ဆုံးခန်းမတိုင်သေးသည့် လူထုကြားက အကြမ်းဖက်မှု
ပို့စ်တင်ချိန်
- 5/22/2014 04:35:00 PM
နှစ်ပေါင်းငါးဆယ်ကျော်ကြာ အာဏာရှင်အုပ်ချုပ်ရေး စနစ်မှ ခွဲထွက်ကာ ပြည်သူလူထု ဆန္ဒနှင့် ရွေးချယ်တင်မြှောက်ခံရသည့် အစိုးရသာ နိုင်ငံကိုအုပ်ချုပ်ရသည့် ဒီမိုကရေစီ စနစ်ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နေသည်ဟု သမ္မတဦးသိန်းစိန်အစိုးရက အမြဲမပြတ် ထုတ်ဖော်ပြောကြားလျက်ရှိသည်။
ပြည်သူများအတွက် ယုံကြည်စိတ်ချရပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာသည့် ရဲတပ်ဖွဲ့ဝင်များ ဖြစ်လာစေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဥရောပသမဂ္ဂက သင်တန်းများ ပို့ချလျက်ရှိသည်။
ဥရောပသမဂ္ဂ ပို့ချသောသင်တန်းများသည် လူစုလူဝေးများကိုနှိမ်နင်းရာတွင် မလိုအပ်ဘဲလူအင်အားမသုံးခြင်း၊ အကြမ်းဖက်မှုမပြုဘဲ စနစ်တကျထိန်းသိမ်းနည်းနှင့် ရဲတပ်ဖွဲ့ဝင်များကလည်း ဥပဒေကို လေးစားလိုက်နာရန်အတွက် ရည်ရွယ်ပို့ချခဲ့ခြင်းလည်းဖြစ်သည်။
ယင်းသို့နှစ်ဖက်နစ်နာသည့် ထိပ်တိုက်တွေ့ဆုံမှုများသည် နိုင်ငံတွင်ဖြစ်ပေါ်နေသော အခြေအနေများအရ ဆက်လက်ဖြစ်ပေါ်နေဦးမည်ဖြစ်သဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများအကြား ထိပ်တိုက်တွေ့ဆုံမှုများတွင် နှစ်ဖက်ထိခိုက်မှုမရှိဘဲ ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည့်နည်းလမ်းကို ဝိုင်းဝန်းအဖြေရှာရန် အမြန်ဆုံးလိုအပ်လာပြီဖြစ်သည်။
‘‘အခုက ဒီမိုကရေစီလမ်းကြောင်းကို သွားနေတယ်လို့ ပြောဆိုနေတဲ့အတွက် လူထုအတွင်းမှာ အကြမ်းဖက်မှုဆိုတာ မရှိသင့်တော့ဘူး။ ရဲနဲ့ပြည်သူ ထိပ်တိုက်တွေ့ပြီး နှစ်ဦးစလုံးဒဏ်ရာရမယ့် အဖြစ်တွေကို လျှော့ချဖို့ အဖြေလိုလာပြီ’’ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဥပဒေရေးရာတာဝန်ခံ ဦးမာကီးကပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကပင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် သဲကုန်းမြို့တွင် ဖမ်းဆီးထိန်းသိမ်းခံရသော လယ်သမားတစ်ဦး ပြန်လည်လွှတ်ပေးရေးနှင့် လယ်ယာမြေပြန်လည်ရရှိရေးအတွက် ဆန္ဒပြကြသူများနှင့် ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လယ်သမားအချို့နှင့် ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့ကြသည်။
နိုင်ငံတွင်း လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများနှင့်ပတ်သက်ပြီး အစိုးရအနေဖြင့် ကိုင်တွယ်ဖြေရှင်းရာတွင် အေးအေးချမ်းချမ်းနှင့် စေ့စေပ်ဆွေးနွေးဖြေရှင်း၍ရမည့် နည်းလမ်းကိုသာ သုံးမည်ဖြစ်သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဝန်ကြီးဦးရဲထွဋ်ကပြောသည်။
အစိုးရသစ်လက်ထက်တွင် ရဲတပ်ဖွဲ့နှင့် ဒေသခံအချို့ကြား သွေးထွက်သံယို အကြီးအကျယ် ထိပ်တိုက်တွေ့ဆုံမှု လေးကြိမ်ဖြစ်ပွားခဲ့ပြီး အသေးစား ထိပ်တိုက်တွေ့ဆုံမှုများသည်လည်း ရဲနှင့် ပြည်သူများကြား ဆက်လက်ဖြစ်ပေါ်လျက်ရှိကာ နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပွားလျက်ရှိသည်။
‘‘တချို့ဖြစ်ရပ်တွေကျတော့ မလိုလားအပ်ဘဲ နှစ်ဖက်စလုံး နာရတာပေါ့။ ရဲရော၊ လူထုရော ဒဏ်ရာရတယ်။ ကြုံနေရတဲ့ပြဿနာကလည်း မဖြေရှင်းနိုင်ဘဲ ရဲနဲ့ ဒေသခံတွေကြား အမုန်းတွေ ပိုများလာတာပဲဖြစ်လာတယ်’’ဟု လယ်သမားအရေး လိုက်လံဆောင်ရွက်ပေးသူတစ်ဦးဖြစ်သည့် မအူပင်မြို့နယ်မှ တရားလွှတ်တော်ရှေ့နေ ဦးသောင်းဦးက ပြောသည်။ ၂၀၁၃ ဖေဖော်ဝါရီအတွင်း ဧရာဝတီတိုင်းဒေသကြီး မလက်တိုကျေးရွာအုပ်စု ပလောင်ကျေးရွာအနီး လယ်မြေသိမ်းဆည်းခံရသည့်အရေးနှင့်ပတ်သက်ပြီး ရွာသားအင်အား ၁၅၀ ခန့်နှင့် ရဲတပ်ဖွဲ့ဝင်များကြား ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားခဲ့ရာတွင် ရဲတပ်သားတစ်ဦးသေဆုံးပြီး အခြားရဲတပ်သားသုံးဦးနှင့် ဒေသခံ ၃၀ နီးပါး ဒဏ်ရာရရှိခဲ့ကြသည်။
အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် သွေးထွက်သံယိုဖြစ်သည့် ရဲနှင့်ပြည်သူ ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားမှုမရှိသလောက် နည်းပါးခဲ့သော်လည်း နယ်မြို့များတွင်မူ သွေးထွက်သံယိုပဋိပက္ခများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။
‘‘ရန်ကုန်ကျတော့ဗျာ မီဒီယာကလည်း အားကောင်းတယ်။ ပြီးတော့ နိုင်ငံတကာကလည်း စောင့်ကြည်နေ့တာပါတယ်။ နယ်မှာကျတော့ အဲဒီအချက်တွေ အားနည်းတဲ့အပေါ်မှာ အခွင့်ယူတာပဲဗျ’’ဟု ၈၈ မျိုးဆက် ဥပဒေရေးရာတာဝန်ခံ ဦးမာကီးကသုံးသပ်သည်။
ရဲတပ်ဖွဲ့နှင့်ဒေသခံအချို့ကြား သွေးထွက်သံယို အကြီးအကျယ်ထိပ်တိုက်တွေ့ဆုံမှု လေးကြိမ်သည် ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သွေးထွက်သံယို ထိပ်တိုက်တွေ့ဆုံမှု နှစ်ကြိမ်တိုင် အကြီးအကျယ်ဖြစ်ပွားခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းကမူ ဒေသခံများ၏မကျေနပ်မှုများ၊ ပြဿနာများတင်းမာနေသည့်အချိန်ရောက်မှ ရဲတပ်ဖွဲ့ကို သွားရောက်ဖြေရှင်းခိုင်းခြင်းမျိုးကို မလုပ်သင့်ကြောင်း အကြံပြုသည်။
ထို့ပြင် နှစ်ဖက်ကြား ထိပ်တိုက်မတွေ့ရန် ဒေသခံများ ကြုံတွေ့ခံစားနေရသည့်ပြဿနာများ တင်းမာလာခြင်းမရှိမီ ဖြေရှင်းကြရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းကပြောသည်။
ပြည်သူလူထုနှင့် ထိပ်တိုက်တွေ့ဆုံမှုဖြစ်ခဲ့သည့် ဖြစ်စဉ်များကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက ဒေသခံပြည်သူများနှင့် ခရိုနီများ(သို့မဟုတ်) အစိုးရတို့အကြား ဖြစ်ပေါ်သည့်ပြဿနာဖြစ်ပြီး ရဲတပ်ဖွဲ့၏ အကျိုးစီးပွားမပါသည့်အပြင် ထိပ်တိုက်တွေ့ဆုံမှုတွင် ပြည်သူများဒဏ်ရာရရှိသွားပါကလည်း ရဲတပ်ဖွဲ့ဝင်များသာ နာမည်ပျက်ရကြောင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက 7 Day News သို့ ပြောသည်။
ထို့ပြင် အချို့သောပဋိပက္ခများတွင် လူအုပ်စုကြီးက အန္တရာယ်ပြုမည့်ပုံစံပြလာသည့်အတွက် မိမိကိုယ်မိမိ ကာကွယ်ခြင်းအပြင် လူအုပ်စုခွဲရာတွင်လည်း နည်းစနစ်ပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် ပြည်သူများနှင့် တပ်ဖွဲ့ဝင်များပါ ထိခိုက်နစ်နာခဲ့ရသည်ဟု ၎င်းကဆိုသည်။
‘‘အဓိကကတော့ ရဲနဲ့ဒေသခံ ဘာကြောင့်ထိပ်တိုက်တွေ့လဲ ပြန်ကြည့်ရင် လယ်မြေကိစ္စတွေ၊ လုပ်ခလစာပြဿာနာတွေ၊ ခရိုနီတွေနဲ့ပတ်သက်တဲ့ကိစ္စတွေပဲ။ အဲဒါတွေက အစိုးရက ထိထိရောက်ရောက် ဖြေရှင်းပေးရင်ရတယ်။ အခုတော့ အဲဒီလိုမလုပ်တော့ ထိပ်တိုက်တွေ့ကြတာပေါ့’’ဟု လယ်သမားအရေးဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးသောင်းဦးက ရဲနှင့်ပြည်သူ ထိပ်တိုက်တွေ့ဆုံမှုအပေါ် ၎င်း၏အမြင်ကိုပြောသည်။
နိုင်ငံအနှံ့တွင်ဖြစ်ပွားခဲ့သော လယ်ယာမြေသိမ်းဆည်းခံရမှုများ၏ ပဋိပက္ခအချို့သည် တက်ကြွလှုပ်ရှားသူများ ပါဝင်ပတ်သက်မှုအပေါ် မူတည်နေသည်ဟုလည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကထောက်ပြခဲ့သည်။
‘‘လယ်ယာမြေသိမ်းဆည်းခံရမှုလို ပဋိပက္ခတွေကိုကြည့်ရင် လယ်သမားရော၊ ရဲတပ်ဖွဲ့ပါ မနစ်နာအောင် ဝင်ပြီး မှန်မှန်ကန်ကန် ဥပဒေဘောင်ထဲက လုပ်ပေးကြမယ့်သူတွေ လိုနေတာကိုတွေ့ရတယ်။ ဥပဒေမဲ့လုပ်ကြရင် အကုန်နစ်နာတာပဲအဖတ်တင်တယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး၏ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေး စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်ဖြစ်သူ ဒေါ်ခင်ဝိုင်းကြည်ကဆိုသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား သင်တန်းပေးနေရခြင်းသည် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ပြဿနာများအပေါ် ဒီမိုကရေစီနည်းကျကိုင်တွယ်မှုဖြင့် မြန်မာပြည်သူများအား စစ်မှန်သောဝန်ဆောင်မှုပေးနိုင်ရန် ဦးတည်ဆောင်ရွက်ပေးရခြင်းဖြစ်သည်ဟု ဥရောပသမဂ္ဂက ထုတ်ဖော်ပြောကြားထားသည်။
‘‘ရဲရော ဒေသခံတွေပါ မကျေမလည်ဖြစ်လာပြီဆိုရင် တွေ့ဆုံဆွေးနွေးဖို့လိုတယ်ဗျ။ အဓိကကတော့ ပြည်သူတွေနစ်နာမှုမရှိအောင် လုပ်ရမယ်။ ရဲတပ်ဖွဲ့လည်း နာမည်မပျက်အောင်ပေါ့။ အဲဒါအရေးကြီးတယ်။ ပဋိပက္ခဖြစ်တယ်ဆိုတာ နိုင်ငံရဲ့ပုံရိပ်ကျတာပဲ’’ဟု ၈၈မျိုးဆက် ဥပဒေရေးရာတာဝန်ခံ ဦးမာကီးကပြောသည်။
7Day News Journal