ကားလမ်းအတက်တွင် ယာဉ်နောက်ပြန်လိမ့်ကျ၍ သေဆုံး၊ ဒဏ်ရာရ

ပို့စ်တင်ချိန် - 5/03/2014 09:59:00 AM


နေပြည်တော်၊ မေ ၂
၂၀၁၄ ခုနှစ်၊ မေလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကျောက်တံခါးရွာအနီး ပေါက်-ကျောက်ထုကားလမ်းတွင် ပခုက္ကူမှ ကျောက်ထုသို့ မြိုင်မြို့နယ်၊ တောင်ဆုံရွာနေ ကြည်လင်(၂၉)နှစ်မောင်းနှင်လာသော ၂ခ/xxxx “ကျားမင်း” ခရီးသည်တင်မှန်လုံအမြန်ယာဉ်သည် ကားလမ်းအတက်တွင်မတက်နိုင်ဘဲ နောက်ပြန်လိမ့်ကျ၍ ကျောက်ထုမြို့နယ်၊ မင်းကြည်ရွာနေ ယာဉ်နောက်လိုက် ကျော်ဟိန်း(၃၁)နှစ်မှ ဂျမ်းတုံးခုသော်လည်းမရဘဲ ကားလမ်းယာဘက် ပေ ၂၀၀ ခန့်နက်သောချောက်ထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။ ထိုသို့တိမ်းမှောက်မှုကြောင့် ကြည်လင်တွင် ဦးခေါင်းကြေမွဒဏ်ရာနှင့် ကျောက်ထုမြို့နယ်၊ နှောရွာနေ လှိုင်မင်းထွေး(၁၄)နှစ်၌ ဦးခေါင်းပြတ်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး တစ်ရွာတည်းနေ မ၀င်းလှ(၅၀)နှစ်တွင် ဦးခေါင်းထိပ်ပေါက်ပြဲ၊ ၀ဲလက်မောင်းနာကျင်ဒဏ်ရာများရရှိ၍ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်။ ထို့ပြင် ပေါက်မြို့နယ်၊ ကျောက္ကရွာနေ မအိငြိမ်းသူ(၁၅)နှစ်ပါ(၆)ဦးတွင် ၀ဲ/ယာလက်ဖျံပေါက်ပြဲ၊ ၀ဲလက်ပြင်နာကျင်၊ ခါးနာကျင်၊ နံရိုးအောင့်ဒဏ်ရာများ၊ ကျောက်ထုမြို့နယ်နေ ဒေါ်ခင်ဝင်း(၅၄)နှစ်ပါ (၁၅)ဦးတွင် ၀ဲ/ယာလက်မောင်းပေါက်ပြဲ၊ ဦးခေါင်းဖူးရောင်၊ ခါးနာကျင်၊ နံရိုးအောင့်၊ ၀ဲ/ယာလက်ဖျံ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သောကြောင့် ယာဉ်မောင်း ကြည်လင်အား ပေါက်မြို့မရဲစခန်း ယာဉ်(ပ)၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်