မထူးခြားတဲ့ သက်တမ်းတစ်နှစ်တိုး အမေရိကန် စီးပွားရေး ပိတ်ဆို့မှု ...

ပို့စ်တင်ချိန် - 5/19/2014 02:29:00 PM


ခင်မောင်ညို(ဘောဂဗေဒ)

(၁)

အမေရိကန်၊ မြန်မာ ဆက်ဆံရေးဟာ အမေရိကန်သမ္မတ အိုဘားမားနဲ့ ဟီလာရီ ကလင်တန်တို့ရဲ့ ခရီးစဉ်တွေရောက်ရှိ မှတ်တိုင်သစ်တစ်ရပ် စိုက်ထူနိုင်ခဲ့တယ်လို့ ပြောစမှတ် ပြုခဲ့ကြပါတယ်။ ဒီနောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ လစ်လပ်နေတဲ့ အမေရိကန်သံအမတ်ကြီး နေရာမှာ ဒဲရက်မစ်ခ်ျလ် ရောက်လာပြီး မြန်မာနဲ့အမေရိကန် ဆက်ဆံရေး ပိုကောင်းလာသယောင် တွေ့ရတယ်။ ကြားထဲမှာ အမေရိကန် ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ စီးပွားရေးပိတ်ဆို့မှု ဖြေလျှော့မှု တချို့ကို ပြုလုပ်ခဲ့ပါတယ်။ အခုလိုဖြေလျှော့မှုလုပ်တာဟာ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံအားပေးကာ ပြုပြင်ပြောင်းလဲလိုသူတွေကို မက်လုံးပေးတာ၊ ပြည်သူပြည်သားတွေ ထင်ရှားတဲ့ အကျိုးကျေးဇူးတွေသာ ခံစားစေချင်တာတွေ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

အဲဒီလို ဖြေလျှော့မှုလုပ်တဲ့အထဲမှာ တပ်မတော်နဲ့ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေ ပါဝင်ခြင်း မရှိပါဘူး။ ဒီအပြင် မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ငန်းလုပ်မယ့် အမေရိကန် စီးပွားလုပ်ငန်းတွေဟာ ဖြေလျော့မှုကနေ အကျိုးခံစားနိုင်ခြင်း မရှိပါဘူး။

အမေရိကန်၊ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုကို ဖြေလျှော့ရာမှာ၊ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ တင်ပို့ခွင့်ပြုခဲ့တာတွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ အဲဒီ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့စွဲနဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မြန်မာနိုင်ငံက ထွက်တဲ့ ကျောက်စိမ်းတို့ ပတ္တမြားတို့ ပါဝင်ခြင်း မရှိပါဘူး။

(၂)

မြန်မာအစိုးရဟာ ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၃၁ ရက် နောက်ပိုင်းမှာ အတိုက်အခံ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို အကြီးအကျယ် နှိပ်ကွပ်ခဲ့တဲ့အတွက် ၁၉၉၇ ခုနှစ် မေလ ၂၀ ရက်ကတည်းက နိုင်ငံခြားလုပ်ငန်းတွေ၊ ပို့ကုန်ငွေကြေး ထောက်ပံ့တာတွေ ရပ်ဆိုင်းခဲ့ပါတယ်။ တစ်နည်းအားဖြင့် စီးပွားရေး ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီအချိန်မှာ မြန်မာနိုင်ငံနဲ့ အလားတူ အခြားနိုင်ငံတွေအပေါ်မှာ စီးပွားရေး ပိတ်ဆို့မှုလုပ်တာမျိုးတွေ မရှိခဲ့တာကို ထောက်ပြပြီး အမေရိကန်ဟာ စီးပွားရေးအရ ထိခိုက်နစ်နာ ဆုံးရှုံးစရာမရှိတဲ့အပြင် အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှု မြန်မာနိုင်ငံမှာ ကြီးကြီးမားမား မရှိတဲ့အတွက်လည်း အခုလို စီးပွားရေးပိတ်ဆို့မှု ပြုလုပ်တာ ဖြစ်တယ်လို့ ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ ပြီးတော့ စီးပွားရေးပိတ်ဆို့မှုဟာ ရည်မှန်းတဲ့ အစိုးရရဲ့ အပြုအမူ အပြောင်းအလဲ တစ်စုံတစ်ရာ ဖြစ်ပေါ်စေမှာ မဟုတ်ဘဲ၊ အများပြည်သူ အထူးသဖြင့် သာမန် ပြည်သူပြည်သားတွေ နေထိုင်မှုကို အခက်အခဲဖြစ်စေတယ်လို့ သုံးသပ်ပြပါတယ်။

၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲ တချို့တွေ့မြင်ရတဲ့အခါ ဒါဟာ စီးပွားရေးပိတ်ဆို့မှုကြောင့်လား၊ အာရှဒေသက အိမ်နီးချင်းနိုင်ငံတွေရဲ့ ထိတွေ့ဆက်ဆံမှုကြောင့်လား အငြင်းပွားစရာ ဖြစ်ခဲ့ရပါတယ်။ စီးပွားရေးပိတ်ဆို့မှုဟာ ချမှတ်ရတာ လွယ်ကူသလောက် ရုပ်သိမ်းဖို့ ခက်ခဲတယ် ဆိုတာရယ်၊ ရုပ်သိမ်းရင် နိုင်ငံရေးအရ ထိခိုက်နစ်နာမှု ရှိနိုင်တယ်ဆိုတာတွေကိုလည်း အစကတည်းက နားလည် သဘောပေါက်ထားခဲ့ကြပါတယ်။

(၃)

အမေရိကန်-မြန်မာဆက်ဆံရေး အပါအ၀င် မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးအသစ်တွေ ပေါ်ပေါက်လာတဲ့အခါ မူလရှိပြီး တရုတ်နိုင်ငံအာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေးတွေ လျော့နည်းကျဲပါးသွားတော့ မလားလို့ စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ကိန်းဂဏန်းတွေကို ကြည့်ရင် အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ အကူအညီအနေနဲ့ ပေးတာကလွဲလို့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတွေလုပ်ဖို့ ခက်ခဲနေသေးတာကို တွေ့ရပါတယ်။

အမေရိကန်က ထုံးစံအတိုင်း စီးပွားရေးပိတ်ဆို့မှုသတင်းသက်တမ်း တစ်နှစ်တိုးလိုက်တာဟာ သူ့အတွက် စီးပွားရေးအရ မထိခိုက်၊ နိုင်ငံရေးအရ လွယ်ကူတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ဒီလို သက်တမ်းတိုးတဲ့အတွက် မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုတွေကို ဖိအားပေးနိုင်မယ်လို့ တွက်ဆထားတယ်။

ရခိုင်နဲ့ဘာသာရေး ပဋိပက္ခတွေ အပါအ၀င် အရေးပါတဲ့ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်လို့လို့ အကြောင်းပြပါတယ်။

(၄)

အစိုးရစီးပွားရေး ပိတ်ဆို့မှု သက်တမ်း တစ်နှစ်တိုးတဲ့အတွက် အတိုက်အခံအချို့က ကြိုဆိုထောက်ခံကြတာတွေ့ရသလို မြန်မာအစိုးရ တာဝန်ရှိသူ တစ်ဦးကတော့ နောက်ကြောင်း ပြန်လုပ်ရပ်အဖြစ် အလွတ်သဘော ကန့်ကွက်ခဲ့တာကို တွေ့ရပါတယ်။

စီးပွားရေးအကျိုး သက်ရောက်မှုအရ ပြောရရင် အမေရိကန်ရဲ့ အပြောတွေ ကောင်းပြီး၊ လက်ကမပါတဲ့ လုပ်ရပ်ကို ထပ်မံသက်သေပြလိုက်တာကလွဲလို့ အပေါင်းလက္ခဏာရော၊ အနုတ်လက္ခဏာရော ကြီးမားတဲ့ အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာမယ်လို့ မတွက်ဆနိုင်ပါဘူး။ အမေရိကန်ပြောတဲ့ ဘာသာရေး၊ လူမျိုးရေးကိစ္စတွေကလည်း ရေရှည် ဖြေရှင်းရမယ့်ကိစ္စတွေ ဖြစ်လေတော့ စီးပွားရေးပိတ်ဆို့မှု သက်တမ်းတိုးချင်ရင် အကြောင်းပြလို့ ကောင်းတဲ့ ဆင်ခြေတွေနဲ့ ဆက်လက် ရှိနေဦးမှာပါ။

Mizzima Burmese