မေ ၁၇၊ ၂၀၁၄၊ ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်း ကောက်နုတ်ချက်

ပို့စ်တင်ချိန် - 5/19/2014 10:01:00 PM



စစ်စကားနဲ့ပြောရမယ်ဆိုရင် ရုတ်သိမ်းခြင်းပေါ့။ သိက္ခာရှိရှိနဲ့ရုတ်သိမ်းခြင်း၊ အိနြေ္ဒရရနဲ့ရုတ်သိမ်းခြင်း၊ သိက္ခာရှိရှိနဲ့အိနြေ္ဒရရနဲ့ပြည်သူလူထုရဲ့ သြဘာကိုခံပြီးတော့ ရုတ်သိမ်းပုံရုတ်သိမ်းနည်းကို မလိုချင်ကြဘူးလားလို့ ကျွန်မက မေးချင်ပါတယ်။


၂၀၁၅ ရွေးကောက်ပွဲမှာနိုင်ချင်လို့လား။ နိုင်ချင်ရင် ပြည်သူ့ရဲ့အသည်းနှလုံးပဲရအောင်လုပ်ရမှာပဲ။ အခြားနည်းတွေတော့ မရဘူးထင်ပါတယ်။ မမျှတတဲ့ရွေးကောက်ပွဲဥပဒေတွေနဲ့ပဲဖြစ်ဖြစ်၊ မမျှတတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပဲဖြစ်ဖြစ်၊ မမျှတတဲ့နည်းတွေနဲ့ပဲဖြစ်ဖြစ်၊ ၂၀၁၅ ရွေးကောက်ပွဲကို နိုင်မယ့်အစား မနိုင်တာကမှ ပိုသိက္ခာရှိတယ်လို့ ကျွန်မပြောချင်ပါတယ်။ နိုင်ပုံနိုင်နည်းဟာလည်း မှန်မှန်ကန်ကန်နဲ့သိက္ခာရှိရမယ်။ ရှုံးပုံရှုံးနည်းဟာလည်း မှန်မှန်ကန်ကန်နဲ့ သိက္ခာရှိရမယ်။


၄၃၆ ကိုပြင်ခြင်းအားဖြင့် ကျွန်မတို့နိုင်ငံအတွက် ဘယ်လောက်တိုးတက်နိုင်လဲဆိုတာ အဓိက တပ်မတော်သားတွေကို စဉ်းစားစေချင်ပါတယ်။ ၄၃၆ ဟာ တပ်မတော်သားတွေကို အထူးအခွင့်အရေးပေးထားတဲ့ပုဒ်မဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ၄၃၆ အရဆိုလို့ရှိရင် တပ်မတော်သားတွေရဲ့ သဘောတူညီချက် မရှိပဲနဲ့၊ အခြေခံဥပဒေထဲက အဓိကပုဒ်မတွေကို ပြင်လို့မရပါဘူး။ တပ်မတော်သားတွေကို မေတ္တာရပ်ခံချင်တယ်။ စဉ်းစားကြည့်ပါ။ တစ်ခြားပြည်သူပြည်သားတွေထက် ပိုပြီးတော့ အခွင့်အရေးရနေတာဟာ တကယ်ပဲ ၀မ်းသာစရာကိစ္စ ဟုတ်ရဲ့လားဆိုတာကို ပြန်စဉ်းစားစေချင်ပါတယ်။ လက်နက်အာဏာကြောင့်မို့လို့ အထူးအခွင့်အရေးရတယ်ဆိုတာဟာ သိက္ခာရှိရဲ့လားလို့၊ ကိုယ့်အတွက်ကောင်းရဲ့လားဆိုတာ စဉ်းစားစေချင်ပါတယ်။


ဒီနေ့ ကျွန်မတို့ ဒီပွဲဟာ ဘာအတွက်လဲဆိုတာ အတိုချုပ်ပြောရရင်၊ ကျွန်မတို့နိုင်ငံရဲ့အနာဂတ်အတွက် ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့အနာဂတ်ကို စဉ်းစားပြီဆိုလို့ရှိရင် အားလုံးရဲ့စိတ်ထဲမှာ အားလုံးရဲ့ခေါင်းထဲမှာ ဘယ်လိုနိုင်ငံဖြစ်စေချင်လဲဆိုတဲ့ အမြင်တစ်ခုတော့ရှိဖို့လိုပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့ပြည်သူလူထုအားလုံးကို လေးလေးနက်နက်စဉ်းစားစေချင်ပါတယ်။ ကျွန်မတို့နိုင်ငံကို ဘယ်လိုနိုင်ငံမျိုးဖြစ်စေချင်လဲဆိုတာ ကို စဉ်းစားရမှာပါ။


ကိုယ့်ကိုယ်ကိုယုံကြည်လို့ရှိရင် ဘယ်အဖွဲ့အစည်း၊ ဘယ်အာဏာရဲ့အင်အားကိုမှ အားကိုးစရာမလိုဘူး။
ပြည်သူလူထုရဲ့ထောက်ခံမှုရမယ်လို့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလို့ရှိရင် ဘယ်ဖွဲ့စည်းပုံအခြေခံဥပဒေကမှ အထူးအခွင့်အရေးပေးထားစရာမလိုပါဘူး။ ကျွန်မတို့အနေနဲ့ ဘယ်အထူးအခွင့်အရေးမှ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ပေးထားတာကို မလိုချင်ပါဘူး။ ပေးထားရင်တောင်မှ ဒါ ကျွန်မကို စော်ကားတယ်လို့မြင်ပါတယ်။ မာနလေးရှိကြစမ်းပါ။ မှန်ကန်တဲ့မာနလေးရှိကြစမ်းပါ။ အထူးအခွင့်အရေးမလိုချင်ပါနဲ့။
ပြည်သူတွေကိုကာကွယ်ဖို့၊ ပြည်သူတွေအားကိုးနိုင်ဖို့ တိုင်းပြည်ရဲ့သိက္ခာကို မြှင့်တင်ပေးနိုင်ဖို့ ထူထောင်ပေးခဲ့တဲ့ တပ်မတော်၊ ကာကွယ်ရေးဦးစီးချုပ်ကစလို့ ကျန်တဲ့တပ်မတော်သားများအားလုံး သေသေချာချာစဉ်းစားပါ။ တပ်မတော်ရဲ့ဂုဏ်သိက္ခာကို မြှင့်တင်ဖို့အတွက် လိုလိုလားလားနဲ့လွှတ်တော်အတွင်းကနေပြီးတော့ ၄၃၆ ကို ပြင်ဆင်နိုင်ဖို့အတွက် တပ်မတော်သားများကနေ ပထမဆုံးစပြီးလက်မှတ်ထိုးကြပါလို့ တိုက်တွန်းချင်ပါတယ်။


ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ချင်တဲ့ကိစ္စဟာ အဓိကဘာလဲဆိုတော့ အခုတလောကျွန်မကြားနေရတာ ဘာလဲဆိုတော့ ဒီနိုင်ငံရဲ့တည်ငြိမ်ရေးအတွက်တဲ့၊ ဒီနိုင်ငံရဲ့တည်ငြိမ်ရေးအတွက် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်ထိန်းသိမ်းထားရမယ်ဆိုတာတွေလည်း ပါတယ်။ နောက်ပြီးတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တစ်ချို့တစ်လေကျေနပ်လောက်အောင် ဥပမာအားဖြင့် တိုင်းရင်းသားပြည်နယ်များမှာ ကျေနပ်လောက်အောင် တစ်ချို့ဟာလေးတွေတော့ ပြင်သင့်တယ်ဆိုတာတွေ ပါပါတယ်။ ကျွန်မက အဲဒါမျိုးကို မကြိုက်ဘူး။ မပြင်ချင်ရင်လည်း မပြင်ချင်ဘူးလို့ပြော။
တကယ်အဓိကကျတဲ့ကိစ္စတွေတော့ မပြင်ဘဲနဲ့၊ ကျွန်မတို့ကြားမှာ စိတ်ဝမ်းကွဲအောင်လို့ ဟိုဟာလေးပြင်ပေးမယ်။ ဒီဟာလေးပြင်ပေးမယ်လုပ်တာဟာ တိုင်းပြည်အပေါ်မှာ စေတနာမဲ့တယ်လို့ ကျွန်မက မြင်တယ်။ ဒါဟာ ကျွန်မတို့နဲ့တိုင်းရင်းသားတွေကြားမှာလည်း စိတ်ဝမ်းကွဲအောင်လုပ်တယ်လို့ကျွန်မမြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့က ၄၃၆ ကို ပြင်ချင်နေတာ၊ ၅၉ ကိုပြင်ချင်နေတာ ဗမာတွေက ဗမာတွေအတွက် လုပ်နေတာ ဒါထက်ပိုပြီးပြောလိုက်မယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ရွေးကောက်ပွဲကို နိုင်ချင်လို့လုပ်နေတာ အဲဒီလိုပြောတာတွေရှိတယ်။ ဒါတိုင်းရင်းသားတွေရဲ့အရေးမပါဘူး။ တိုင်းရင်းသားတွေဖက်တော့ လှည့်မကြည့်ဘူး။ ဒီလိုသွေးခွဲတဲ့စကားတွေပြောနေတာကို ကျွန်မတို့အများကြီး သတိထားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ တိုင်းရင်းသားတွေက ဘာလိုချင်လဲ။စစ်မှန်တဲ့ဒီမိုကရေစီပြည်ထောင်စုပဲလိုချင်တယ်။ စစ်မှန်တဲ့ဒီမိုကရေစီပြည်ထောင်စုဆိုတာ ဖက်ဒရယ်မူကိုအခြေခံတဲ့ပြည်ထောင်စု၊ ဒီဖက်ဒရယ်မူနဲ့ ပတ်သက်လို့ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တစိုက်မတ်မတ်ကာကွယ်ခဲ့တယ်။ ထောက်ခံခဲ့တယ်။ အဲဒီတုန်းက ဆိုလို့ရှိရင် ဖက်ဒရယ်ဆိုတဲ့စကားကိုပြောရင်ပဲ ရာဇ၀တ်မှုလို့ အာဏာပိုင်များက ကြည့်နေတဲ့အချိန်မှာတောင်မှ ကျွန်မတို့လုံးဝမလျှော့ခဲ့ဘူး။ ဖက်ဒရယ်ဆိုတာကို ကျွန်မတို့ပြောခဲ့တယ်။ ကျွန်မတို့အနေနဲ့ တိုင်းရင်းသားများရဲ့မျှော်မှန်းချက်များ၊ တိုင်းရင်းသားများရဲ့အိပ်မက်များကို ကျွန်မတို့ နားလည်တယ်။ ကျွန်မတို့အားလုံးအိပ်မက်က အတူတူပဲ။ လုံလုံခြုံခြုံအေးအေးချမ်းချမ်းနဲ့နေချင်ကြတယ်။ လူသားများအားလုံးရဲ့အိပ်မက်က အတူတူချည်းပဲ။


၂၀၀၈ မှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့တဲ့ လူထုဆန္ဒခံယူပွဲကိုလည်း ကျွန်မတို့ ကန့်ကွက်ခဲ့ပါတယ်။ ကျွန်မတို့ အသိအမှတ်မပြုခဲ့ပါဘူး။ အဲဒီတုန်းက ၉၂ ရာခိုင်နှုန်းနဲ့ ပြည်သူလူထုကနေ သဘောတူခဲ့တယ်လို့ ပြောတဲ့သူတွေကိုတော့ ပြောရက်လိုက်တာလို့ပဲ ကျွန်မကပြောချင်ပါတယ်။ ဒီလိုပြောတာဟာ ကျွန်မက စိတ်အနှောင့်အယှက်ဖြစ်တယ်။ စိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုတာဟာ ဒီလိုပြောလို့ မဟုတ်တဲ့ကိစ္စတောင် ဟုတ်ပါတယ်လို့ ပြောရဲလို့ရှိရင် ကျွန်မတို့နိုင်ငံရဲ့အနာဂတ်အတွက် သိပ်ကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့ ကျွန်မကပြောချင်ပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူပြည်သားအားလုံး၊ ကျွန်မက ပြည်သူပြည်သားအားလုံးဆိုလို့ရှိရင် ပြည်သူပြည်သားဆိုတာ တပ်မတော်မပါဘူးလည်းမခွဲခြားဘူး၊ အစိုးရမပါဘူးလည်းမခွဲခြားဘူး။ ပြည်သူပြည်သားဆိုတာ အားလုံးပဲ။ အဲဒီပြည်သူပြည်သားများအားလုံးဟာ အဖြစ်ကို အဖြစ်အတိုင်း ရင်ဆိုင်ရဲတဲ့ သတ္တိရှိရမယ်။ ဒီလိုသတ္တိမရှိလို့တော့ ကျွန်မတို့ တိုးတက်နိုင်မှာ မဟုတ်ပါဘူး။
ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာဖြစ်လို့ ဒီလောက်တောင်မှ ဖက်တွယ်နေကြတာလဲလို့ ကျွန်မကလည်း မေးခွန်းထုတ်ချင်တယ်။ ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးချင်တယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီအတိုင်းရေးဆွဲထားတာဟာ ယုံကြည်မှုမရှိလို့လို့ ကျွန်မပြောချင်ပါတယ်။ ယုံကြည်မှုမရှိလို့ဆိုတာ ဘာကိုပြောတာလဲ၊ ပြည်သူနဲ့တပ်မတော်ကြားမှာ ယုံကြည်မှုမရှိဘူး။ တပ်မတော်ကလည်း ပြည်သူကို မယုံဘူး။ ပြည်သူကလည်း တပ်မတော်ကို မယုံဘူး။ နောက်ပြီးတော့လည်း အချို့ပုဂ္ဂိုလ်များဟာ မိမိတို့ရဲ့အနာဂတ်အတွက် ယုံကြည်မှုမရှိကြဘူး။ ဒီလိုယုံကြည်မှုမရှိလို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကာအကွယ်တစ်ခုအနေနဲ့ထားတယ်လို့ကျွန်မမြင်ပါတယ်။ ကျွန်မပြောချင်တာက ဒီလိုထားစရာမလိုဘူး။ စိုးရိမ်ကြောင့်ကြမှုတွေမရှိပါနဲ့။ သတ္တိရှိရှိနဲ့အတူ ကျွန်မတို့ ရှေ့ကိုဆက်ပြီးသွားကြစို့။ အတူဆိုတာအတူပါ ကျွန်မတို့ ခွဲခြားပြီးတော့ပြောတာ မဟုတ်ပါဘူး။ တပ်မတော်နဲ့ပြည်သူကြားမှာ ခွဲခြားစေလိုတဲ့စိတ်လုံးဝမရှိပါဘူး။
ကျွန်မတို့အခု ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပုံစံနဲ့ပြင်စေချင်လဲဆိုတာကို တစ်စိုက်မတ်မတ်နဲ့ပြောဖြစ်ခဲ့ပါတယ်။ တရားဥပဒေဘောင်အတွင်းက လွှတ်တော်နည်းနဲ့ပြင်မယ်။ ကျွန်မတို့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးရှိစေချင်ပါတယ်။ တရားဥပဒေစိုးမိုးရေးရှိစေချင်တယ်။ နောက်ပြီးတော့ ကျွန်မတို့နိုင်ငံကို အဆင့်မြင့်မြင့်နိုင်ငံရေးလုပ်တဲ့နိုင်ငံဖြစ်စေချင်တယ်။ ဒါကြောင့်ကျွန်မက လွှတ်တော်တွင်းကနေ ပြင်ဆင်စေချင်တယ်လို့ပြောတာပါ။ တကယ်ဆိုရင် လွှတ်တော်ဟာလည်း ဒီဖွဲ့စည်းပုံအခြေခံအရ ပေါ်ပေါက်လာတဲ့လွှတ်တော်ပါပဲ။


ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စပြီးထူထောင်ခဲ့တဲ့ ၁၉၈၈ ခုနှစ်ကတည်းက အမျိုးသားရင်ကြားစေ့ရေးကို ကျွန်မတို့ ရှေ့တန်း တင်ပြီး ပြောခဲ့ပါတယ်။ ဒီအမျိုးသားရင်ကြားစေ့ရေးဆိုတာကလည်း အခုဆက်ပြီးလုပ်သွားရမယ့်ကိစ္စပဲ။ ကျွန်မတို့နိုင်ငံထဲမှာ ညီညွှတ်မှုမရှိလို့ရှိရင် ဒီနိုင်ငံဟာ တိုးတက်မှုရှိမှာမဟုတ်ပါဘူး။


နိုင်ငံတစ်နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ သူ့စကားကို သေသေချာချာ စဉ်းစားရင် နိုင်ငံရဲ့အခြေခံဖြစ်ရပါမယ်။ အခြေခံဟာခိုင်မာမှ၊ အခြေခံဟာ မှန်ကန်မှ၊ နိုင်ငံဟာလည်း ခိုင်မာပြီးတော့ မှန်မှန်ကန်ကန်နဲ့ရပ်တည်နိုင်မှာဖြစ်ပါတယ်။


ကျွန်မတို့ အခု ဒီမိုကရေစီရရှိရေးအတွက် လှုပ်ရှားခဲ့တာ ဆိုလို့ရှိရင် အနှစ်သုံးဆယ်နီးပါး ရှိသွားပါပြီ။ ဒီအနှစ်သုံးဆယ်နီးပါးမှာ အမျိုးမျိုးလည်း ကျွန်မတို့ ဖြတ်ကျော်ခဲ့ပါတယ်။ အဲဒီတော့ ဒီမိုကရေစီရပြီလားဆိုတော့ မရသေးပါဘူးလို့ဘဲ ကျွန်မတို့ပြောရပါမယ်။ ဒါနဲ့ပတ်သက်လို့ရှိရင် တစ်ချို့တွေက ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ မားမားမတ်မတ်လျှောက်နေကြပါ တယ်။ ပြန်ပြီးတော့လှည့်စရာအကြောင်းလည်းဘာမှမရှိပါဘူး။ တကယ့်ကို အားလုံးကနေ အားရနိုင်ပါတယ်။ အားလုံးကနေ ဒီကိစ္စနဲ့ပတ်သက် လို့ယုံကြည်နိုင်ပါတယ်လို့ ပြောနေပါတယ်။ ကျွန်မကတော့ ရှင်းရှင်းပဲပြောမယ်။ ဒီလောက်တောင် ယုံကြည်စေချင်လို့ရှိရင် ယုံကြည်မှုကို တည်ဆောက်ဖို့ အဓိကဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံပြုပြင်ပြောင်းလဲရေးကို ဘာဖြစ်လို့မလိုလားလဲဆိုတာကို ကျွန်မက မေးချင်ပါတယ်။


ဒီနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုတစ်ခုဖြစ်တယ်။ စစ်မှန်တဲ့ဒီမိုကရေစီပြည်ထောင်စု၊ ငြိမ်းချမ်းပြီးတော့ ညီညွှတ်တဲ့ဒီမိုကရေစီပြည်ထောင်စုတစ်ခု ဖြစ်မှသာလျှင် ကျွန်မတို့ဟာ သာယာဝပြောဖွံ့ဖြိုးတဲ့နိုင်ငံတစ်ခု ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ဒီလို ကိစ္စဖြစ်ဖို့အတွက် ကျွန်မတို့နိုင်ငံရဲ့အနာဂတ်ကို ဘယ်လိုတည်ဆောက်မလဲဆိုတာ ကျွန်မတို့ပြည်သူလူထုကနေပြီးတော့ နောက်ဆုံးကျတော့ ဆုံးဖြတ်ရမှာက ပြည်သူလူထုက ဆုံးဖြတ်ရမှာပါ။ ကိုယ်လိုချင်တဲ့နိုင်ငံမျိုးပဲ နောက်ဆုံးကျတော့ ကိုယ်ရအောင်လုပ်ယူရမှာပါ။ ဘယ်အဖွဲ့အစည်းကိုမှလည်း အားကိုးနေလို့မရပါဘူး။ ဘယ်ပုဂ္ဂိုလ်ကိုမှလည်း အားကိုးနေလို့လည်းမရပါဘူး။ ကျွန်မတို့ပြည်သူလူထုအားလုံးဟာ ကိုယ့်ကိုယ်ကိုအားကိုးတဲ့စိတ်နဲ့ ဆက်ပြီးတော့လုပ်သွားရမှာဖြစ်ပါတယ်။

Ko Myoe