုတ်နိုင်ငံမှ လွန်ခဲ့သော ၂၀၁၂ခုနှစ် မေလ(၁၀)ရက်နေ့က လက်ပြောင်းရယူပြီးနောက် သေဒဏ်စီရင်လိုက်ရာမှ ၎င်း၏ နောက်လိုက်တပည့်များမှာ အုပ်စုအလိုက် ရွှေတြိဂံဒေသ တာချီလိတ်မြို့သို့ လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်မှုများ ပြုလုပ်နေလျက်ရှိရာ ၂၀၁၄ခုနှစ် မေလ(၂၇)ရက် နံနက်(၁၁)နာရီခန့်က လက်ကျန်တပ်ဖွဲ့ဝင်(၃)ဦးသည် တာချီလိတ်အခြေစိုက်စစ်ဗျူဟာ၌ လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ် ခဲ့ကြကြောင်း သတင်းရရှိသည်။
မေလ(၂၇)ရက်နေ့ နံနက်ပိုင်းက လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်လာသူ လက်ကျန်တပ်ဖွဲ့ဝင် (၃)ဦးတွင် အသက်(၃၉)နှစ်ရှိ အိုက်မဲ၊ အသက် (၃၀)နှစ်ရှိ ကိုဝင်း နှင့် အသက် (၂၅)နှစ်ရှိ ခမ်းပန်တို့ဖြစ်ပြီး ၎င်းတို့တွင် ကျည်အိမ်၊ ကျည်ဆန် နှင့် လက်နက်မျိုးစုံ (၃)မျိုးပါဝင်ပြီး ပါဝင်သည့် အဆိုပါလက်နက်ခဲယမ်းများ အပ်နှံခဲ့ကြကြောင်း သိရသည်။
သေဆုံးသွားပြီဖြစ်သော စိုင်းနော်ခမ်း၏ တပည့်များသည် လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်မှုအဖြစ် လဲလှယ်ဝင်ရောက်လာခဲ့သည်မှာ ပြီးခဲ့သော ၂၀၁၂ခုနှစ် ဧပြီလ(၁၄)ရက်နေ့က ဦးယောဟန် ခေါင်းဆောင်သောအဖွဲ့၊ ဦးအားယီခေါင်းဆောင်သောအဖွဲ့နှင့် ဦးအားထူ ခေါင်းဆောင်သောအဖွဲ့ စုစုပေါင်း(၂၅)ဦး ရှိခဲ့ပြီး ယခုအပါဆိုလျှင် (၃၀)ကျော်ရှိကြောင်း သိရှိရသည်။
သတင်း။ ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
တာချီလိတ်သတင်း