မေ့မရသော မေ ၂ ရက်

ပို့စ်တင်ချိန် - 5/02/2014 04:18:00 PM



Author:
မင်းသန်းထိုက်(ဒေးဒရဲ)



မေ၂ ရက်ဆိုလျှင် ကျွန်တော်တို့ ဒေသကို နာဂစ်မုန်တိုင်းကြီး အလည်လာခဲ့တာ ခြောက်နှစ် တင်းတင်းပြည့်ပြီပေါ့။ ကြည့်စမ်း။ တိုက်ဆိုင်လိုက်တာ။ လွန်ခဲ့သည့် ခြောက်နှစ် မေ ၂ ရက်ကလည်း သောကြာနေ့။ ယခု ၂၀၁၄ မေ ၂ ရက်ကလည်း သောကြာနေ့။ ကျွန်တော် စဉ်းစားမိလိုက်တော့ စိတ်ထဲမှာ နည်းနည်းထိတ်သွား၏။ ရက်ပဲတိုက်ဆိုင်ပါစေ။ အဖြစ်သနစ်တွေတော့ မတိုက်ဆိုင်ပါစေနှင့်ဟု ကျိတ်ဆုတောင်းမိ၏။ မိုးလေဝသ သတင်းတွေထဲ ဘာမှထူးထူးခြားခြားမကြားမိ၍ နေ့နှင့် ရက်ဆိုတာ သည်လိုပဲ တိုက်ဆိုင်တတ်တာပါပဲလေ။ အချို့မွေးနေ့မွေးရက်ခဏခဏတိုက်သည့်သူတွေတောင် ရှိတာပဲဟု စိတ်ဖြေရ၏။

လွန်ခဲ့သည့်ခြောက်နှစ်။ မေ ၂ ရက်က ကိစ္စတစ်ခုဖြင့် ရန်ကုန်သို့ ကျွန်တော်နေ့ချင်းပြန်သွားခဲ့သည်။ ဒလဆိပ်ကမ်းရောက်တော့ ဟိုဘက်ကမ်းကူးသည့် အစိုးရကူးတို့သင်္ဘောမရှိ။ ဆိပ်ခံဗောကြီးများပင်မရှိ။ အကျိုးအကြောင်းစုံ စမ်းကြည့်တော့ သည်နေ့မုန်တိုင်းရှိ၍ ကူးတို့သင်္ဘောမထွက်ဟုသိရသည်။ လူတွေကတော့ အေးအေးဆေးဆေးပင်။ အစိုးရကူးတို့ မရှိတော့ စက်သမ္ဗန်ကလေးများဖြင့် ကူးကြသည်။ ကျွန်တော်လည်း ရန်ကုန်ဘက်ကမ်းကို အများနည်းတူ စက်သမ္ဗန်ကလေးများဖြင့်ကူးသည်။ ခါတိုင်းထက်ပင် ပိုတည်ငြိမ်နေသေးသည်ဟုထင်မိ၏။ အပြန်တွင်လည်း စက်သမ္ဗန်ကလေးဖြင့်ပင် ပြန်ကူးခဲ့၏။ မုန်တိုင်းရှိမှန်း သိသော်လည်း ရင်ထဲမှာစိုးရိမ်ထိတ်လန့်မှု စိုးစဉ်းမျှမဖြစ်ခဲ့ပါ။ အစိုးရကပြည်သူကိုသာ မုန်တိုင်း၏ပြင်းအား မည်မျှရှိနိုင်သည်။ မည်သို့အန္တရာယ်ရှိနိုင်သည်။ မည်သည့်အရာများ ကြိုတင် ဆောင်ရွက်ထားသင့်သည် စသည်ဖြင့် အသိပေးခြင်းမရှိသော်လည်း သူတို့၏ကူးတို့ပြေးဆွဲခြင်းလုပ်ငန်းကိုတော့ ရပ်နားထား၏။

ကျွန်တော်တို့ ပြည်သူတွေကတော့ မုန်တိုင်းနှင့်ပတ်သက်သည့် ဗဟုသုတလည်းမရှိ။ အတွေ့အကြုံလည်းမရှိ။ ရေဒီယို နှင့် ရုပ်မြင်သံကြားက ကြေညာပေးနေသည့် အဝါရောင်၊ အနီရောင်ဆိုတာတွေလည်း နားမလည်တော့ ခပ်အေးအေးပဲပေါ့။ တကယ်ဆိုလျှင် ကျွန်တော်တို့ ဖျာပုံ၊ ဒေးဒရဲ၊ ကွမ်းခြံကုန်းမြို့များသို့မေ ၂ ရက် ည ၉ နာရီကျော်မှ မုန်တိုင်းက လေတဖြူးဖြူးနှင့် စဝင်ခြင်းဖြစ်၏။ ည ၁၀ နာရီကျော်၊ ၁၁ နာရီကျော်မှ တဖြည်းဖြည်းကြမ်းလာပြီး မေ ၃ ရက် မနက်၂ ချက်တီးကျော်မှ ဝုန်းဒိုင်းကြဲခြင်းဖြစ်သည်။ ဟိုင်းကြီးကျွန်းကို မုန်တိုင်းဝင်တာက မေ ၂ ရက် မနက် ၅ နာရီ။ လပွတ္တာ၊ ဘိုကလေးကိုဝင်တော့ မနက်၁၀ နာရီဝန်းကျင်။ အစိုးရကသာ အပျက်အစီး၊ အဆုံးအရှုံး ဖြစ်နိုင်ခြေများနှင့် ကြိုတင်ရှောင်ရှားကြရန် နှိုးဆော်ပေးချင်လျှင် မေ ၂ ရက်နေ့ တစ်နေ့လုံး အချိန်ရပါသည်။

ဤသို့သာ နှိုးဆော်ပေးလျှင် ကျွန်တော်လည်း မေ ၂ ရက်ကျမှ အရေးပေါ်ထပြီး ခရီးသွားဖြစ်မည် မဟုတ်။ အခြားသူများလည်း ခရီးသွားမည့်အစီအစဉ်ရှိလျှင်ပင် ဖျက်လိုက်ကြမည်ဖြစ်သည်။ ယခု တော့ လပွတ္တာ၊ ဘိုကလေးဘက်မှာ နာဂစ်က ဖျက်အားပြင်းပြင်း နှင့် ဝင်ရောက်မွှေနှောက်တိုက်ခတ်နေချိန်မှာပင် ကျွန်တော်တို့ ဆီက ပြည်သူများက ရေလမ်းခရီး သွားနေကြဆဲဖြစ်၏။ မြေတိုင်းစာရေးလေးတစ်ယောက်ဆိုလျှင် ထိုနေ့ နံနက် ၁၀ နာရီလောက်ကမှ သူတာဝန်ကျရာ ပင်လယ်ပိုင်းက ရွာကလေးဆီ ဆင်းသွားသည်။ ရွာကနေ ထာဝရပြန်တက်မလာ နိုင်တော့။ ဆယ်တန်းဖြေထားသည့် တပည့်လေးတစ်ယောက်ဆိုလျှင်လည်း မြို့မှာ ကွန်ပျူတာသင်တန်းတက်နေရာမှ သူ့ရွာကို ထိုနေ့ကမှ ခဏပြန်သွားသည်။ သူ့မိသားစုက သင်္ဂြိုဟ်ခွင့်ပင်မရလိုက်။ မြို့ပေါ်ရပ်ကွက်တစ်ခုမှ မိသားစုတစ်စုသည်လည်း ထိုနေ့ကမှ အဘိုး၊ အဘွားများရှိရာရွာသို့ အလည်သွားကြ၏။ မိသားစုတစ်စုလုံး ပျောက်သွားသည်။

နာဂစ်နှင့်ပတ်သက်ပြီး အမှတ်ရစရာ၊ ကြေကွဲစရာတွေက အပုံအပင်။ ရေတွင်းကုန်း၊ သံဒိတ်ဘက်မှ မိန်းမတစ်ယောက် က ရေတွေဒလဟောတက်၊ လေတွေတရကြမ်းတိုက်နေချိန်မှာ တိုင်တစ်လုံးကို အမိအရဖက် တွယ်ပြီး ကလေးမွေးဖွားရသည်။ သူနာပြုမရှိ၊ လက်သည်မရှိ၊ ဝိုင်းဝန်းအားပေးမည့်သူမရှိ။ ရေထဲမှာ သူတစ်ယောက်တည်း။ လက်တစ်ဖက်က တိုင်ကိုဖက်တွယ်ထားရင်း ဗိုက်ထဲက ထွက်ကျလာသည့်ကလေးကို အခြားလက်တစ်ဖက်ဖြင့် ရေထဲမှာ ရမ်းသန်းဖမ်းဆွဲလိုက်သည်။ ကံအားလျော်စွာ ကလေး၏ ခြေတစ်ဖက်ကို ဆွဲမိလျက်သားဖြစ်နေသည်။ လူ့ပြည် မှာနေဖို့ ဇာတာပါလာတော့ သည်လောက် အသည်းအသန်ကြားမှာ မွေးသည့်ကလေးက မသေ။ ယောက်ျားကလေးမို့ မောင်နာဂစ်ဟု အရပ်က အမည်ပေးထားသည်။ ယခုဆို သူလည်း ခြောက်နှစ်သားရှိပေပြီ။ ဒါက အမှတ်ရစရာ။

ကြေကွဲစရာက ရွာတစ်ရွာမှ ကျောင်းဆရာမိသားစု၏ အဖြစ်သနစ်ဖြစ်သည်။ လေတွေတိုက်၊ ရေတွေတက်လာတော့ သူတို့အိမ်ထက်ပိုပြီး လုံခြုံစိတ်ချရမည့် ရွာဦးကျောင်းကို သွားမည်ဟု မိသားစုလိုက် အိမ်ပေါ်က ဆင်းကြသည်။ ရေကခါးလယ်သာသာရောက်နေပြီ။ ဆက်၍လည်း တရိပ်ရိပ်တက်နေသည်။ အိမ်နှင့် စပါးစည်ကြားကဖြတ်ပြီး ရွာလမ်းပေါ် သွားကြသည်။ ကလေးနှစ်ယောက်ကို လင်မယား နှစ်ယောက် တစ်ယောက်စီချီလို့။ ယောက်ျားက ရှေ့က၊ မိန်းမက နောက်က။ ယောက်ျားဖြစ်သူ အိမ်နှင့်စည်ကြားက လွတ်သွားချိန်မှာ လေဒဏ်၊ ရေဒဏ်ကြောင့် စည်က အိမ်ဘက်ကိုယိုင်သွားပြီး မိန်းမဖြစ်သူညပ်နေသည်။ ကလေးပါညပ်မသွားတာဘဲ ကံကောင်းသည်ဆိုရမည်။ ကလေးကို ယောက်ျားဆီပေးပြီး ကြိုးစားရုန်းထွက်သည်။ မရ။ ယောက်ျားမှာလည်း ကလေးနှစ်ယောက်ကို ပွေ့ချီထားရသဖြင့် မိန်းမကိုကူပြီး ဆွဲထုတ်မပေးနိုင်။ အနီးအပါးမှာလည်း ဘယ်သူမှမရှိ။ ရေကလည်း တဖြည်းဖြည်းတက်နေပြီ။ နောက်ဆုံးမိန်းမက ‘‘ကလေးနှစ်ယောက်ကို ခေါ်ပြီးသွားပါတော့။ အကုန်သေကုန်လိမ့်မယ်’’ဟု အော်ဟစ်တောင်းပန်သဖြင့် ကလေးနှစ်ယောက်ကိုငဲ့ပြီး ယောက်ျားဖြစ်သူမှာ ကြေကွဲဆို့နင့်စွာဖြင့် မိန်းမကိုထားပစ်ခဲ့ရသည်။

 ‘‘ကျုပ်ဗျာ။ ကလေးနှစ် ယောက်ရှိနေလို့သာ။ နာဂစ်ပြီးခါစကများ ကျုပ်ကိုကျုပ်သတ်သေဖို့ ခဏခဏစဉ်းစားဖူးတယ်’’ ဟု ထိုကျောင်းဆရာက နောင်အခါ ပြန်ပြောင်းပြောပြပါသည်။

နာဂစ်မုန်တိုင်းတိုက်ပြီး ငါးရက်ကြာသည်အထိ ဘယ်တာဝန်ရှိသူမှ ရောက်မလာ။ ရပ်ကွက် တွေ၊ လမ်းတွေပေါ် ပိတ်ဆို့နေသော သစ်ပင်တွေ၊ အုန်းပင်တွေ၊ ဓာတ်တိုင်တွေကို ကျွန်တော်တို့ ပြည်သူတွေက ကိုယ့်အစီအစဉ် နှင့်ကိုယ် ဖယ်ရှားရှင်းလင်းရသည်။ နာဂစ်တိုက်ပြီး နှစ်ရက်အကြာ မေ ၄ ရက်မှာ ကျွန်တော်တို့ ရပ်ကွက် ချောင်ကြိုချောင်ကြားကို ပထမဆုံးရောက်လာသည်က ဩစတြေးလျနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်တစ်ဦး။ ရပ်ကွက်ဆယ်အိမ်မှူးက ကျွန်တော့်ဆီခေါ်လာ၍ ခဏတွေ့လိုက်ရသည်။ သူတို့ကားကို ကွမ်းခြံကုန်း မရောက်မီ ဒေးဒနောမှာထားခဲ့ပြီး သည်ဘက်ကို ဆိုင်ကယ်ကယ်ရီဖြင့် လာခဲ့ခြင်းဖြစ်၏။ သူနှင့်အတူ ဂိုက်တစ်ယောက်ပါလာသည်။ ၁၂ မိုင်လောက်ရှိမည့်ခရီးကို ကယ်ရီခ တစ်ယောက်တစ်သောင်းခွဲပေးခဲ့ရသည်ဆို၏။ ဖုန်းတွေ၊ ကင်မရာတွေကို ဒလမှာ လုံခြုံရေးက သိမ်းထားလိုက်သဖြင့် သူသိချင်တာတွေမေးပြီး စာဖြင့်ရေးမှတ်သွားလေ၏။ နာဂစ်တိုက်ပြီး ခြောက်ရက်ကြာမှ မြို့ထဲမှာ အစိမ်းရောင် ယူနီဖောင်းဝတ်တွေ နေရာအနှံ့တွေ့ရသည်။ ပြည်သူတွေရှင်းလင်းပြီးသည့် အကြွင်းအကျန်တွေကို လိုက်ရှင်းနေကြ၏။

နာဂစ်ပြီးခါစမှာ အစားအသောက်ဈေးတွေက အဆမတန် ကြီးမြင့်လာသည့်အပြင် အလွယ်တကူဝယ်၍လည်းမရ။ သည်အထဲ ကျွန်တော်တို့ရပ်ကွက်က အနိမ့်ပိုင်းဆိုတော့ တော်တော် နှင့် ရေပြန်မကျသဖြင့် နှစ်ရက်လုံးလုံး ထမင်းချက်မရဘဲ အုန်းသီးချည်း ခွဲစားခဲ့ရသည်။ အိမ်ဆောက် ပစ္စည်းတွေကလည်း သွပ်တစ်ပေ ၁,၂၀၀၊ သံတစ် ပိဿာ ၄,၀၀၀၊ သစ်က အင်သားတောင် ရှစ်သိန်းဈေးဆိုတော့ ၂၀၀၈ ခုနှစ် တစ်နှစ်လုံး မိုးကာ အပြာစကြီးမိုးပြီး နေခဲ့ရသည်။ သည်အထဲ နာဂစ်ပြီးလို့ တစ်လတောင်မပြည့်ခင် အချို့ဒုက္ခသည်စခန်းမှာပဲ ရှိကြသေးသည်။ အိမ်ပြန်မဆောက်နိုင်ကြသေး။ အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကို အတင်း ကတိုက်ကရိုက်၊ ဖုတ်ပူမီးတိုက်လုပ်သည်။ ဘယ်သူမှ သွားမပေးချင်ကြ။ ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေက အိမ်အထိလိုက်ခေါ်သည်။ တစ်အိမ်ကို တစ်ယောက်လိုက်ခဲ့လျှင် ရပါသည်ဟုဆို၏။ ကျွန်တော်ကတော့ ‘မင်းတို့ပေးချင်သလိုသာ ပေးလိုက်’ဟုပဲ ပြောလိုက်သည်။ ကိုယ်ကန့်ကွက်လည်း ဒါကြီးက အတည်ဖြစ်မည်ဆိုတာ သိနေမှတော့ ခြေညောင်းမခံတော့ဘူးဟုပဲ သဘောထားလိုက်၏။

ခုတော့ နာဂစ်ပေးခဲ့သည့် ဒုက္ခတွေက နှစ်ကာလကြာလာသည်နှင့်အမျှ တဖြည်းဖြည်းလျော့ပါးသွားခဲ့ပြီဖြစ်သည်။ နာဂစ်ထဲမှာ မွေးခဲ့သည့် မောင်နာဂစ်ကလေးပင် ယခုနှစ်ကျောင်းဖွင့်လျှင် ပထမတန်းတက်တော့မည်။ ဇနီးဆုံးပါးသွားသည့် ကျောင်းဆရာ၏ ကလေးတွေပင် အရွယ်ရောက်ကုန်ကြပြီ။ နာဂစ်၏ ဖွားဖက်တော် အခြေခံဥပဒေကြီးကတော့ နာဂစ်ဒေသတွင်သာမက တစ်ပြည်လုံးကို နှိပ်စက်၍ကောင်းဆဲဖြစ်၏။ တပြည်လုံးက ပြင်ဆင်ပေးဖို့ ဝိုင်းအော်နေတာတောင် သူ့ကိုမပြောသလိုမတုန်မလှုပ်။ သြော်.. နာဂစ်ထက်ပင် ဆိုးရွားလှချေတကား။  

7day daily