မြေလူးငှက်ရဲ့ တေးသံ
ပို့စ်တင်ချိန်
- 5/26/2014 04:58:00 AM
(ဆောင်းပါးရှင် - နီမင်းဆွေ)
လောကမှာ မကောင်းမှု ဒုစရိုက်လုပ်ငန်း ခုနစ်မျိုး ရှိတယ်တဲ့။ အဲဒါတွေကတော့ လုပ်အားမစိုက်ထုတ်ဘဲ ချမ်းသာအောင် ကြိုးစားတာ၊ ကောင်းဆိုးကျိုးပြစ် မခွဲခြားဘဲ ပျော်ရွှင်မှု ရအောင်ကိုပဲ အဓိကထား လုပ်ဆောင်တာ၊ လူသားတွေရဲ့ အကျိုးကို ထိခိုက်နိုင်သလား မစဉ်းစားဘဲ သိပ္ပံပညာ တိုးတက်အောင် ဆောင်ရွက်တာ၊ အကျင့်စရိုက်ကောင်းအောင် မကြိုးစားဘဲ ကိုယ်တော်ဖို့တတ်ဖို့ကိုပဲ ဦးတည်လုပ်ဆောင်တာ၊ ကိုယ်ပိုင်မူတစ်ခုကို ဆုပ်ကိုင်မထားဘဲ နိုင်ငံရေးလုပ်တာ၊ အကျင့်သိက္ခာမဲ့တဲ့ ကုန်သွယ်မှုကို လုပ်ဆောင်တာ၊ စွန့်လွှတ်အနစ်နာခံဖို့ မစဉ်းစားဘဲ ဘုရားမှာ ဆုတွေချည်း ဖိတောင်းတာတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအချက် ခုနစ်ချက်ထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ မူဝါဒ အမျိုးမျိုး ရှိနိုင်တဲ့အထဲက “နိုင်ငံတစ်နိုင်ငံမှာ အာဏာဟာ လူနည်းစုရဲ့ လက်ထဲမှာ ရှိမနေအောင် အထူးအလေးထား ဆောင်ရွက်ရမယ်” ဆိုတဲ့ နိုင်ငံရေးမူကိုသာ ဆုပ်ကိုင်ထားသင့်ကြောင်း ဆွေးနွေးချင်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အာဏာဟာ လူလတ်တန်းစားတွေရဲ့ လက်ထဲမှာပဲ ရှိနေသင့်ပါတယ်။ အဲဒီလို ရှိနေတဲ့အပြင် အဲဒီနိုင်ငံမှာ လူလတ်တန်းစားဦးရေဟာ ကျန်တဲ့လူတန်းစား အားလုံးရဲ့ ဦးရေထက်လည်း ပိုများနေမယ် ဆိုရင်တော့ အဲဒီနိုင်ငံဟာ ချမ်းသာပြီး လူတွေလည်း အင်မတန်မှ စိတ်ချမ်းသာရလေ့ ရှိတယ်ဆိုတာ ဒီကနေ့ ကမ္ဘာကြီးကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။ ဒါဆိုရင် လူနည်းစုလက်ထဲမှာ အာဏာရှိနေရင်ရော ဘယ်လိုလုပ်မလဲလို့ မေးစရာရှိပါတယ်။ အဲဒါဆိုရင်တော့ လတ်တလောအနေနဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ကံကြမ္မာဟာ အဲဒီနိုင်ငံက နိုင်ငံတော်အကြီးအကဲရဲ့ စိတ်စေတနာပေါ်မှာ တိုက်ရိုက်မူတည် နေလိမ့်မယ်လို့ပဲ ဖြေရမှာပါ။ ဒီအကြောင်းကို The Hunger Games: Catching Fire ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲက အဖြစ်အပျက်လေးတွေနဲ့ ဥပမာခိုင်းပြီး ပြောပြချင်မိပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားဟာ အမေရိကန် စာရေးဆရာမ “ဆူဇန်ကောလင်းစ်” (Suzzane Collins) ရေးတဲ့ အနာဂတ်စိတ်ကူးယဉ်သိပ္ပံ ဇာတ်လမ်းတွဲထဲက ဒုတိယစာအုပ်ကို ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားထဲက “ပန်နမ်” ဆိုတဲ့ နိုင်ငံရဲ့ သမ္မတကြီး “စနိုး” ဟာ နိုင်ငံထဲက ပြည်နယ် ၁၂ ပြည်နယ်ကို ဘယ်လိုနှိပ်ကွပ်ရရင် ကောင်းမလဲဆိုတာတွေကိုပဲ အမြဲတွေးတောနေလေ့ ရှိပါတယ်။ ရှေးယခင်အခါက ပြည်နယ်တွေဟာ မြို့တော်ကြီးကို ပုန်ကန်ခဲ့ကြရာမှာ တခြားပြည်နယ်တွေထက် အစစအရာရာ မယှဉ်သာလောက်အောင် ပိုအင်အားကြီး၊ ပိုချမ်းသာ၊ ပိုတိုးတက်၊ ပိုစည်းလုံးကြတဲ့ မြို့တော်မှာရှိတဲ့ လူတွေက ပြည်နယ်အားလုံးကို နောက်နောင်မှာ ခေါင်းမော်မကြည့်ရဲတဲ့အထိ ကြောက်သွားအောင် ရက်ရက်စက်စက် နှိမ်နင်းနိုင်ခဲ့ကြတယ်။ ဒါ့ကြောင့်လည်း မြို့တော်ရဲ့ အလိုကျ စာချုပ်တွေချုပ်ပေးခဲ့ရပြီး စာချုပ်ပါ အချက်တွေအတိုင်း ပြည်နယ်အားလုံးဆီက မိန်းကလေးတစ်ယောက်၊ ယောက်ျားလေးတစ်ယောက် ပေါင်းနှစ်ယောက်နှုန်းနဲ့ စုစုပေါင်းလူရွယ်၂၄ ယောက်ကို တစ်နှစ်တစ်ခါ မြို့တော်ကြီးဆီ ပုံမှန်ဆက်သရပါတယ်။ အဲဒီ လူငယ်တွေ မြို့တော်ကြီးကို ရောက်တဲ့အခါ သူတို့အချင်းချင်းကို နောက်ဆုံးတစ်ယောက်တည်း ကျန်တဲ့အထိ မသေမချင်း သတ်ခိုင်းပါတယ်။ လက်နက်ကိရိယာ တန်ဆာပလာမျိုးစုံကို ကြိုတင်ပြီး အသင့်ပြင်ဆင် ထည့်သွင်းထားတဲ့ တောအုပ်ထဲမှာ သတ်ခိုင်းတာပါ။ ဒီလူသတ်ပွဲကို တစ်နိုင်ငံလုံးက ကြည့်နိုင်အောင်လည်း ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့် ပြသပေးလေ့ ရှိပါတယ်။
ဒီဇာတ်ကားဟာ ဂိမ်းတစ်ခုအကြောင်း ရိုက်ထားတဲ့ဇာတ်ကား ဖြစ်တယ်။ ဒါ့ကြောင့် ဂိမ်းတွေထဲကလို သစ်ပင်ပေါ်တက်ပြေးပြီး ပုန်းနေရင်းနဲ့ မြေလူးငှက်ရဲ့ တေးသီသံကိုကြားလို့ အပေါ် မော့ကြည့်လိုက်တဲ့အခါ သစ်ပင်မှာချိတ်ထားတဲ့ သံဘူးနဲ့ထည့်ထားတဲ့ အနာလိမ်းဆေးကို တွေ့လိုက်ရတဲ့ အခန်းမျိုးတွေလည်း ရုပ်ရှင်ထဲမှာ ထည့်ရိုက်ထားပါတယ်။ နောက်ပြီး အဲဒီဆေး လိမ်းလိုက်ရင်လည်း ပေါင်ပေါ်က သုံးလက်မလောက်ကွဲနေတဲ့ ဓားဒဏ်ရာဟာ တစ်ရက်တည်းနဲ့ ကျက်သွားတာမျိုးပြပြီး ပရိသတ်ရဲ့ အတွေးစိတ်ကူးကို ဖမ်းစားထားတာမျိုးကိုလည်း တွေ့ရပါတယ်။ အဲဒီလိုနဲ့ ၇၄ ကြိမ်မြောက် လူသတ်ပွဲမှာ ပြည်နယ် ၁၂ က မိန်းကလေး “ကတ်နစ်” နဲ့ ယောက်ျားလေး “ပီတာ” တို့ဟာ အနိုင်ရလို့ အသက်ချမ်းသာရာရပြီး မွေးရပ်ဇာတိမြို့လေးကို ပြန်လာနိုင်ခဲ့ကြပါတယ်။
အဲဒီ လူသတ်ဂိမ်းပြိုင်ပွဲကြီး အပြီးမှာ ပန်နမ်နိုင်ငံရဲ့ သမ္မတကြီး စနိုးဟာ ပြည်နယ် ၁၂ က အောင်ပွဲရခဲ့တဲ့ ကတ်နစ်ရဲ့အိမ်ကို လူကိုယ်တိုင် လာလည်ပါတယ်။ ပြီးခဲ့တဲ့ အဆုံးသတ် ဗိုလ်လုပွဲတုန်းက ပီတာ့ကို အလွယ်တကူသတ်ပြီး ကိုယ်တစ်ယောက်တည်း အသက်ရှင်သန် ကျန်နေရစ်အောင် လုပ်နိုင်တဲ့ အခြေအနေ ရှိနေပေမယ့် တစ်ပြည်နယ်တည်းသား ပီတာ့ကို မသတ်ဘဲ နှစ်ယောက်စလုံး အဆိပ်သီးတွေကိုစားပြီး သေကြမယ်လို့ ကတ်နစ်စ်က ကြေညာခဲ့ပါတယ်။ အဲဒီအခါမှာ တောတွင်းလူသတ်ပွဲကို ရုပ်မြင်သံကြားက တိုက်ရိုက်ကြည့်နေကြတဲ့ ပြည်သူတွေက အော်ဟစ်ဆန္ဒပြကြလို့ တစ်ယောက်တည်းသာ အသက်ရှင်ခွင့်ရှိတဲ့ ဂိမ်းစည်းကမ်းကိုဖောက်ပြီး ဂိမ်းစီစဉ်သူက နှစ်ယောက်အသက်ရှင်သန်ခွင့် ပေးခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီလုပ်ရပ်ဟာ သမ္မတကိုအာခံတဲ့ သဘောမျိုး ဖြစ်သွားတဲ့အတွက် ကတ်နစ်ကို လုံးဝမကျေနပ်ကြောင်း သမ္မတကြီးစနိုးက ပြောပါတယ်။ ဒါ့ကြောင့် သမ္မတကို အာခံချင်လို့ လုပ်ခဲ့တာမဟုတ်ဘဲ ပီတာဟာ သူ့ချစ်သူဖြစ်လို့ ခုလိုလုပ်ခဲ့ရတာ ဖြစ်တယ်ဆိုတာ တစ်နိုင်ငံလုံး ရှင်းသွားအောင် ပီတာ့ကို လက်ထပ်တော့မှာဖြစ်ကြောင်း ကတ်နစ်က လူသိရှင်ကြား ကြေညာပေးရမယ်လို့လည်း သမ္မတကြီးက ကြိမ်းမောင်းသွားခဲ့ပါတယ်။
နောက်မကြာခင်မှာ သမ္မတကြီးက ၇၅ ကြိမ်မြောက် စိန်ရတု ဂိမ်းပြိုင်ပွဲကြီး ကျင်းပမယ်။ နောက်ပြီး လူသစ်တွေမဟုတ်ဘဲ အရင်အကြိမ်တွေတုန်းက ဂိမ်းအောင်နိုင်ခဲ့တဲ့ လူဟောင်းတွေကိုပဲ ပြန်ရွေးရမယ်ဆိုပြီး အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဒါ့ကြောင့် ပြည်နယ် ၁၂ မှာ မနှစ်က အနိုင်ရပြီး အသက်ရှင်သန်ခွင့်ရခဲ့တဲ့ ကတ်နစ်နဲ့ ပီတာတို့ပဲ မဲထပ်ပေါက်ပြီး ပြိုင်ပွဲပြန်ဝင်ရဖို့ ဖြစ်လာပါတော့တယ်။ ဒါနဲ့ အဲဒီနှစ်က အရွေးခံ လူရွယ်နှစ်ဆယ့်လေးယောက်တို့ရဲ့ အချင်းချင်း သတ်ကြရတဲ့ပွဲကို ပန်နမ်ပြည်သူ၊ ပြည်သားတွေ စိတ်ပျက်လက်ပျက်နဲ့ ရုပ်မြင်သံကြားကနေ ကြည့်ကြရပြန်ပါတယ်။ အဲဒီလိုနဲ့ တစ်ဆက်တည်းမှာပဲ အသက်ငယ်ပေမယ့် တစ်ဖက်သားအပေါ် အမြဲစာနာထောက်ထားလေ့ရှိတဲ့ မြားပစ်တော်သူလေး ကတ်နစ်ရဲ့ ရိုးရိုးရှင်းရှင်းနဲ့ လူသားအချင်းချင်းအပေါ် စေတနာရှေ့ထားပြီး လုပ်ဆောင်ခဲ့မှုတွေဟာ ဒီဇာတ်ကားကို ကြည့်မိကြသူတွေအတွက် အလေးထားပြီး တွေးခေါ်စရာ အချက်တစ်ချက် ဖြစ်လာပါတော့တယ်။
အာဏာရှင်စနိုးရဲ့ စွန့်လွှတ်အနစ်နာခံမှုကင်းပြီး ရှုပ်ယှက်ခတ်နေတဲ့ ကျားကွက်တွေကတော့ သူ့အတွက်ရော၊ တိုင်းပြည်အတွက်ပါ ရေပေါ်မှာ အရုပ်ရေးသလို ဘာတစ်ခုမှ အရာထင် မကျန်ရစ်ခဲ့ပါဘူး။ ဒီဇာတ်ကားထဲက ကတ်နစ်ကို သတိရလိုက်တိုင်း သူ့ဘ၀ကို အားကျမိရသလောက် ပန်နမ်နိုင်ငံသမ္မတကြီး စနိုးကို သတိရလိုက်တိုင်း ပရိသတ်တွေဟာ အကုသိုလ် ပွားကြရပါတယ်။ နောက်ပြီး သူ့ရုပ်သွင်ကို ပြန်လည်မြင်ယောင်လိုက်မိတာနဲ့ ဟစ်တလာအစ ဆက်ဒမ်ဟူစိန်အလယ် ကဒါဖီအဆုံး ကမ္ဘာ့အာဏာရှင် စစ်စစ်ကြီးတွေဟာ အချက်ငါးချက်မှာ သွားတူနေလေ့ ရှိကြပါလားဆိုတာကို သတိပြုလိုက်မိပါတယ်။ အဲဒါတွေကတော့ အာဏာရှင်စစ်စစ်တွေ အားလုံးဟာ ဆင်ခြင်တုံတရား ကင်းမဲ့လေ့ရှိကြတာရယ်၊ ငါဘယ်တော့မှ မကျဆုံးနိုင်ဘူးလို့ တယူသန်လေ့ ရှိကြတာရယ်၊ စွန့်လွတ်အနစ်နာခံလိုစိတ် ကင်းမဲ့ကြတာရယ်၊ အနာဂတ်မှာ ကိုယ့်သမိုင်း ဘယ်လိုဖြစ်ကျန်ရစ်ခဲ့မလဲ ဆိုတာကို အလေးထားပြီး စဉ်းစားလေ့ မရှိကြတာရယ်၊ နောက်ဆုံး လူ့ဘ၀ထဲကနေ ဇာတ်သိမ်းပြီး ထွက်ခွာသွားရတဲ့ ပုံစံမှာရယ် အလုံးစုံ သွားတူနေလေ့ ရှိပါလားဆိုတာကို တွေ့ရပါတယ်။ ဆရာမ ကောလင်းစ်ရဲ့ဇာတ်လမ်းတွဲထဲက တတိယနဲ့ နောက်ဆုံးပိတ်စာအုပ်ဖြစ်တဲ့ “မြေလူးငှက်ရဲ့ တေးသံ” အမည်ရှိတဲ့ စာအုပ်ထဲမှာ ပန်နမ်နိုင်ငံ သမ္မတကြီးစနိုး ဘယ်လိုပုံစံမျိုးနဲ့ ဇာတ်သိမ်းသွားရတယ် ဆိုတာကိုလည်း ပြောပြမနေချင်တော့ပါဘူး။
မြောက်အမေရိကတိုက်က မြေလူးငှက်တွေဟာ အသံမျိုးစုံကို လိုက်အတုခိုးပြီး ပုံစံတူ သီဆိုနိုင်လေ့ရှိလို့ လူတွေမြတ်နိုးတာ ခံကြရပါတယ်။ ဒီအသံတွေထဲမှာ စိတ်ညစ်ညူးဖွယ် အသံတွေလည်း ပါမယ်၊ ထိတ်လန့်ကြောက်ရွံ့ဖွယ် အသံတွေလည်း ပါမယ်၊ စိုးရိမ်ကြောင့်ကြဖွယ် အသံတွေလည်း ပါမယ်၊ အလားတူ ရင်ကိုအေးမြစေမယ့် အသံတွေလည်း ပါမှာပါပဲ။ ကိုယ့်နိုင်ငံမှာရော မြေလူးငှက်ရဲ့ ရင်ကိုအေးမြစေမယ့် သာယာနာပျော်ဖွယ် တေးသံကိုပဲ ကြားချင်နေတာကတော့ ဒီကနေ့ ပြည်သူအားလုံးရဲ့ ဆန္ဒအမှန်ပဲ ဖြစ်ပါတယ်။
(The Hunger Games: Catching Fire ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခန်း)
Eleven Media Group