မသိကိန်းပုစ္ဆာ
ပို့စ်တင်ချိန်
- 5/15/2014 07:26:00 PM
မည်သူမဆို အရာရာကိုဒိုးကနဲ၊ဒေါက်ကနဲ မသိလျှင်သော်မှ သိသင့်သိထိုက်သည့် အကြောင်းအချက် အနည်းငယ်မျှကိုတော့
သိထားရပါမည်။ သို့မှသာ မမှားသင့် မမှားထိုက်သည်တို့ လျော့နည်းသွားမည်ဖြစ်သည်။
ပထဝီဘာသာရပ်ကို မကျေညက်သူဖြစ်သော်လည်း ကချင်ပြည်နယ်၏ မြို့တော်မှာ မြစ်ကြီးနားမြို့ ဖြစ်ကြောင်း သိထား
သင့်သည်။ ရှိတ်စပီးယားဆိုသူမှာ မည်သည့်နိုင်ငံဖွားမှန်း မသိလျှင်သော်မှ ပြဇာတ်စာရေး ဆရာတစ်ဦးဖြစ်ကြောင်းလောက်ကိုတော့
သိထားရမည်။
ထိုနည်းတူစွာ မဲဇာတောင်ခြေရတုကို ကျန်စစ်သားရေးခြင်းမဟုတ်ကြောင်း သိထားရမည်။
အင်တာနက်ကဖီးဆိုသည်မှာ ကော်ဖီမှာသောက်၍ရသော နေရာတစ်ခုမဟုတ်ကြောင်းသိထားရမည်။
ပါရဂူတစ်ဦးအဖို့ ထမင်းချက်တတ်စရာမလိုသော်လည်း ထမင်းဘယ်ကရကြောင်းသိထားဖို့တော့ လိုပါသည်။
သည်နေ့ခေတ်ကို ပညာခေတ်ဟုဆိုကာ ကြွေးကြော်နေကြသော်လည်း မလျော်ကန်သည့်မေးခွန်းတို့ကို ကြားနေရခြင်းမှာ
စိတ်မသက်သာဖွယ်ရာဖြစ်သည်။ တက္ကသိုလ်ဒုတိယနှစ်ကျောင်းသားတစ်ယောက် ကျွန်တော့် နေအိမ်နံရံတွင် ချိတ်ဆွဲထားသော
သခင်ကိုယ်တော်မှိုင်း ပန်းချီပိုစတာကို ကြည့်ပြီး ဒီအဖိုးကြီးက ဘယ်သူလဲ ဟု မေးခွန်းထုတ်ခဲ့ဖူးသည်။
ြ မြန်မာစာအဓိကဖြင့် ကျောင်းပြီးခဲ့သူတစ်ဦးကလည်း ဒေါက်တာမောင်ဖြူး ဆိုတာ ကလောင်သစ်လားဟု
ေ မေးမြန်းခဲ့ဖူးသည်။ မူလတန်းပြမြန်မာစာ ဆရာမတစ်ဦးက သရရစ်သြ ဟု သူ့ကျောင်းသားများကို သင်ပေးခဲ့ဖူးသည်။
မသိခြင်းနောက်ကွယ်မှ ပြဿနာ အတိမ်အနက်မှာအတော်ရင်လေးဖို့ကောင်းလှသည်။ မိမိသိလိုရာကို အလွယ်တကူရှာဖွေ
လေ့လာခွင့်ရနေသော ယနေ့အချိန်ကာလမျိုးတွင် သိအောင်မကြိုးပမ်းခြင်းမှာ ဘာကိုအပြစ်တင်ရမှန်းမသိတော့ပါ။
T- Shirt တစ်ထည်၏ဈေးနှုန်း၊ နေကာမျက်မှန်အကောင်းစားတစ်လက်၏ဈေးနှုန်း၊ D.V.D ဈေးနှုန်း၊ Saloon ကားတစ်စီး၏ဈေးနှုန်း၊
Revlon အလှကုန်ဈေးနှုန်း၊ Blue Label တစ်ပုလင်းဈေးနှုန်းတို့ကိုတော့ ညက်ညက်ကြေအောင် သိထားကြသည်။ သည်ကနေ့ဘောလုံး
ပွဲစဉ်မှာ ဘယ်အသင်းက ခြေဘယ်လိုရှိတာ သိထားကြသည်။ နေ့ခင်းတစ်ကြိမ်၊ညနေခင်းတစ်ကြိမ် ဂြိုလ်တုစလောင်းမှ လွှင့်ထုတ်သော
ရှယ်ယာဈေးနှုန်း ကိန်းဂဏန်းတို့ကို မျက်ခြေမပျက်လေ့လာကြသည်။
သမိုင်းကိုမသိ၊ အမျိုးသားရေးကိုမသိ၊ စာပေကိုမသိ၊ အနုပညာကိုမသိ ။ပညာခေတ်ကြီးထဲတွင် နေထိုင်ရှင်သန်နေသော်လည်း
သူတို့ဘဝကို မသိခြင်းအတော်များများဖြင့် တည်ဆောက်ထားလေသည်။
မိမိတတ်ကျွမ်းသော ပညာဖြင့် ဝမ်းဝအောင်ရှာမစားနိုင်လျှင် လူညံ့ဆိုသော စာသားကို ဖတ်ခဲ့ဖူးသည်။ ထိုပေတံဖြင့် တိုင်းတာကြည့်လျှင် အဆိုပါမသိခြင်းအတော်များများ ရှိနေသူတို့မှာ သူတို့၏ဝမ်းကို သူတို့ ဝ,အောင် ရှာဖွေစားသောက်နိုင်ကြသဖြင့် ခေသူများတော့မဟုတ်ကြပါ။
သို့သော် ကမ္ဘာလောကကြီးသည် စားဝတ်နေရေး လုံလောက်အောင် ရှာဖွေစားသောက်နိုင်မှု တစ်ခုတည်း အတွက် ဖြစ်တည်နေခြင်း
မဟုတ်ပါချေ။ စားဝတ်နေရေး လူတန်းစေ့နိုင်ရန် ရုပ်ဝတ္ထုငွေကြေးနောက်ကိုသာ သဲသဲမဲမဲလိုက်နေပါက လူတစ်ခြား၊ဘဝတစ်ခြား၊
အသိဥာဏ်တစ်ခြား ကျင်လည်နေရပါလိမ့်မည်။ စာရေးဆရာမ မစန္ဒာ၏ မစပ်သောငရုတ် ဝတ္ထုထဲတွင် အင်ဂျင်နီယာကျောင်းသူသည်
ငါးစိမ်းပွဲစားဖြစ်ခဲ့ရသည်။ ဟိုအချိန် နာမည်ကြီးတီးဝိုင်းတစ်ခုမှ ဘေ့စ်ဂစ်တာတီးသူမှာ ထင်းကုန်သည်ဖြစ်သွားရသည်။ ကျွန်တော့်အသိ
ဆရာဝန် တစ်ဦးသည် ဆေးခန်းမအောင်မြင်သဖြင့်ပိတ်သိမ်းကာ စပါးပွဲစားဖြစ်သွားခဲ့သည်။ ကဗျာအရေးကောင်းသူ မိတ်ဆွေတစ်ဦးသည်
မလေးရှားသွား၍ ဂဟေဆော်သူလုပ်နေရသည်။ လူနှင့်ဘဝတို့ထပ်တူမကျရခြင်းမှာ အသိဥာဏ်ကို အစွမ်းကုန်နိုးအောင် မနှိုး၍သာဖြစ်သည်။
ဝမ်းရေးအဆင်ပြေအောင် ဘဝလမ်းကြောင်းကို ချိုးကွေ့လိုက်ခြင်းဖြင့် တဒင်္ဂ အဆင်ပြေသွားရသော်လည်း ရေရှည်ခံနိုင်ပါ့မလားဆိုသည်ကို စောင့်ကြည့်ရမည်။မိမိအားနည်းချက်နှင့် အတိတ်ကဖြစ်ရပ်တို့ အပေါ်
သင်ခန်းစာ ထုတ်ယူဆင်ခြင်နိုင်မှသာ အနာဂါတ်အတွက် ရေရာမှု ရှိနိုင်မည်။
မသိခြင်း၏နောက်ကွယ်တွင် ကောင်းမှု၊ မကောင်းမှု၊ လုပ်သင့်၊ မလုပ်သင့် မခွဲခြားတတ်ကြတော့။မသိ၍ မကြောက်ကြတော့။
မကြောက်တတ်၍ မရှက်ကြတော့။ ဟီရိသြတ္တပ္ပ တရားတို့ကို တစ်နေ့တစ်ခြား ဆိတ်သုန်း ခြောက်ခမ်းလာပါက မှန်ခြင်း၊မှားခြင်း၊တရားခြင်း၊မတရားခြင်းတို့ကို ဝေဖန်ပိုင်းခြားနိုင်သော အသိတို့မရှိတော့ပြီ ဖြစ်၍ လူ့ဘောင်အဖွဲ့အစည်း၏
အနာဂါတ်သည်လည်း…………………
ရောမအင်ပါယာကြီးကျဆုံးခဲ့ရခြင်းမှာ အခြားကြောင့်မဟုတ်။ တိုင်းသူပြည်သူးတို့စာရိတ္တ ပျက်ယွင်းခြင်း ကြောင့်သာ ဖြစ်ပါသည်။
ထို့ကြောင့်မသိခြင်းကို အခြေခံသော ပုစ္ဆာတစ်ပုဒ်၏ နောက်ဆုံးရလာဘ်မှာ အတော် ရတက်မအေးစရာ ဖြစ်တော့သည်။ ။
ဇူးဇူးမွန်
The Myanma Age