ကိုယ်ချင်းစာတရား
ပို့စ်တင်ချိန်
- 5/06/2014 10:13:00 AM
ဘုရားရှင် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးစဉ်ကပေါ့ တစ်နေ့မှာ ပသေနဒီကောသလမင်းကြီးက မလ္လိကာမိဖုရားကို မေးတယ်။ "မလ္လိကာ၊ သင့်မှာ မိမိကိုယ်ကိုထက် ပိုချစ်ရမယ့် တစ်စုံတစ်ယောက်ရှိသေးလား?။ "အရှင်မင်းကြီး ကျွန်မမှာ ကိုယ့်ကိုယ် ကိုထက် ပိုချစ်ရမယ့်သူ မရှိပါ။ ကိုယ့်ကိုယ်ကိုသာလျှင် အချစ်ဆုံးပါ။ အရှင်မင်းကြီးမှာရော ရှိလား? မလ္လိကာ၊ ငါ့မှာလည်း မရှိပါဘူး။ ကိုယ့်ကိုယ်ကိုပဲ အချစ်ဆုံးပါ။"
နောက်နေ့ ဘုရားထံရောက်တော့ ဘုရားရှင်အား မင်းကြီးနဲ့ မလ္လိကာ အပြန်အလှန်ထိုသို့ ပြောခဲ့တဲ့အကြောင်း လျှောက်ပါ တယ်။
အဲဒီအခါမှာ မြတ်စွာဘုရားရှင်က "အလုံးစုံသောအရပ်တို့ကို စိတ်ဖြင့် ရှာဖွေသော်လည်း မိမိထက်ချစ်မြတ်နိုးသူ တစ်စုံတစ် ယောက်ကိုမျှ မတွေ့နိုင်။ သူတစ်ပါးထက် မိမိကိုယ်ကိုသာ အသီးအခြားအားဖြင့် ချစ်ကြ၏။ ထို့ကြောင့် မိမိအကျိုးစီးပွား လိုလားသူ ဟာ သူတစ်ပါးကို မညှင်းဆဲရာ" ဟု ဟောတော်မူပါတယ်။
မှန်ပါတယ်။ သတ္တ၀ါတိုင်း ကိုယ့်ကိုယ်ကို ချစ်ကြတာပါပဲ။ လူကိုဖြစ်ဖြစ် တိရိစ္ဆာန်ကိုပဲ ဖြစ်ဖြစ် တစ်စုံတစ်ယောက်ကို ညှင်းဆဲ မိတော့မယ်ဆိုရင် ကိုယ်ချင်းစာစိတ်လေးမွေးလိုက်ပါ။ "ငါဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံးဖြစ်သလို သူဟာလည်း သူ့ကိုယ်သူအချစ်ဆုံးဖြစ်မှာပဲ၊ ငါ့ကို ညှင်းဆဲရင် နာကျင်သလို သူ့ကို ညှင်းဆဲရင်လည်း သူနာကျင်မှာပဲ။ ငါ့ကို မကောင်းပြောရင် ငါမခံနိုင်သလို၊ သူ့ကို မကောင်းပြောရင်လည်း သူမခံနိုင်ဖြစ်မှာပဲ၊ ဒီတော့ မညှင်းဆဲတာကောင်းတယ်၊ မကောင်းမပြောတာကောင်းတယ်။" ဆိုပြီး ကိုယ်ချင်းစာလိုက်ပါ။ ဒါဆိုရင် အပြန်အလှန် မလိုမုန်းထားမူတွေ၊ အနိုင်ကျင့်တာတွေ၊ သတ်ဖြတ်တာတွေ မရှိတော့ဘူးပေါ့။
ထို့အပြင် အရှင်မဟာရဋ္ဌသာရက ကိုယ်ကိုယ့်ကို ချစ်တဲ့သူတိုင်း ကိုယ်ချင်းစာတတ်စေဖို့ ခုလို ဆုံးမခဲ့ပါတယ်။
"ကိုယ်နှင့်လည်းစာ၊ သတ္တ၀ါကို၊ ကြင်နာလှစေ၊ သူ့အသက်ကို ချစ်ပါလေ။”
ဒါကြောင့် ကိုယ့်ကိုယ်ကို ချစ်သူတိုင်း သူတစ်ပါးအပေါ်မှာ ကိုယ်ချင်းစာစိတ်လေးထားနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ