ဒီမိုကရေစီ ကျန်းမာပါစေ
ပို့စ်တင်ချိန်
- 5/11/2014 06:26:00 PM
(ဆောင်းပါးရှင် - မောင်ကြည်)
တစ်ခါတုန်းက ဇာတ်သင်္ဘောရေမြုပ်လို့ မရှိမဲ့ရှိမဲ့ ဇာတ်သူဇာတ်သားတွေနဲ့ ဇာတ်သေတ္တာလေး တစ်လုံးကိုပိုက်ပြီး ဇာတ်ကမယ့်ရွာကို ဖြစ်သလို ရောက်လာခဲ့ကြတဲ့ ဇာတ်အဖွဲ့တစ်ဖွဲ့ ရှိခဲ့ဖူးပါတယ်။ ဖြစ်ချင်တော့ အဲဒီညက ဇာတ်ကရမယ့်ည။ ဘာပဲဖြစ်ဖြစ် ကကိုကရတော့မယ်ဆိုတော့ တစ်လုံးတည်းသော ဇာတ်သေတ္တာကို ဖွင့်ကြည့်လိုက်တော့ ဇာတ်ဝတ်ဇာတ်စားက တစ်စုံတည်းရှိတော့တယ်။ ကိုင်း မထူးပါဘူးလေ။ ရှိတဲ့တစ်စုံနဲ့ပဲ ရှိတဲ့လူဝတ်ပြီး ဖြစ်သလို ကရတော့မှာပေါ့လေ။ ဘယ်တတ်နိုင်မလဲ။
ဒါနဲ့ အဲဒီညက ရွှေပွဲလာပရိသတ်ကို ပထမဆုံး ဖျော်ဖြေတဲ့ဇာတ်က ရသေ့ဝတ်စုံနဲ့ ထွက်လာတဲ့ ဇာတ်ပါပဲ။ ရသေ့တစ်ပါးက သူ့အလှည့်ကပြီးတော့ ထွက်သွားတယ်။ နောက်တစ်ပါး တက်လာတယ်။ ရသေ့ဝတ်စုံနဲ့ပါပဲ။ စောစောက၀တ်သွားတဲ့ ရသေ့ဝတ်စုံနဲ့ပါပဲ ။ဒီလိုနဲ့ ရသေ့တွေတစ်ပါးပြီး နောက်တစ်ပါး။ နောက်တစ်ပါးပြီးတော့ နောက်ထပ်တစ်ပါး။
ကြာတော့ ပရိသတ်ထဲက လူတစ်ယောက်က မနေနိုင်တော့ဘူး။ “ဟေ့ ဘယ်လိုလဲကွ မင်းတို့ဇာတ်က ဒီရသေ့တွေပဲ ရှိလား။ တခြားလူတွေ မရှိတော့ဘူးလား” လို့ ထမေးပါလေရော။ ကန့်လန့်ကာကြားထဲက အသံတစ်သံ ထွက်လာတယ်။ “ဟုတ်ကဲ့ သည်းခံကြပါခင်ဗျာ။ ဒီနေ့ည ကမယ့်ဇာတ်က ရသေ့ရှစ်သောင်းဇာတ်ပါ” တဲ့။ ကြည့်ပေရော့ မိုးအလင်း။ တစ်ညလုံးထိုင်ကြည့်တောင် ရသေ့ရှစ်သောင်းက ကုန်နိုင်ပါ့မလားမသိ။ တစ်ခါလာလည်း ဒီရသေ့။ နောက်တစ်ခါလာလည်း ဒီရသေ့။ မဆုံးနိုင်တဲ့ အဲဒီရသေ့တွေကို ပြည်သူတွေ ကြည့်ခဲ့ရပေါင်း များပါပြီ။ ကျွန်တော်တို့ပြည်သူတွေ ဘယ်အချိန် ဘယ်ကာလအထိ ရသေ့ရှစ်သောင်းဇာတ်ကို ဆက်ကြည့်နေရဦးမှာလဲ။
မြန်မာပြည်ဆိုတဲ့ ဇာတ်ရုံတော်ကြီးမှာ ရသေ့ရှစ်သောင်းဇာတ်ကို ကပြအသုံးတော်ခံလာခဲ့တာ နှစ်ပေါင်း ၅၀ ကျော်လာခဲ့ပါပြီ။ စင်ပေါ်ကိုတက်လာတာ ဒီဝတ်စုံနဲ့ဒီလူ။ နောက်တစ်ကြိမ် စင်ပေါ်ကို ထပ်တက်လာတာလည်း ဒီဝတ်စုံနဲ့ ဒီလူပါပဲ။ မပြောင်းလဲသော စကားလုံးများကို မပြောင်းလဲသော လူတွေက မရိုးနိုင်စွာ ပြောနေပေမယ့် ပြည်သူတွေကတော့ ရိုးအီလွန်းလို့ သမ်းဝေနေကြပါပြီ။ အင်း ဒီဇာတ်ရုံကြီးမှာ ဒီလူတွေနဲ့ ဒီဇာတ်ကိုကြည့်နေရတာ ဒီလိုပုံနဲ့ မိုးလင်းတော့မယ် ထင်ပါရဲ့။ လင်းကြက်က တွန်တော့မယ်။ ရောင်နီလည်း လာတော့မယ်။ ဒီမိုကရေစီမင်းသားက မထွက်နိုင်သေး။ မင်းသားဝတ်စုံ ပျောက်နေတာပဲလား။ အရင်ကတည်းက မင်းသားဝတ်စုံ မပါလာတာပဲလား။ ကမယ့်မင်းသားကိုက မရှိတာလား။ ဒါမှမဟုတ် အဲဒီမင်းသားက မင်းသားဝတ်စုံချွတ်ပြီး လူကြမ်းဝတ်စုံ ပြောင်းဝတ်ဖို့ စိတ်ကူးနေတာလား။ ဘီလူးခေါင်းနဲ့ မင်းသားလေးများ ဖြစ်နေမလား။
ပြည်သူတွေမှာတော့ အိပ်ရေးပျက်တဲ့ မျက်လုံးတွေနဲ့ ဇာတ်စင်ရှေ့မှာ ငုတ်တုတ်လေးတွေ ထိုင်လို့။ “ကပါတော့ဗျို့” “နှစ်ပါးသွား ကပါတော့။ ဘယ်တော့ ကမှာလဲ” လို့ အော်ရလွန်းလို့ အသံတွေလည်း ပြာနေပြီ။ တစ်ညလုံး ငုတ်ထုတ်ထိုင်နေရလို့ တစ်ကိုယ်လုံးလည်း ညောင်းညာကိုက်ခဲနေပြီ။ ဒီမိုကရေစီမင်းသားနဲ့ မင်းသမီးက မျှော်သာမျှော် ပေါ်မလာသူရယ် စိမ်းကားနေတုန်းပါပဲ။ သြော် ဒီမိုးဒီလေ ဒီလူတွေနဲ့ ဒီဇာတ်ရုံကြီးထဲမှာ ဒီညတော့ ငုတ်တုတ်ထိုင်ပြီး မိုးလင်းတော့မယ် ထင်ပါရဲ့။
တစ်လောက ဖတ်လိုက်ရတဲ့ ဒီလှိုင်းဂျာနယ်ထဲမှာတော့ ဆရာတော် အရှင်ဝီရိယ (တောင်စွန်း) က မြန်မာပြည်ရဲ့ ဒီမိုကရေစီက သံကြားအဆင့်ပဲ ရှိသေးတယ်လို့ ရေးသားခဲ့ပါတယ်။ ရုပ်မြင်တဲ့အဆင့်ကို မရောက်သေးပါဘူးတဲ့။ မြန်မာပြည်သူတွေရဲ့ အဖြစ်က ဘာနဲ့တူသလဲဆိုတော့ ရွာတွေမှာ အလှူအိမ်ကဖွင့်တဲ့ သီချင်းသံကြားရာနောက် လိုက်နေတဲ့ လူတွေနဲ့ တူပါတယ်။ အသံကြားတဲ့နေရာမှာ အလှူရှိလောက်ရဲ့ဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့။ ဖက်ဖက်သာ မောပါလေရော။ အသံသာကြားပြီး အလှူ အိမ်ကို မမြင်ရသလို ဖြစ်နေတယ်။ ဆရာတော် ရေးသလိုပါပဲ။ ဒီမိုကရေစီအသံတော့ ကြားနေရပါရဲ့ ဒီမိုကရေစီကို ကိုယ်လုံးကိုယ်ထည်နဲ့ ထင်ထင်ရှားရှား ပေါ်ထွက်လာမယ့် ရုပ်လက္ခဏာကို ခုချိန်ထိ ကောင်းကောင်းမမြင်ရသေးပါဘူး။
ခုတော့ ရပ်ထဲရွာထဲ တစ်ယောက်နဲ့တစ်ယောက် လက်တို့ပြီး “ဒီမိုကရေစီဆိုတာ ဘယ်လိုမျိုးလဲ။ ပိန်ပိန်လား၊ ၀၀လား။ ရုပ်ချောရဲ့လား၊ သဘောကောင်းရဲ့လား” ပြည်သူတွေခမျာ မျှော်ရလွန်းလို့ လည်ပင်းညောင်ရေအိုး ဖြစ်တော့မယ်။ ခက်တာက တကယ်လာမယ့်သူကို မျှော်ရတာက မျှော်ရကျိုး နပ်ပါတယ်။ ဘယ်လောက်ပဲ ပင်ပန်းနွမ်းနယ်ပါစေ အချိန်တန်လို့ ကိုယ်မျှော်ရတဲ့သူကို တွေ့ရရင် မျှော်မောမောပြီး ပျော်ရပါတယ်။ ခုတော့ ကျွန်တော်တို့ပြည်သူတွေက တကယ်မရှိတဲ့သူကို မျှော်သလိုများ ဖြစ်နေပြီလားလို့ တွေးပူမိပါတယ်။
တံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှား ဖြစ်မှာကို စိုးရိမ်မိပါတယ်။ ဒီမိုကရေစီ ရွှေရည်စိမ်ထားတာကို ဒီမိုကရေစီ အစစ်ထင်ပြီး ပြည်သူတွေ အလိုက်မှားမှာကို အစိုးရိမ်ဆုံးပါပဲ။ သို့သော် ဒီနေ့ဒီအချိန် ဒီကာလအထိတော့ ပြည်သူတွေရဲ့ရင်ထဲမှာ နွမ်းယဲ့ယဲ့ မျှော်လင့်ချက်လေးနဲ့ ရေးတေးတေးတော့ မျှော်လင့်နေမိတုန်းပါပဲ။ မောင်မင်းကြီးသား ဒီမိုကရေစီ ကျန်းမာလို့ချမ်းသာပါစေ။ သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေလို့ နေ့စဉ်ဆုတောင်းမေတ္တာ ပို့သနေရပါတယ်။
Eleven Media Group