ယူနိုက်တက်နှင့်အတူ သမိုင်းသစ် တည်ဆောက်သွားမည်ဟု ဗန်ဂါးလ်ကြွေးကြော်

ပို့စ်တင်ချိန် - 5/21/2014 02:38:00 AM


မန်ချက်စတာ ယူနိုက်တက်နှင့်အတူ သမိုင်းသစ်တစ်ခု တည်ဆောက်သွားလိုကြောင်း မန်နေဂျာသစ် လူးဝစ်ဗန်ဂါးလ်က ပြောကြားခဲ့သည်။ ယမန်နေ့ ညပိုင်းက ကလပ်အသင်း တရားဝင် သတင်းထုတ်ပြန်ချက်အရ နယ်သာလန် လက်ရွေးစင် အသင်းကို ကိုင်တွယ်နေသည့် နည်းပြကြီးသည် ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးတွင် ယူနိုက်တက် မန်နေဂျာအဖြစ် တာဝန်ယူရန် (၃)နှစ် စာချုပ်လိုက်ပြီဟု သိရှိရသည်။ ၎င်း၏ လက်အောက်တွင် ယူနိုက်တက် ယာယီမန်နေဂျာ ရိုင်ယန်ဂစ်က လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်မည်ဟုလည်း ကလပ်အသင်းက တစ်ပါတည်း ကြေညာသည်။

ပြီးခဲ့သည့်ရာသီ ဒေးဗစ်မိုယက်စ် တာဝန်ယူနေစဉ် အတောအတွင်း ရလဒ်များ ယိမ်းယိုင်ကျဆင်းခဲ့မှုကို ဗန်ဂါးလ်က အဖတ်ဆည်ပြီး အသင်းဦးမော့လာစေရန် ကြိုးပမ်းရမည် ဖြစ်သည်။ ၎င်းသည် ယူနိုက်တက် သမိုင်းတစ်လျှောက် ဗြိတိန်ကျွန်းစု ပြင်ပမှ ပထမဆုံး မန်နေဂျာလည်း ဖြစ်လာသည်။ ယူနိုက်တက် မန်နေဂျာ ရာထူးကို လက်ခံခဲ့ပြီးနောက် အသက်(၆၂)နှစ်အရွယ် ဒတ်ခ်ျနည်းပြကြီးက “ပရီးမီးယားလိဂ်မှာ အလုပ်လုပ်ဖို့ ဆိုတာက ကျွန်တော့်ရဲ့ အမြဲတမ်း ဖြစ်ချင်နေတဲ့ ဆန္ဒတစ်ခုပါပဲ။ မန်ချက်စတာ ယူနိုက်တက်လို ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး အသင်းတစ်သင်းကို စီမံကိုင်တွယ်ရမယ် ဆိုတာကတော့ ကျွန်တော့်အတွက် တကယ့်ကို ဂုဏ်ယူစရာပေါ့”ဟု ပြောဆိုခဲ့သည်။

၎င်းက “ကျွန်တော် ကိုင်တွယ်ခဲ့တဲ့ အသင်းတချို့နဲ့ အိုးလ်ထရက်ဖို့ဒ်မှာ လာကစားဖူးပါတယ်။ အဲဒီကတည်းက သိပ်ကို ကောင်းမွန်တဲ့ ကွင်းကြီးမှန်း ကျွန်တော် သိခဲ့ပြီးသားပါ။ ပြီးတော့ ပရိသတ်တွေရဲ့ နှစ်နှစ်ကာကာ ရှိမှုကိုလည်း သဘောပေါက်ထားခဲ့ပါတယ်”ဟုလည်း ဆိုသည်။ ဗန်ဂါးလ်က “အသင်းဟာ ရည်မှန်းချက် ကြီးကြီးမားမား ထားရှိပါတယ်။ ကျွန်တော်ကလည်း ရည်မှန်းချက် ကြီးသူပါ။ ဒီအရာနှစ်ခု ပေါင်းစည်းပြီး သမိုင်းသစ် ဖန်တီးသွားမှာပါ”ဟုလည်း ပြောကြားသွားသည်။

Planet Myanmar Network