ကိုကြွက်ကျော် တာရွှေပြီလား
ပို့စ်တင်ချိန်
- 5/18/2014 03:09:00 PM
ရွှေသီးရေ…တစ်နေ့ အမေက ငါ့ကိုဇာတ် လမ်းတစ်ခု ပြော ပြတယ်။ သူတို့ရွာက ကိုကြွက်ကျော်ဆိုတဲ့ လူအကြောင်း။ အဲဒီတုန်းက အမေတို့က ငယ်သေးတော့ သူတို့ထက်ကြီးတဲ့ ကိုကြွက်ကျော်အကြောင်းကို ခုထိ ကြုံတိုင်း ပြန်ပြောနေတုန်း။ သူက ရွာမှာ အပြေးသမားကွ။ တစ်ရွာလုံး ဘယ်သူနဲ့ပန်းပြေးပြေး ကိုကြွက်ကျော်ကို ယှဉ်နိုင်တဲ့သူ မရှိဘူး။ ဒါကြောင့်လည်း ရွာမှာရော၊ ရွာနီး ချုပ်စပ်မှာပါ အကြောပေးပြီး ပြိုင်ရင်တောင် သူနဲ့ပန်းပြိုင် ပြေးဝံ့တဲ့လူ မရှိဘူးတဲ့။ တစ်နေ့တော့ ရွာကလူတစ်ယောက် မြို့တက်ရင်း မြို့မှာသူတို့ရွာက ကိုကြွက်ကျော်အကြောင်း ကြွားပါ လေရော။ မြို့ကလူတွေကလည်း ‘‘ဟာဒီလောက်တော့လည်း ပိုလွန်းပါတယ်ကွာ ’’ ဆိုပြီး ကိုကြွက်ကျော်နဲ့ လောင်းကြေးထပ် ပြိုင်ပြေးဖို့ မြို့က အပြေးသမား တစ်ယောက် ရှာလာတယ်တဲ့။ ရွာတစ်ရွာလုံး ရှိသမျှ လှည်းနွားတွေကအစ ပေါင်နှံပြီး ကိုကြွက်ကျော်ဘက် ပုံအောလိုက်ကြတာပေါ့။ တာစထွက်ပြီ ဆိုတာနဲ့ မြန် လိုက်တဲ့ ကိုကြွက်ကျော်။ မြို့က အပြေးသမားကို အပြတ်ဖြတ်ပြီး ပြေးလိုက်တာ ကွင်းလယ် ဘယ် လို ရောက်သွားမှန်းတောင် မသိ ဘူးတဲ့။ တစ်ရွာလုံး လက်ခေါက် တွေ မှုတ်ကြ၊ အော်ကြဟစ်ကြ နဲ့ပေါ့။ ပြေးရင်းပြေးရင်း ရုတ်တ ရက် ဘာဖြစ်သွားမှန်းကို မသိဘဲ ပန်းတိုင်ကို ပြေးနေတဲ့ ကိုကြွက် ကျော်က ညာဘက်ကို ချိုးချ လိုက်ပြီး ပြေးပါလေရောတဲ့။ တစ်ရွာလုံး ဟင်ခနဲ ဟာခနဲဖြစ် သွားပြီး ‘‘ကြွက်ကျော် တာရွှေ ပြီကွ’’ လို့ ထအော်ကြသတဲ့။ တာရွှေတယ်ဆိုတာ အမေတို့ရွာရဲ့ ဒေသိယစကား။ ပန်းတိုင် ကနေ သွေသွားတာကို ပြောတာ။ ကိုကြွက်ကျော် တာရွှေတဲ့အ မှုက တစ်ရွာလုံးကို ပြုတ်ပြုတ်ပြုန်း တော့တာပဲတဲ့။
ငါဒီဇာတ်လမ်းလေးကို ဘာ လို့ ပြန်သတိရတာလဲဆိုရင် ဒီ ရက်ပိုင်း မန္တလေးမှာလုပ်တဲ့ အ ခမ်းအနားတစ်ခုမှာ သမ္မတကြီး က တိုင်းပြည်ဆူဆူပူပူ ဖြစ်မှာကို စိုးရိမ်ကြောင်း ပြောတယ်ဆိုတာ ကို ကြားရလို့ပဲ။ အေးပေါ့…သမ္မ တကြီးလည်း စိုးရိမ်မှာပေါ့။ သူ အုပ်ချုပ်နေတဲ့ တိုင်းပြည်ကြီး ဆူ ဆူပူပူဖြစ်တယ်ဆိုရင် အာဆီယံ ဥက္ကဋ္ဌကြီးဖြစ်ပြီး ဒါလေးတောင် ငြိမ်အောင် မထိန်းနိုင်ဘူးလားဆို ပြီး အဆူခံနေရရင် ခံနေရမှာ။ ဒါ ကြောင့် သမ္မတကြီးခမျာ နိုင်ငံကို ချစ်တဲ့ ရဟန်းရှင်လူပြည်သူများ ၀ိုင်းဝန်းကာကွယ်ဖို့ လိုအပ် ကြောင်း ပြည်သူလူထုကိုပါထည့် ပြီး အပါခေါ်သွားရှာသေးတယ်။
သမ္မတကြီးစိုးရိမ်တာက အ ခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ရွေး ကောက်ပွဲကျင်းပရေးဆိုတာတွေ ကို ဇောင်းပေးပြီး ပြောသွားတယ်။ အင်း…ပြောမယ့်သာ ပြောတာ သမ္မတကြီး ဘာအတွက်ကြောင့် စိုးရိမ်တယ်ဆိုတာကို ငါတော့ သ ဘောမပေါက်ဘူး။ အခြေခံဥပဒေ ပြင်ဖို့ သမ္မတကြီး အပါအ၀င် အ စိုးရက လိုလိုလားလားရှိရဲ့လား။ လွှတ်တော်ကလည်း ဟန်ရေးပြ နေပြီး နောက်ဆုံးတပ်မတော် သား ၂၅ ရာခိုင်နှုန်းနဲ့ပဲ အဆုံး သတ်ကိန်း ဖြစ်နေ၊ နောက်ဆုံးပြည်သူ့တပ်မတော်ကြီးက အလွတ်ကျက်ထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကာကွယ်စောင့်ရှောက်ရေး ဆိုတာနဲ့ပဲ တည့်တည့်တိုးမှာမို့ အင်န်အယ်လ်ဒီနဲ့ ၈၈ မျိုးဆက်တို့ ပေါင်းပြီး လွှတ်တော်ပြင်ပ လူထုဆန္ဒခံယူပွဲတွေလုပ်ပြီး ပုဒ်မ ၄၃၆ ပြင်ဖို့ ကြိုးစားနေတာကိုများ သမ္မတကြီး ရည်ညွှန်းလေသလား။ တကယ့်တကယ် အစိုးရကိုယ်တိုင် အခြေခံဥပဒေပြင်ဆင်ဖို့လိုလားရင် အခြေခံဥပဒေကိစ္စဟာ အေးအေးဆေးဆေး သက်သောင့်သက်သာနဲ့ ပြီးသွားမယ့်ကိစ္စ မဟုတ်လား။ ခေတ်အဆက်ဆက် ကြုံခဲ့ရတဲ့ အခြေခံဥပဒေတွေ ဆိုပဲကြည့်။ လိုလားတဲ့ အချိန်တုန်းက ခေါင်းပေါ်တင်ဖူးဖူးမှုတ်ထားပြီး မလိုတဲ့နေ့လည်းကျရော တစ်ရက်တည်းနဲ့ စက္ကူစုတ်ဖြစ်သွားခဲ့ရတာပဲလေ။ ငါတစ်ခုတော့ နားမ လည်ဘူးရွှေသီးရ။ အခြေခံဥပဒေ ပြင်ဖို့ အခြေခံဥပဒေဘောင်ထဲက ပဲ စဉ်းစားရမယ်ဆိုတာလေ။ ဒီအ ခြေခံဥပဒေကြီးက ပြင်ဖို့လိုတယ် ဆိုတာ အားလုံးလက်ခံထားပြီးပြီ ပဲ။ ပြင်ဖို့လိုတယ်ဆိုကတည်းက မပြည့်စုံလို့ပေါ့။ အဲဒီမပြည့်စုံတဲ့ အခြေခံဥပဒေ ဘောင်ထဲက စဉ်း စားရမယ်ဆိုမှတော့ ဘယ်လိုလာ ပြည့်စုံတဲ့ အဖြေကို ရမှာလဲ။
နောက်ရွေးကောက်ပွဲကိစ္စ လည်းကြည့်။ သမ္မတကြီးက တ ရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပ နိုင်ရေးလို့ ပြောတယ်။ သမ္မတ ကြီးရဲ့ တပည့်ကြီးခမျာ သူကော် မရှင်ဥက္ကဋ္ဌဖြစ်နေချိန်လေး သန့် ရှင်းမျှတတဲ့ ရွေးကောက်ပွဲမဖြစ် မှာစိုးလို့ ရှိစုမဲ့စု အကြံဉာဏ်လေး နဲ့ မြန်မာ့နည်းမြန်မာ့ဟန် ရွေး ကောက်ပွဲ စည်းမျဉ်းတွေ ထုတ်ဖို့ ကြိုးစားနေရရှာတယ်။ ဒီအချိန်မှာ ပါတီတွေကို ထိန်းချုပ်ဖို့လိုလို့ ထိန်းချုပ်နေရတာလို့လည်း ပြော သေးဆိုပဲ။ သူ့မျက်စိထဲမှာတော့ ဟုတ်မှာပေါ့။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲလေး လုပ်ပေးပါ တယ်။ ရွေးကောက်ပွဲလေး နိုင် တာများ အောင်ပွဲခံနေလိုက်ကြ တာ။ ရှေ့က မဲအပြတ်အသတ်နိုင် ဖူးတဲ့ လူကိုမှ အားမနာတာကိုး။ ဟိုတစ်ချိန် ဒီမိုကရေစီလိုလားသူ တွေ ပုန်းကွယ်နေရ၊ ပြေးလွှားနေ ရချိန်မှာ အဖြူနဲ့အစိမ်းတွေ၊ အ၀ါ အစိမ်းတွေ ကြက်ပျံမကျ စည်း ကားခဲ့တာတွေ ပြန်မြင်ရင်း ဟတ် ထိသွားပုံရပါတယ်။
ရွှေသီးရေ… သမ္မတကြီးပူချင်လို့ပူနေတာ တကယ်တော့ဘာမှကို လှည့်ကြည့်စရာမှမလိုတာ။ အစိုးရ အဖွဲ့ထဲမှာလည်း စိတ်ချရပြီးသား။ ၀န်ကြီးတွေ ပြောချင်တာပြော၊ လုပ်ချင်တာလုပ် အချိန်တန်ရင် တစ်လတစ်ခါ မိဘပြည်သူများခင်ဗျာလို့ သမ္မတကြီးထွက်ပြော လိုက်ရင်ပြီးသွားတာပဲ မှုတ်လား။ လွှတ်တော်ဘက်ကလည်း အေးဆေး၊ အစိုးရနဲ့ ရန်ဖြစ်ချင်ဖြစ်မယ်။ ပါတီမူကိုတော့ ကျော်မလုပ်နဲ့။ တပ်မတော်ကလည်း ယပ်ခပ်နေရုံပဲ။ လေးပွင့်ဆိုင်တွေ့ဖို့တောင် အစီအစဉ်မရှိသေးပါဘူးဆိုအခြေခံဥပဒေပြင်ဖို့တော့ စိတ်ကူးထဲတောင်ရှိပုံမပေါ်ဘူး။ သူတို့ဇာတ် သူတို့နိုင်အောင် က နိုင်ပါတယ်။ သမ္မတကြီးနှယ် ပူတတ်ရန်ကော။
ရွှေသီးရေ…သမ္မတကြီးနဲ့ ငါတို့နဲ့ ပူတာချင်း မတူဘူးကွ။ သူပူမယ့်သာပူတာ အခြေခံ ဥပဒေကိစ္စရော၊ ငြိမ်းချမ်းရေးကိစ္စ၊ လယ်ယာမြေကိစ္စ၊ တရားဥပဒေစိုးမိုးရေး၊ အထွေထွေ မကျေနပ်မှုဆိုတာတွေက တိုင်းပြည်ဆူဆူပူပူ ဖြစ်စေနိုင်တဲ့ ယေဘုယျပြဿနာတွေတော့ မှန်တယ်။ ဒီပြဿနာတွေကို ကိုင်တွယ်ပြီး နိုင်ငံရေးအရ ကစားရင်လည်း ရေရှည်အသုံးချဖို့ ခက်ခဲတယ်။ ပြောရရင် အစိုးရတစ်ရပ် အရည်အချင်းပြည့်ဝပြီး စိတ်ထားနဲ့ စေတနာကောင်းရင် ကောင်းသလို ဒီပြဿနာတွေက အနှေးနဲ့အမြန် ဖြေရှင်းလို့ရပါတယ်။ ဒါပေမဲ့ တိုင်းပြည်တစ်ပြည်မှာ လူမျိုးရေး၊ ဘာသာရေးကို အသုံးချဖို့ ကြိုးစားပြီး မီးမွှေးလာပြီဆိုရင်တော့ အဲဒီမီးကို လုံးဝဥဿုံ ပြန်ငြိမ်းအောင် ငြှိမ်းဖို့ အင်မတန်ခက်ခဲပါတယ်။ နိုင်ငံကို တကယ်ချစ်တဲ့လူတိုင်း စိုးရိမ်ပူပန်နေတာက အဲဒီကိစ္စပါ။ သမ္မတကြီးကတော့ ဒီပြဿနာတွေကို ပူပန်တဲ့ပုံ သိပ်မရဘူး။ လူမျိုးရေးဘာသာရေး ပဋိပက္ခတွေဖြစ်တိုင်းမှာ တရားခံဆိုတာ ဝေလာဝေး၊ နောက်ကွယ်ကနေ ကြိုးကိုင်သူဆိုတာမျိုးပဲပြောပြီးဒီမီးကို မျှဉ်းမျှဉ်းလေးများထားလေသလား။
အမျိုးဘာသာ သာသနာဆို တဲ့ စကားလုံးက လူအများစုကြီး ကို အလွယ်ဆုံးနဲ့ အမြန်ဆုံး စည်း ရုံးနိုင်တာမို့ အာဏာရှင်တွေ၊ လူ ပေါ်လူဇော်တွေက မျိုးချစ်စိတ်ဆို တဲ့ စကားလုံးမြားနဲ့ ဖလှယ်ပြီး ပစ်ကြတယ်။ ဒီမြားက ပစ်မလွဲပဲ လေ။ ဒီမြားမှန်မိပြီဆိုတာနဲ့ ကျန် တာတွေကို ဘာမှမမြင်တော့ဘဲ အမုန်းတွေ၊ အာဃာတတွေ၊ သံ သယတွေနဲ့ပဲ တိုင်းပြည်ကို မျိုး ဆက်အဆက်ဆက် ဒုက္ခနွံထဲ တွန်းပို့ကြတော့တာပဲ။ ကိုယ့်ကို မထောက်ခံသူ၊ ဝေဖန်သူမှန်သမျှ အမျိုးသားရေး သစ္စာဖောက်ဆိုပြီး ရန်သူတော် စာရင်းသွင်းကြတော့ တာပဲ။ များသောအားဖြင့် တစ် ကမ္ဘာလုံးမှာ ပညာတတ်တွေ၊ ဒီမို ကရေစီနဲ့လူအခွင့်အရေး လိုလား သူတွေဟာ အဲဒီစာရင်းထဲ သွင်းခံ ရတတ်တယ်။ တို့သမ္မတကြီးကတော့ မျိုးချစ်စိတ်မရှိသူ၊ အ မျိုးသားရေး သစ္စာဖောက်ဆိုတဲ့ စကားထက် သာသနာပြုမင်းကြီး ဆိုတာကို ပိုနှစ်သက်ပုံရတယ် နော်။ မျိုးစောင့်ဥပဒေပြဋ္ဌာန်းပေး ဖို့ ကြိုးစားတာပဲကြည့်။ မိဘပြည်သူများခင်ဗျာဆိုပြီး မိဘပြည်သူများယုံလို့ ပုံသမျှကိုကြွက်ကျော်လိုများတာရွှေသွားရင်တော့ တစ်နိုင်ငံလုံး လောင်းကြေးရှုံးပြီပေါ့။ ရွှေသီးရေ… ငါတော့ ပန်းတိုင်ကိုပဲ မမှိတ်မသုန်နဲ့ ကြည့်နေရတယ်။ အခြေခံဥပဒေကြောင့်၊ ရွေး ကောက်ပွဲကြောင့် စိတ်ပူနေရတဲ့ သမ္မတကြီး ဒီမိုကရေစီပန်းတိုင်က နေ တာရွှေသွားရင် အမေတို့ရွာ မှာ နှစ်လေးငါးခြောက်ဆယ်ထိ ကိုကြွက်ကျော်အကြောင်း ပြော မဆုံးသလို မြန်မာနိုင်ငံမှာလည်း ကို ကြွက်ကျော်တစ်ယောက် တိုးပြန်ပြီပေါ့။ ။
7day daily