ဖြစ်မှဖြစ်ရလေကွယ်

ပို့စ်တင်ချိန် - 5/26/2014 05:54:00 PM



နွေးနွေးဟာ အိမ်ရှေ့က တံခါးခေါက်သံကြားလို့ ဖွင့်ပေးလိုက်ပါတယ်။
ရုပ်ရည်ခန့်ခန့်ညားညားနဲ့ လူကြီးတစ်ယောက် ကိုတွေ့လိုက်ရလို့
ကြောင်ပြီးကြည့်နေမိပါတယ်။ လူကြီးက နှစ်လိုဖွယ်ပြုံးပြလိုက်ပြီး
ပြောပါတယ်။
”သမီး၊ အိမ်မှာ ဘယ်သူရှိတုန်းကွဲ့”
”ဟုတ်၊ ဦး၊ မေမေရှိပါတယ်”
”အေးကွယ်၊ ဒါဖြင့် ခေါ်ပေးစမ်းပါ”
နွေးနွေးရဲ့မိခင် အိမ်ရှေ့ခန်းထွက်လာပါတယ်။ မအေကလည်း အဲဒီလူကြီးကို
ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်လိုက်တာကြောင့် နွေးနွေးဟာ
နားလည်ရခက်သွားပါတယ်။ သူ့အမေကိုတစ်လှည့်၊ ရုပ်ရည်ခန့်ညားလွန်းတဲ့
လူကြီးကိုတစ်လှည့် ကြည့်ရင်း ပဟေဠိဖြစ်နေမိပါတယ်။ မေမေနဲ့
ဒီလူကြီးရဲ့ပတ်သက်မှုဟာ ဘယ်အတိုင်းအတာ အထိများပါလိမ့်။ အဲသလိုတွေဝေ
နေချိန်မှာပဲ သူ့အမေက နွေးနွေးကိုပြောလိုက်ပါတယ်။
”ကဲ သမီး ဖေဖေ ခေါ်လိုက်”
နွေးနွေးက သူမအထင်မှန်သွားပြီဆိုတာ သိလိုက်ပါတယ်။ မေမေဟာ ဖေဖေ့မတိုင်ခင်
ဒီလူကြီးနဲ့ ပတ်သက်ခဲ့တာ သေချာပါပြီ။ ဒီလူကြီးက ငါ့အဖေဆိုပါလား။ အခုမှပဲ
အဖေအရင်းတွေ့ရတယ်။ ဒါဖြင့် အိမ်မှာရှိနေတဲ့ ဖေဖေက တကယ့်အဖေ
အရင်းမဟုတ်ဘူးပေါ့။ အဲသလိုတွေးနေတုန်း မိခင်ဆီက
နောက်တစ်ခွန်းထွက်လာပြန်တယ်။
”သမီး၊ ဖေဖေ ခေါ်လိုက်လို့ပြောနေတယ်လေ။ ဘာငေးနေတာတုန်း”
နွေးနွေးဟာ အဲဒီလူကြီးကို မဝံ့မရဲ ရှက်ရွံ့တဲ့လေသံနဲ့ ခပ်တိုးတိုးခေါ်လိုက်ပါတယ်။
”ဖေ……ဖေ”
”တယ် ဒီကောင်မလေးတော့ နာတော့မယ်။ အခန်းထဲ စာဖတ်နေတဲ့ နင့်အဖေကို
သွားခေါ်ခိုင်းတာဟဲ့ မိနွေးရဲ့၊ ဒီမှာ သူ့မိတ်ဆွေ ရောက်နေတယ်လို့
သွားပြောလိုက်”

ရဲစတိုင်း

The Myanma Age