တိုင်းရင်းသား တောင်သူလယ်သမား မိသားစုများတွင် ဘွဲ့ရပညာတတ် ရှားပါးလာ

ပို့စ်တင်ချိန် - 5/28/2014 08:12:00 AM


 မြန်မာနိုင်ငံရှိ အခြေခံ ပညာကျောင်းများတွင် တိုင်းရင်းသား စာပေများဖြင့် ပညာ သင်ကြားနိုင်ပါက နယ်ဒေသများတွင် စာတတ်မြောက်မှုနှုန်း ပိုမိုများပြား လာနိုင်ပြီး တောင်သူ လယ်သမားထု အကြား ပညာတတ် ပိုမိုများပြား လာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

“မြန်မာနိုင်ငံမှာက တိုင်းရင်းသား ပေါင်းစုံနေထိုင်တဲ့ အတွက် တိုင်းရင်းသား ကလေးငယ်တွေက သူတို့စတင် ရင်းနှီး ထိတွေ့တဲ့ သူတို့တိုင်းရင်းသား ဘာသာ စကားကိုပဲ အားပြုနေထိုင်လာကြတာ။ ကျောင်းနေ အရွယ်ရောက်လို့ ကျောင်းထား တော့မှ  မြန်မာဘာသာစကားကို စတင် ထိတွေ့ အသုံးပြုခွင့်ရတဲ့အခါ ကလေးတွေအတွက် ခက်ခဲမှုတွေကို စတင်ရင်ဆိုင် လာရတယ်။ မိဘတွေကလည်း သားသမီး တွေကို ပညာတတ်စေချင်တာကလွဲရင် သူ တို့ ကိုယ်တိုင်ကလည်း မြန်မာဘာသာ စကားမတတ်တဲ့အတွက် ကလေးတွေရဲ့ အခက်အခဲကို မဖြေရှင်းနိုင်ပါဘူး”ဟု ငြိမ်းဖောင်ဒေးရှင်းမှ စီမံကိန်းမန်နေဂျာ ဦးဟယ်ရီက ပြောကြားသည်။

လူမျိုးပေါင်း ၁၃၅ မျိုးရှိသည့် မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများတွင် မြန်မာဘာသာစကားဖြင့် အဓိကသင်ကြား သည့်အတွက် တိုင်းရင်းသားများအကြား အခက်အခဲရှိလာခြင်းကြောင့် ကျောင်း
ထွက်မှုနှုန်းများလည်း မြင့်တက်မှုရှိနေသည်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

“သူတို့ နားမလည်တဲ့ ဘာသာစကားကို စတင်အသုံးပြုရတဲ့အတွက် သင်ကြားတဲ့ စာတွေကို စိတ်ဝင်စားမှုနည်းလာပြီး စာမေးပွဲတွေ ကျရှုံးလာတယ်။ မိဘတွေကလည်း ကျောင်းသာထားကြပြီး စာမေးပွဲကျရှုံးနေ တဲ့အတွက် ကျောင်းထားရတာ ဘာမှ မထူးပါဘူး။ အချိန်သာကုန်တယ်လို့ တွေး မြင်လာပြီး အလွယ်ကူဆုံးဖြေရှင်းနည်း အဖြစ်နဲ့ ကျောင်းထုတ်လိုက်ကြတယ်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ ပညာရေးသမိုင်းကို လေ့လာကြည့်ပါက တိုင်းရင်းသားဘာသာ စကားအသုံးပြုခွင့်ကို ဗြိတိသျှကိုလိုနီခေတ် တစ်ခေတ်တည်းသာမက ဂျပန်အုပ်ချုပ်ရေး ခေတ်၊ ပါလီမန်ဒ်ီမိုကရေစီခေတ် (၁၉၄၈- ၆၂)၊ တော်လှန်ရေးကောင်စီခေတ် (၁၉၆၂-၇၄)၊ ဆိုရှယ်လစ်ခေတ် (၁၉၇၄-၈၈) အထိ ခွင့်ပြုခဲ့ကြောင်းလည်း သိရသည်။

“တိုင်းရင်းသား တောင်သူလယ် သမားအများစုက ပညာရေးကို သိပ်အား မပေးတော့ဘူး။ ကျောင်းတက်ရတာ အချိန်ကုန်တယ်။ လယ်လုပ်၊ ယာလုပ်တာမှ ထမင်းဝအောင်စားရမှာဆိုပြီး သေစာ၊ ရှင်စာ ဖတ်တတ်ရင်တော်ပြီဆိုပြီး ကျောင်း ထုတ်လိုက်ကြတယ်။ ဒါကြောင့် တောင်သူ လယ်သမားမိသားစုတွေမှာ ပညာတတ်သားသမီးဆိုတာ လက်ညှိုးထိုးပြနိုင်ဖို့ တောင် ခက်ခဲနေပါတယ်။ ဘွဲ့ရပညာ တတ်ဆို ပိုတောင်ဆိုးပါတယ်”ဟု ဦးဟယ် ရီက ဆက်ပြောသည်။

အမျိုးသားပညာရေး ဥပဒေကြမ်း အခန်း (၂) (က)တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စု စိတ်ဓာတ်ဖွံ့ဖြိုးပြီး၊ တိုင်းရင်းသားအားလုံး၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုအနုပညာနှင့် ရိုးရာဓလေ့များ
ကို လေးစားတန်ဖိုးထားရေး၊ ထိန်းသိမ်းရေးနှင့် ဖွံဖြိုးရေးတို့ကိုပါ လေ့ကျင့်ပျိုးထောင်ပေးသော လူ့အဖွဲ့အစည်းဖြစ်စေရန်။ အခန်း(၃) (ခ)တွင် တိုင်းရင်းသားလူမျိုး များ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများကို တန်ဖိုးထား ထိန်းသိမ်းမြှင့်တင်သော ပညာရေးဖြစ်သည်။ အခန်း(၅) အမှတ်(၂၅)တွင် ရုံးသုံးဘာသာစကားဖြစ်သော မြန်မာ(ဗမာ) စကားသည် အခြေခံပညာအဆင့်တွင် သင်ကြား သင်ယူမှုဘာသာဖြစ်ရမည်ဟု ဖော်ပြပါရှိသည်။

ထို့ပြင် လိုအပ်ပါက ကလေးများကို မိခင်ဘာသာစကားဖြင့် ရှင်းလင်းသင်ကြားနာယူခွင့်ပြုသည်ဟု ဖော်ပြထားသော်လည်း နယ်များတွင် သွားရောက်တာဝန်ထမ်း ဆောင်သူ ဆရာ၊ ဆရာမအများစုမှာ ဒေသ
ဘာသာစကားကို နားမလည်သည့်အတွက် အခက်အခဲများ ဖြစ်ပေါ်နေရခြင်းဖြစ် ကြောင်း နယ်တွင် တာဝန်ထမ်းဆောင်နေ သည့် ဆရာ၊ ဆရာမများက ပြောသည်။

ဆိုရှယ်လစ်ခေတ်ကုန်အထိ သက် ဆိုင်ရာ တိုင်းရင်းသာဘာသာစကားဖြင့် ဒေသအလိုက် ဒုတိယတန်းအထိ သင်ကြားခွင့်ပြုခြင်းအပြင် ဒေသတွင်း ဆရာ၊ ဆရာမများဖြင့် သင်ကြားခဲ့ကြသည့်အတွက် တောင်သူလယ်သမား သားသမီးများ အကြား စာတတ်မြောက်မှုနှုန်း မြင့်မားခဲ့ရ ကြောင်း သိရသည်။

၂၀၁၀ ပြည့်နှစ် အစိုးရကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် ဗမာလူမျိုး ၆၉ ရာခိုင်နှုန်းနေထိုင်ပြီး အခြားတိုင်းရင်းသားလူမျိုး စုမှာ ၂၅ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရ၍ တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူ များအကြား မြန်မာစာသည် အခက်အခဲဆုံး အဖြစ်ရှိနေကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံတော်၏ အဓိက ကဏ္ဍဖြစ်သည့် ပညာရေးကဏ္ဍတွင် မြန်မာ (ဗမာ) လူမျိုးစုအတွက်သာ ရည်ညွှန်း ထုတ်ဝေထားသည့် သင်ရိုးညွှန်းတမ်းများ ကို တိုင်းရင်းသားလူမျိုးစုများအတွက်ပါ ထည့်သွင်းစဉ်းစား ထုတ်ဝေသင့်ကြောင်း ဦးဟယ်ရီက တိုက်တွန်းပြောကြားသည်။

တဆက်တည်းမှာပင်  မူလတန်း အဆင့် တိုင်းရင်းသား ကျောင်းသားအများစု တွေ့ကြုံနေရသော အခက်အခဲများအား ဖြေရှင်းနိုင်ရန် မူလတန်းအောက်အဆင့် တွင် တိုင်းရင်းသား မိခင်ဘာသာစကား
ဖြင့် ပညာသင်ကြားနိုင်ရေး စီစဉ်ပေးသင့် ကြောင်းကို   ပညာရေးဝန်ကြီးဌာနသို့ တင်ပြထားကြောင်း ၎င်းက ပြောသည်။

အဆိုပါ တင်ပြချက်များထဲတွင် မူလတန်းအဆင့်တွင် တိုင်းရင်းသား ဘာသာ စကားကို သင်ကြားရေးမဏ္ဍိုင်အဖြစ် အသုံးပြုခွင့်ပေးခြင်း၊ ကလေးများရင်းနှီးကျွမ်းဝင် ပြီးဖြစ်သည့် ဒေသအကြောင်းအရာများကို မြန်မာဖတ်စာတွင် ထည့်သွင်းပြဋ္ဌာန်းခြင်း သည် “သိရာမှ မသိရာသို့”၊ “လွယ်ရာမှ ခက်ရာသို့”ဟူသော ကလေးပညာရေး သီအိုရီများနှင့် ကိုက်ညီသည့်အပြင် မတူညီ
သည့် ဘာသာစကားများကို အသိအမှတ်ပြုရာရောက်သဖြင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို တစ်နည်းတစ်ဖုံ အထောက်အကူ ဖြစ်စေနိုင်ပါသည်။

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် မူလာဒီ အခြေခံပညာမူလတန်းကျောင်းရှိ ဆရာမတစ်ဦးက “သူတို့ဒေသနဲ့မရင်းနှီး တဲ့ ဘာသာကိုသင်ကြားရတဲ့အချိန်မှာ သူတို့မကျွမ်းဝင်တဲ့အကြောင်းကို သင်ကြား
ရတော့ ကလေးတွေလည်း နားမလည်သလို ကျွန်မတို့ကိုယ်တိုင်ကလည်း ကလေးတွေ နားလည်မယ့်  သူတို့ဘာသာ စကားကို သုံးပြီး ပြန်မရှင်းပြတတ်တော့ ကလေးတွေ တင်မကပါဘူး။ ကျွန်မတို့ကိုယ်တိုင်တောင် စိတ်ညစ်ခဲ့ရပါတယ်။ ကျွန်မတို့ကလည်း မြန်မာအစစ်တွေဖြစ်တဲ့အတွက် သူတို့ဘာသာစကားကို မပြောတတ်ပါဘူး”ဟု ပြောသည်။

ထန်းပင်သည် ရှမ်းပြည်နယ်တွင် ပေါက်ရောက်သော ဒေသပင်မျိုးမဟုတ်  သလို သင်ကြားပေးသောဆရာများ ကိုယ်တိုင်ပင် မမြင်ဖူးသဖြင့် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား ကလေးငယ်များ နားလည် သဘောပေါက်အောင် မရှင်းပြနိုင်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခန်းမြို့နယ်၊ နမ့်တီး၊ အမက ကျောင်းတွင် သင်ကြားသော ဆရာ တစ်ဦးက ပြောကြားသည်။

“ကလေးတွေ ကျောင်းမတက်လို့ သူတို့ အိမ်လိုက်သွားတော့ တောင်သူ လယ်သမားကြီးတွေဖြစ်တဲ့ ကလေးမိဘ တွေက ကျောင်းထားရတာ အချိန်လည်း ကုန်တယ်၊ ငွေလည်းကုန်တယ်၊ သေစာ၊ ရှင်စာ ဖတ်တတ်ရင်တော်ပြီ။ လယ်လုပ် ယာလုပ်မှ ထမင်းစားရမှာ။ ကျောင်းမတတ်ခိုင်းတော့ဘူး ဆရာမလေး ရေတဲ့။ ကျွန်မတို့ ဘာမှဆက်ပြောလို့တောင် မရပါဘူး”ဟု မွန်ပြည်နယ်၊ ရေးမြို့၊ ဒူးယား အမက ကျောင်းမှ ဆရာမတစ်ဦးက ၎င်း၏ အတွေ့ အကြုံကို ပြောသည်။

သို့သော် တချို့သော ဒေသများတွင် ဒုတိယတန်းအထိ မြန်မာဘာသာနှင့် ဒေသဘာသာ စကားနှစ်မျိုးလုံးဖြင့် သင်ကြားမှု များရှိနေသော်လည်း အချိန်မလောက်ငှမှုများကြုံတွေ့ရကြောင်းနှင့် တချို့သော ကလေးများမှာ ဘာသာနှစ်မျိုးစလုံးအတွက် နားရည်မ၀ကြသဖြင့် စာသင်ကြားမှုတွင် မပျော်ပိုက်ခြင်း များဖြစ်လာကြောင်းလည်း သိရသည်။

အဆိုပါအခက်အခဲများကို ဖြေရှင်း ရန် ပညာရေး ကောလိပ်များတွင် တိုင်းရင်းသား ဆရာ၊ ဆရာမဦးရေး တိုးမြှင့်လက်ခံ သင်ကြားပေးခြင်းဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဦးဟယ်ရီက အကြံပြုသည်။

- စိုးစိုးယု
The Farmer Media