ပါပူအာနယူးဂီနီတွင် မိကျောင်းဆွဲခံရသဖြင့် ကလေးတစ်ဦးသေဆုံး
ပို့စ်တင်ချိန်
- 5/16/2014 02:30:00 AM
ပါပူအာ နယူးဂီနီတွင် မိကျောင်းဆွဲခံရသဖြင့် အသက်(၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ မီလက်စ်မီရိုဆိုသော ကလေးငယ်သည် မိဘများနှင့်အတူ ငါးမျှားနေစဉ် ဆီလူရာမြစ်ကမ်းပါး၌ မိကျောင်းဆွဲ ခံခဲ့ရခြင်း ဖြစ်သည်။ အရှည်(၄)မီတာမျှရှိသည့် မိကျောင်းကြီးသည် မိဘနှစ်ပါးရှေ့တွင်ပင် ၎င်းတို့၏ သားငယ်ကို ဆွဲချသွားခြင်း ဖြစ်သည်။ အင်္ဂါနေ့က ကလေးငယ် မိကျောင်းဆွဲခံရပြီးနောက် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့သည် နိုင်ငံတောင်ပိုင်းရှိ အခင်းဖြစ်ရာ နေရာတစ်ဝိုက်တွင် ဖြန့်ကျက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။
နောက်ဆုံးတွင်မူ မီလက်စ်၏ အပိုင်းပိုင်း အစစ ဖြစ်နေသော အလောင်းကို ပြန်လည်ရရှိခဲ့သလို မိကျောင်းကြီးကိုလည်း သုတ်သင်နိုင်ခဲ့သည်။ ရဲအရာရှိ လင်ကွန်းဂီရာရီက National သတင်းစာနှင့် တွေ့ဆုံရာတွင် “မိကျောင်းက ကလေးကို အမြီးနဲ့ ရိုက်ချသွားတာပဲ။ ပြီးတော့မှ အကူအညီ မဲ့နေတဲ့ ကောင်လေးကို ဆွဲချသွားခဲ့တာပါ”ဟု သတင်းထောက်များထံ ပြောကြားခဲ့သည်။ ရဲများသည် လူသားစား မိကျောင်းကြီးအား ပစ်သတ်ပြီးချိန်တွင် ၎င်း၏ ဝမ်းဗိုက်ကို ခွဲစိတ်ခဲ့ရာ ကလေးငယ်၏ ခြေလက် အပိုင်းအစများကို ပြန်လည်ရရှိခဲ့သည်။
များမကြာမီ ကလေး၏ ဦးခေါင်းကို မြစ်ကမ်းတစ်နေရာတွင် သိမ်းဆည်းရရှိပြီး ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ရသည်။ ယခုနှစ် အစောပိုင်းကလည်း ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ အဆိုပါ ကျွန်းနိုင်ငံလေးတွင် ရေငန်မိကျောင်းတစ်ကောင် ဆွဲသွားသဖြင့် လူတစ်ဦး သေဆုံးခဲ့သေးသည်။ ဩစတြေးလျနှင့် ပါပူအာ နယူးဂီနီတို့သည် ကမ္ဘာပေါ်တွင် ရေငန်မိကျောင်း အရေအတွက် အထူပြောဆုံး ကျက်စားနေထိုင်ရာ နိုင်ငံများအဖြစ်လည်း သတ်မှတ်ခံထားရသည်။
Planet Myanmar Network