ပညာရေးခရိုနီ

ပို့စ်တင်ချိန် - 5/31/2014 07:06:00 PM


ဒီစာကိုရေးတော့မောင်ကဲကို ဆိုင်ရာလူတွေက ထောင်ထဲပို့ချင် ကြမယ်ထင်ရဲ့။ ကျုပ်ကျောင်း ဆရာ မောင်ကဲ စာပဲဆက်သင်ပါ ရစေဗျာ။ မပြောမပြီး မတီးမမြည် မို့ ပြောရတာပါ။ မောင်ကဲတို့ တက္ကသိုလ်ကျောင်းဆရာလော က,က ကြောက်စရာစကားတစ် လုံးအကြောင်းကို ပြောချင်လို့ပါ ခင်ဗျာ။

အဲဒါက ဘာလဲဆိုတော့ ‘‘ဖာအကြောင်း’’ပါခင်ဗျ။
မောင်ကဲ ရိုင်းလိုက်တာလို့ မထင်ပါနဲ့။

‘‘ဖာတကာ့ ဖာထဲမှာ အကြောက်ဆုံးဖာ ဘာဖာလဲ’’လို့ ကျောင်းဆရာတွေကို ထပ်မေး လိုက်ပါဦးခင်ဗျ။

ဆရာ၊ ဆရာမအားလုံး တညီတညွတ်တည်းဖြေပေးကြ မှာပါ။

‘‘ထရန် စဖာ’’

ဟုတ်ကဲ့ ဆရာ၊ ဆရာမတွေ အကြောက်ဆုံးဖာဆိုတာ ‘‘ထရန် စဖာ (transfer)’’ဆိုတာကြီးပေါ့ ခင်ဗျာ။

ထရံစ အပေါက်ကို ဖာသလို ဖာတာမို့ ထရန်စဖာလို့ခေါ်သလား အောက်မေ့ကြပါရဲ့။ ဟို တစ်ကွက် ဒီတစ်ကွက်။ အသစ်နဲ့ အဟောင်း သောင်းပြောင်းရောလို့ မွှေတာကိုးခင်ဗျ။

ကျောင်းဆရာဘဝဆိုတာ မင်းခယောက်ျားမို့ မိသားစုနဲ့ခွဲခွာ ပြီ ရောက်ရာအရပ်ကျရာတာဝန် ကျေပွန်ကြရပါသဗျ။

စေလိုရာစေဘဝ ‘‘သေချင် တဲ့ကျား တောပြောင်း’’လို့ ဆိုရ မလား။

‘‘ထားရာနေ စေရာသွားမို့ နွားနဲ့မခြား’’လို့ ပြောရမလား။

အမှန်ကတော့ တက္ကသိုလ် ဆရာဆိုတာ ‘‘ရေမျောကမ်းတင်’’ များသာ ဖြစ်တယ်ဆိုတာပါပဲ။

အဲ.. ဒါပေသိ ကျောင်းဆရာ လောကမှာ ဒူးနေရာဒူး၊ တော်နေ ရာတော်ဆိုတာထက် ‘‘ကတော်’’ နေရာကတော့ ‘‘အထူး’’ဖြစ်နေ တာ ခက်သကိုးခင်ဗျ။ အခု မေလ ထဲမှာ အဲဒီ ထရံစဖာတဲ့ ကိစ္စတွေ က ဆက်ကာဆက်ကာ လာတော့ မှာ ပေါ့ခင်ဗျာ။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မေလ ၈ ရက်နေ့ကပဲ ပညာရေးဝန်ကြီး ဌာန ဝန်ကြီးရုံးကနေ ဒုတိယ ပါမောက္ခချုပ်တွေကို ပြောင်းရွှေ့ တာဝန်ချထားတဲ့ အမိန့်စာတစ် စောင်ထွက်လာပါသဗျ။ စာအမှတ်(၁) ပညာ ၂(ဃ)၂၀၁၄ (EC/၆) (၄၄၇၃)ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ ဒီအမိန့်စာကြီးက ပါမောက္ခချုပ်ရာထူးကို elected person မဟုတ် selected person များနဲ့သာခန့်စေသတည်း လို့ဆိုလိုကြောင်း မောင်ကဲတို့ ကျောင်းဆရာအပေါင်း ကောင်းကောင်းနားလည်လိုက်ကြသဗျ။ ခုလိုခန့်ထားရာမှာ  ဘယ်လိုစည်းမျဉ်းစည်းကမ်းများနဲ့  ရွေးချယ်ခန့်ထားသလဲဆိုတာတော့  မောင်ကဲတို့ကျောင်းဆရာများ လည်းမသိ။ သိခွင့်လည်းမရ။

မောင်ကဲတို့ သိထားတာက ပြည်ထောင်စုဝန်ကြီးတို့၊  ပညာ ရေးအာဏာပိုင်တို့နဲ့ ပုဂ္ဂိုလ်ရေး အရ နည်းလမ်းအမျိုးမျိုးနဲ့ပတ် သက်နေသူတွေ၊ လက်ညှိုး ထောင်ခေါင်းညိတ်အချို့တွေကို ရာထူးတိုးပေးလိုက်တယ်ဆိုတာပါပဲ။ အဲဒီအမိန့်စာကြီးမှာ ရာထူး တိုးမြှင့်ခြင်းခံတဲ့ တချို့သော ပုဂ္ဂိုလ်များရဲ့ အရည်အချင်းဟာ သာမန်မျှဖြစ်တယ်လို့ စီနီယာဆရာသမားများက ဆိုသဗျ။ တချို့များဆိုပေးထားတဲ့ရာထူးနဲ့ လားလားမှ မထိုက်တန်သူများပါ ပါတယ်လို့ ဆိုနေကြပါတယ်။

ဒီတော့ ဒီရာထူးတွေကို ပြောင်းရွှေ့တာ၊  တိုးမြှင့်တာတွေ က ဒီမိုကရေစီခေတ်မှာ  ရီ(ရယ်) ချင်စရာဖြစ်နေပါသဗျ။  ဘာ ကြောင့် ဒီလိုပြောရသလဲဆိုတော့ ဒီမိုကရေစီဆိုတဲ့ခေတ်ကြီးကို သွားနေရာမှာ လက်ရှိသမ္မတကြီး တောင် ရွေးကောက်ပွဲကနေ အဆင့်ဆင့်အရွေးခံရလို့ သမ္မတရာထူးကြီးရလာခဲ့တာလို့ဆိုသဗျ။  ဒါကြောင့်  ပညာရေးလောကမှာ လည်း ဒီမိုကရေစီစနစ်ကို ကျင့် သုံးစေချင်ကြတာ မောင်ကဲတို့ ဆရာအများစုဆန္ဒပါပဲ။

လက်ရှိမှာ မောင်ကဲတို့ တိုင်း ပြည်ပညာရေးက ချောက်ထဲထိုး ကျနေတာ မဟုတ်လားခင်ဗျ။ ကျ နေတာမှ မရပ်သေးဘူးခင်ဗျ။ ကျ တုန်း၊ ကျဆဲ၊ ကျမြဲပါခင်ဗျ။ ဒီလို အချိန်မှာ ငါးမျှားချိတ်လောက်နဲ့ ဆွဲလို့မရ။ အားကောင်းတဲ့ ကရိန်း ကြီးတွေနဲ့ ကျကျနန ဆယ်မရမှာ မဟုတ်လားခင်ဗျ။  အဲဒီတော့ လက်ရှိ တက္ကသိုလ်များရဲ့ အဓိပ တိ ပါချုပ်ဆိုတာကြီးတွေရဲ့ အခန်း ကဏ္ဍက အင်မတန်အရေးမကြီး ပေဘူးလားခင်ဗျာ။ ဒီတော့ ဒီလို ပါချုပ်ကြီးတွေကို  ဘယ်လိုခန့် သင့်သလဲ မောင်ကဲရဲ့ ဉာဏ်လေး တစ်ထွာတစ်မိုက်နဲ့ တွေးကြည့်မိ ပါသဗျ။

နိုင်ငံတော်ရဲ့ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် တွေ၊ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ အင်တိုက် အားတိုက် ပါဝင်နိုင်မယ့် နိုင်ငံ အကျိုးနဲ့ ပညာရေးအကျိုးအ တွက် လုပ်ရဲ၊ ကိုင်ရဲ၊ တာဝန်သိ တဲ့၊ တာဝန်ခံနိုင်တဲ့၊ ထက်မြက် တဲ့၊ အရည်အချင်းရှိတဲ့သူတွေကို အများဆန္ဒ (stakeholder များ ဖြစ်တဲ့ ဆရာများ၊ ကျောင်းသား များရဲ့ဆန္ဒ)ကို အခြေခံကာ လွတ် လပ်တဲ့ ပညာရှင်များရဲ့ ဆုံးဖြတ် မှုနဲ့ ရွေးသင့်တယ်လို့ မောင်ကဲ တွေးမိပါတယ်။

မောင်ကဲတို့ တက္ကသိုလ် လောကမှာ နယ်ကျောင်းက မြို့ ကျောင်းကို ပါမောက္ခချုပ်ရာထူး တူနဲ့ ပြောင်းရွှေ့ရရင် တာဝန်ပို ကြီးတဲ့နေရာကို အရည်အချင်းပို ရှိသူကို ရွေးချယ်ပေးပို့တာလို့ အဓိပ္ပာယ်ထွက်ပါတယ်။ ခုအခါ မှာ မောင်ကဲတို့အသိုင်းအဝိုင်းက လေးစားယုံကြည်ရသူ၊ ပါမောက္ခ ချုပ်ရာထူးနဲ့ ထိုက်တန်တယ်လို့ ထင်ကြေးပေးခံရသူတွေဟာ ရာ ထူးတိုးမြှင့်ခြင်းမခံခဲ့ရတာတွေ့ရ သဗျ။ ခုဟာက ရာထူးတိုးမပေး တဲ့အပြင် အပြစ်ပေးခြင်း (Puni-shment)ဆန်ဆန် တက္ကသိုလ် ကြီးများမှ နယ်တက္ကသိုလ်များဆီ ဘေးတိုက်ပြောင်းရွှေ့တာဝန်ချ ထားတာတောင် တွေ့ရသဗျ။

ဒါဟာ အာဏာရှင်အလိုကျ ဆောင်ရွက်ရာမှာ မပါခဲ့သူများကို ရာထူးတိုးချန်လှပ်ခံရတာလို့ မောင်ကဲတို့အသိုင်းအဝိုင်းက မှတ်ချက်ပြုကြလေရဲ့။ အမှန်တရားအတွက်ဆောင်ရွက်တဲ့ ပညာရှင်တွေဟာ အာဏာရှင် အလိုကျနေသူတွေမဟုတ်တာကြောင့် အာဃာတတွေထားခံရတယ်လို့ ကောက်ချက်ဆွဲရပါမယ်။

စပ်မိလို့ ဆရာတပည့်ဇာတ် လမ်းတစ်ပုဒ်ကို ပြောပြချင်သဗျ။ တစ်ချိန်တုန်းက နောင်ဝန်ကြီးတစ်ပါးဖြစ်လာမယ့် ပါရဂူကျမ်းကြီးကြပ်သူနဲ့ တပည့်ကျော်PhD Can-didate ပါမောက္ခတစ်ယောက်ရှိခဲ့ ဖူးပါသတဲ့။ ခုတော့ အဲဒီကျမ်း ကြီးကြပ်သူက ဝန်ကြီးတစ်ပါးဖြစ် လာတော့ တပည့်ကျော်ပါမောက္ခ ဟာ လုပ်သက်အလွန်နုနယ်နေ သေးတာတောင် လုပ်သက်ရင့် ပါမောက္ခများကို ကျော်လွန်ကာ ရန်ကုန်စီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ရာထူးကို တိုးမြှင့်ပေးခြင်းခံခဲ့ရဆိုသဗျ။ ဒါ့အပြင်အမျိုးသားစီးမံခန့်ခွဲမှု ပညာကောလိပ်ကျောင်းအုပ်ကြီးရာထူးတာဝန်ကိုပါ ပူးတွဲခန့်အပ်ခြင်းခံလိုက်ရပါသတဲ့ခင်ဗျ။

ပုံပြင်ထဲက ပါမောက္ခလေး ကတော့ ခုအခါ နှစ်ရွာစားပေါ့ ခင်ဗျ။ အဲ.. မှားလို့ နှစ်ကျောင်းစား ခင်ဗျ။ ကျောင်းနှစ်ကျောင်း၊ တက္ကသိုလ်နှစ်ခုက တာဝန်ကို ဘယ်လိုများအံ့မခန်းစွမ်းစွမ်းတမံ ဆောင်ရွက်မလဲဆိုတာတော့ မောင်ကဲတို့ ကျောင်းဆရာလော က,က သိချင်လှသပေါ့ခင်ဗျာ။

ဒီပုံပြင်ဇာတ်လမ်းလေးဟာ ပညာရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးရုံးရဲ့ ၈-၅-၂၀၁၄ ရက်စွဲပါ စာအမှတ် (၁) ပညာ ၂(ဃ) ၂၀၁၄ (EC/၆) (၄၄၇၄) ထဲမှာ ပါတယ်ဆိုပဲခင် ဗျ။ ဒီပုံပြင်ဇာတ်လမ်းလေးက တိုင်းပြည်ရဲ့ ပညာရေးပြုပြင် ပြောင်းလဲမှုပုံရိပ်တွေကို များစွာ အကျည်းတန်အရုပ်ဆိုးစေတဲ့ လုပ်ဆောင်ချက်လို့ မောင်ကဲတို့ ကျောင်းဆရာလောက,က မှတ် ချက်ပြုနေကြပါတယ်ခင်ဗျ။

ဟုတ်ကဲ့ ခင်ဗျာ။ တိုင်းပြည် ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးဖြစ်စဉ်များနဲ့အတူ တက္ကသိုလ် အသီးသီးမှာ ပေါ်ပေါက်လာတဲ့ တက္ကသိုလ်ဆရာများ သမဂ္ဂတွေ ဟာ တက္ကသိုလ်ပညာရေးကဏ္ဍ မှာ မရှိမဖြစ်လိုအပ်တဲ့ အဖွဲ့ အစည်းများလို့ နားလည်ခံယူထား တဲ့၊ တက္ကသိုလ်ဆရာများသမဂ္ဂ ကို ကူညီပံ့ပိုးပေးတဲ့ ဒုတိယ ပါမောက္ခချုပ်အချို့ကိုကျတော့ မြိုင်ရပ်ကို နှင်စေသတည်းလို့ လည်း ကြားလိုက်ရပါတယ်ခင်ဗျ။

မြိုင်ရပ်ကို အနှင်ခံရသူများ ကတော့ ဆရာ၊ ဆရာမများနဲ့ ဝန်ထမ်းများဘက်ကနေ တရားမျှ တမှုကို ရှေးရှုလျက် ဥပဒေနဲ့ အညီ ဆရာ၊ ဆရာမများဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့ တာ ဆရာအများ သိထားသဗျ။ ဒီလိုလုပ်ရပ်များကိုတော့ ပညာ ရေးအာဏာပိုင်တွေက သဘော ကျနှစ်မြို့ခြင်းမရှိကြောင်းကိုဖြင့် မောင်ကဲတို့လောက,က ကောင်းကောင်းသိထားပါသဗျ။

ခုတော့ ပညာရေးဝန်ကြီး ဌာနက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၂၅)မှာပါတဲ့ ‘‘နိုင်ငံတော်သည် အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အကျိုး ကို ကူညီဆောင်ရွက်မည်’’ဆိုတဲ့ အခြေခံမူကို ချမှတ်အကောင် အထည်ဖော်ရမယ့်အစား လူမှန် နေရာမှန် (Meritocracy)ကို တာဝန်ပေးအပ်မှုမပြုလုပ်တာ ကြောင့် တိုင်းပြည်ရဲ့ ပညာရေး အဆင့်အတန်းကတော့ ဒေသ တွင်း နိုင်ငံများထက် အောက်နား နောက်နားက ဓားမနောက်ပိတ် ခွေးဖြစ်နေဦးမှာ အသေအချာ ပေါ့ခင်ဗျာ။

သွားလေသူ ပညာရေးဝန် ကြီးလက်ထက်ကလည်း CPU ဆို တဲ့ စကားခေတ်စားခဲ့သဗျ။ CPU ဆိုတာ ကွန်ပျူတာက central processing unit လို့တော့ အထင်မှတ် မမှားကြပါနဲ့ခင်ဗျ။ C ဆိုတာ Chemistry၊ P ဆိုတာ Psy-chology၊ နောက်ဆုံး U ဆိုတာကတော့ Upper Myanmar ကို ပြောကြတာပါခင်ဗျ။ ဝန်ကြီးရဲ့ မေဂျာဖြစ်တဲ့ Chemistry၊ ဝန်ကြီးကတော်ရဲ့ မေဂျာဖြစ်တဲ့ Psy-chology နဲ့ အထက်မြန်မာပြည် Upper Myanmar က အပေါင်းအသင်းရောင်းရင်း တပည့်လက်သားများကို သွားလေသူကြီးကဝန်ကြီးဖြစ်သခိုက် ဖေးမကြည့်ရှုတော်မူခဲ့တာကိုးခင်ဗျ။

ခုဝန်ကြီးလက်ထက်မှာ တော့ ‘‘စီးပွားရေးတစ်ခေတ်ဆန်း သစ်လာပြီ’’လို့ ဆိုရတော့မယ် ထင်ပါရဲ့ခင်ဗျ။ ဒီမင်း၊ ဒီစိုး၊ ဒီသူခိုး၊ ဒီမိုး၊ ဒီလှေ ဒီလူတွေနဲ့က တော့ဖြင့် တိုင်းပြည်ပညာရေး ချောက်ထဲက ဆွဲတင်ဖို့အရေး ဝေလာဝေးပါလို့ ပညာရေးလောကမှ ဆရာ၊ ဆရာမများကပြော ကြပါတယ်ခင်ဗျ။ မောင်ကဲတစ်ယောက် ခုလိုပြောနေတာတွေဟာ ပုဂ္ဂိုလ်ရေးအမြင်အပေါ် အခြေခံခြင်းမဟုတ်ပါဆိုတာတော့ အာမခံပါရဲ့ဗျာ။လွဲမှားနေတယ်လို့ထင်မြင်ယူဆလို့ထောက်ပြ ပြောဆိုရခြင်းပါ။

တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကဏ္ဍအသီးသီးက တာဝန်ရှိသူ တွေအနေနဲ့ ပညာရေးဝန်ကြီးဌာန အာဏာပိုင်များရဲ့ တိုင်းပြည် ပညာရေးကို စေတနာမဲ့စွာ ရည် ရွယ်ချက်ရှိရှိလုပ်ဆောင်မှုတွေကို အချိန်မီပြန်လည်ကုစားနိုင်ဖို့နဲ့ အများပြည်သူလူထုက အမှန်ဖြစ် ပျက်နေသမျှကို သိစေနိုင်ဖို့ တင် ပြနေခြင်းသာဖြစ်ပါတယ်ခင်ဗျ။
ခုကိစ္စမှာ မောင်ကဲအတွေး တစ်ချက်မှားနေတယ်ဆိုရင်တော့ မောင်ကဲထောင်ထဲမှာ နေရုံပေါ့ ခင်ဗျာ……..
(ဖော်ပြပါ သရော်စာသည် စာရေးသူ၏ အာဘော်သာဖြစ်သည်။)

7day daily