သိမ်းဆည်းခံ လယ်မြေများ အတွက် တစ်ဧကလျှင် အနိမ့်ဆုံး ကျပ် သိန်း (၈၀) လျော်ကြေး ပေးအပ်

ပို့စ်တင်ချိန် - 5/21/2014 02:38:00 AM


ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာ မြို့နယ်၊ အနော်ရထာ စက်မှုဇုန် အပိုင်း (၂) မှ သိမ်းဆည်းခံ လယ်ယာမြေများ အတွက် လျော်ကြေးငွေ အဖြစ် တစ်ဧကလျှင် အနိမ့်ဆုံး ကျပ်သိန်း (၈၀) မှ သိန်း (၁၀၀) အထိပေး အပ်ခဲ့သည်။ အဆိုပါ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က တောင်ဥက္ကလာပ မြို့နယ်ရှိ လွှတ်တော် ကိုယ်စားလှယ် ရုံးတွင် ကျင်းပခဲ့ပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၊ ဦးအောင်သိန်းလင်းနှင့် ဒေါ်ခင်ဝိုင်းကြည် တို့က အသိသက်သေ အဖြစ် လက်မှတ်ရေးထိုး ပေးအပ် ခဲ့သည်။ ““ဒီမြေတွေအတွက် လျော်ကြေး အဖြစ် ၀ါဝါ၀င်း ကုမ္ပဏီက တစ်ဆင့် ၀ယ်ထားတဲ့ လုပ်ငန်းရှင် တွေက ပြန်ပေးတာ၊ လယ်သမား တွေကအစက မြေပြန်တောင်းတယ်၊ ဒါပေမဲ့ စီမံကိန်း နယ်မြေဖြစ်တဲ့ အတွက် မြေပြန်ပေးလို့ မရဘူး။ ဒါကြောင့် လျော်ကြေးငွေ ပဲပေးရတာ””ဟု လယ်သမားအရေး ဆောင်ရွက်သူ ကိုကြည်ရွှင် ကပြောသည်။
ယင်းလယ်ယာမြေ များအား မြို့ပြအိမ်ရာ စီမံကိန်းနှင့် စက်ရုံအလုပ်ရုံ တည်ဆောက်ရေး လုပ်ငန်းများ အတွက် ၁၉၈၉ ခုနှစ်တွင် သိမ်းဆည်းခဲ့ပြီး၊ လုပ်ငန်းလုပ်ကိုင်မှု မရှိဘဲ ထားခြင်းကြောင့် လယ်သမားများမှ လယ်ယာမြေ ဥပဒေပါ အချက်များအရ ပြန်လည် တောင်းဆိုခဲ့ရာ ယခုကဲ့သို့ ပေးအပ်ခြင်းဖြစ် ကြောင်း ၎င်းက ဆက်ပြောသည်။
““သူတို့နဲ့ညှိတာ နှစ်နှစ်လောက်ရှိပြီ အဆင်မပြေခဲ့ဘူး။ အခက်အခဲ ကတော့ ကျွန်တော်တို့ ဘက်မှာလည်း အများကြီးပဲ။ ကော်မရှင် ၀င်လာပြီး နောက်ပိုင်းမှာမှ ကျွန်တော်တို့ ညှိနှိုင်းမှုက တော်တော်လေး အဆင်ပြေသွားတယ်””ဟု လျော်ကြေးငွေ ပေးအပ်ရာတွင် လုပ်ငန်းရှင်များ အစား ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်သူ ကိုမျိုးမင်းလတ် ကပြောသည်။
ယင်းကဲ့သို့ လျော်ကြေးငွေများ ပေးအပ် သော်လည်း လုပ်ကိုင် စားသောက်ရန် လယ်ယာမြေများ ပြန်လည် မရရှိသောကြောင့် စားဝတ်နေရေးအတွက် အခက်အခဲ ရှိနိုင်ကြောင်း လယ်သမားများ ကဆိုသည်။
““လျော်ကြေး ပဲပြန်ရတော့ ကျွန်တော် တို့အတွက် အခက်အခဲတွေ ဖြစ်တာပေါ့။ ဒီ မြေပေါ်မှာ လုပ်ကိုင်လာတာ လည်းကြာပြီလေ၊ ဒါပေမဲ့လည်း ကော်မရှင်ရဲ့လုပ်ဆောင်ချက် အရ ဒီလိုရတာ ဖြစ်တဲ့အတွက် အဆင်တော့ ပြေပါတယ်””ဟု လျော်ကြေးငွေ လက်ခံသူ လယ်ယာမြေ (၈ ဒသမ ၀၈) ဧက ပိုင်ဆိုင်သူ ဦးဝင်း ဌေးကပြောသည်။ အဆိုပါ လျော်ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားတွင် မူလလယ်ယာမြေ ပိုင်ဆိုင်သူ လယ်သမား ငါးဦးအတွက် စုစုပေါင်း ငွေကျပ် (၈၇၄၄၀၀၀၀) ကို ပေးအပ်ခဲ့သည်။

Messenger News Journal