မာန်နှင့် ဇွဲ

ပို့စ်တင်ချိန် - 5/11/2014 08:30:00 AM



ခုခေတ်မှာ လူငယ်လေးတွေတော်တော်များများဟာ ကြီးမားချမ်းသာချင်စိတ် တော်တော်ပြင်းပြတာ တွေ့ရတယ်။ ချမ်းသာချင် စိတ်ရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ ဘယ်နည်းနဲ့ရရ ချမ်းသာရင်ပြီးတာပဲဆိုတဲ့စိတ်မျိုး ထားရှိတာတော့ မကောင်းပါဘူး။

ချဲထိုးတာတို့၊ နှစ်လုံးတိုက်၊ သုံလုံးတိုက်လုပ်တာတို့ဆိုတာ ဖြတ်လမ်းက ချမ်းသာချင်တဲ့လူတွေ လုပ်တာပဲ။ တစ်နည်းပြောရရင် အချောင်လိုချင်သူတွေ လုပ်လေ့ရှိတာ ဖြစ်တယ်။အားမာန်ပြည့်ဝတဲ့ လူငယ်တွေ လုပ်ရမယ့်အလုပ်မျိုး မဟုတ်ဘူး။ လူငယ်မာနဆိုတာရှိတယ်။ ကိုယ်စွမ်း ကိုယ် စနဲ့လုပ်လို့ရတဲ့ အရာကိုမှ တန်ဖိုးထားတယ်။ အလကား အချောင်ရတာ မလိုချင်ဘူးဆိုတဲ့ စိတ်မျိုးဖြစ်တယ်။ဒီခေတ်မှာ အဲဒီစိတ်မျိုးတွေ ခေါင်းပါးသလိုထင်မိတယ်။

ဈေးသည်တွေက ကံစမ်းမဲတို့၊ ဘာတို့ပေးတယ်ဆိုတာ ဈေးဝယ်သူတွေကို စော်ကားနည်းတစ်မျိုးဖြစ်တယ်။ ကိုယ့်ပိုက်ဆံနဲ့ ထိုက်တန်တဲ့ အရည်အသွေးရှိပစ္စည်းကိုသာ လိုချင်တဲ့ ဈေးဝယ်သူမျိုးတွေလည်း ရှိပါတယ်။ကံစမ်းမဲပေးခြင်းဟာ ကလေးသူငယ်တွေကို အချောင်လိုစိတ် မွေးပေးသလို ဖြစ်စေတယ်။ မိဘတွေက ဒီလိုပစ္စည်းမျိုးကို မ၀ယ်သင့်ဘူး။ မ၀ယ်သင့်ကြောင်း သားသမီးတွေကို အကျိုးအကြောင်းနဲ့ ရှင်းပြသင့်တယ်။ ကိုယ်စွမ်းကိုယ်စနဲ့ ဇွဲ၊ လုံ့လ၀ီရိယနဲ့ လုပ်ပြီးရတဲ့အရာမှ တန်ဖိုးရှိတယ်ဆိုတာ ပြောပြရမယ်။ကံစမ်းမဲသာမက သနားလို့ပေးတယ်ဆိုတာမျိုးလည်း မယူသင့်ကြောင်း ပြောပြသင့်တယ်။ သနားလို့ပေးတာ တစ်ခါယူမိရင် အမြဲတမ်း သူများသနားအောင် လုပ်နေတတ်တယ်။ ဒါလည်း အချောင်ရလိုစိတ် ဖြစ်တယ်။

လူစွမ်းလူစ တုံးသွားစေတယ်။လူမှန်ရင် မာနဆိုတာ ရှိသင့်တဲ့နေရာမှာ ရှိသင့်ထားသင့်တယ်။ မာနတိုင်း မကောင်းတာ မဟုတ်ဘူး။ လျှာမြက်ပေါက်ပါစေ လိမ်မစားဘူး၊ တောင်းမစားဘူး၊ ခိုးမစားဘူးဆိုတဲ့ စကားတစ်ခွန်းရှိတယ်။ဆင်ရဲခြင်းက မာနကြီးတယ်ဆိုတဲ့သဘော ဖြစ်တယ်။ လူမှန်ရင် မာနရှိရမယ်။ ဒုက္ခိတတောင်မှ ဒုက္ခိတမာနဆိုတာ ရှိတယ်။ မျက်စိမမြင်သူက ဧ၀ရတ်တောင်ထိပ်ရောက်အောင် တက်တယ်ဆိုတာက ဒီမာနပဲ။

စပ်မိလို့ နိုင်ငံခြားကစာတပုဒ်ကို လက်ဆောင်ပေးလိုက်ချင်တယ်။မအောင်မြင်သေးရင်ဆက်လုပ်လောကမှာ ကြီးပွားချမ်းသာနေသူ သုံးမျိုးသုံးစားရှိတယ်။

(၁) အမွေရသူ။

(၂) ကံကောင်းထောက်မပြီး နေရာကောင်းကို အချိန်ကောင်းမှာ ရောက်သွားတဲ့သူ။

(၃) စိတ်ကူးဥာဏ်ရှိပြီး ကိုယ့်စိတ်ကူး အကောင်အထည်ပေါ်တဲ့အထိ ဇွဲ၊ လုံ့လ၊ ၀ီရိယနဲ့ လုပ်ဆောင်တဲ့သူ။

အမွေနဲ့ကံဆိုတာက ကိုယ်လုပ်ယူလို့ရတာမဟုတ်ဘူး။ ဒါကြောင့် ဘာမှပြောစရာ မလိုဘူး။နံပါတ် ၃ အချက်ကသာ လူတိုင်းနဲဆိုင်တာကြောင့် ဆက်ပြောဖို့လိုတယ်။Sam Walton ဟာ ကမ္ဘာကျော် Wal-Mart ကုမ္ပဏီကြီးရဲ့ သူဌေးအဖြစ်ကို ကံကောင်းထောက်မလို့ ရရှိခဲ့တာ မဟုတ်ဘူး။ နှစ်ပေါင်းများစွာ ဇွဲ၊ လုံ့လနဲ့ ကြိုးစား အားထုတ်လို့ ရခဲ့တာဖြစ်တယ်။Wal-Mart ကို အာကင်ဆောပြည်နယ် ၊ Beutouville မြို့ကလေးမှာစဖွင့်စဉ်က ချွေတာရေး လက်လီဆိုင် သေးသေးလေးသာ ဖြစ်တယ်။

သက်သာတဲ့ဈေးနှုန်း၊ စိတ်ချတဲ့ပစ္စည်း၊ ဖော်ရွေတဲ့အရောင်းဈေးသည် စသည့်တို့က ဈေးဝယ်တွေကို ဆွဲဆောင်နိုင်ခဲ့တယ်။ တစ်ဆိုင်အောင်မြင်ပြီးတာနဲ့ သူက တစ်ဆိုင်ပြီးတစ်ဆိုင် တိုးဖွင့်တယ်။နောက်ဆုံးကျတော့ အမေရိကန်နိုင်ငံရဲ့ အကြီးဆုံး ချွေတာရေး လက်လီဆိုင် အုပ်စုကြီးအဖြစ် ရောက်ရှိသွားခဲ့ရတယ်။Wal-Mart ကော်ပိုရေးရှင်းကြီးဟာ စီးပွားရေးလောကမှာ“Growth from Wilkin” လို့ခေါ်ကြတဲ့ အတွင်းကြီးထွားမှုစနစ်ကို ကျင့်သုံးပြီး အောင်မြင်ခဲ့တာဖြစ်တယ်။တံမြက်စည်းလှဲတဲ့သူက ကြိုးစားရင် တစ်နေ့မှာ ကုမ္ပဏီ ဥက္ကဌ ဖြစ်လာနိုင်တဲ့စနစ်မျိုး ဖြစ်တယ်။ကြိုးစားရင် ကြိုးစားသလောက် အသိအမှတ်ပြုခံရတယ်ဆိုရင် ၀န်ထမ်းတိုင်း ကြိုးစားချင်စိတ်ရှိလာမှာ ဖြစ်တယ်။

အင်ဒီရာဂန္ဓီ တစ်ခါက ပြောခဲ့ဖူးတာရှိတယ်။ ကျမအဘိုး တစ်ခါက ပြောဖူးတယ်။ “လောကမှာ လူနှစ်မျိုးနှစ်စားရှိတယ်တဲ့။ တစ်မျိုးက အလုပ် လုပ်ပြီး တစ်မျိုးက နာမည်ကောင်း ယူတတ်တယ်တဲ့။” အဘိုးက ကျမကို ပထမအမျိုးအစားမှာ ပါနိုင်အောင်ကြိုးစားဖို့ အမြဲပြောတယ်။ အဲဒီမှာ ပြိုင်ဖက်သိပ်မများဘူးတဲ့။ဘ၀မှာ ကုမ္ပဏီကြီးတွေရဲ့ ၀န်ထမ်းပဲလုပ်လုပ်၊ ကိုယ်ပိုင်လုပ်ငန်းပဲလုပ်လုပ်၊ မျှော်မှန်းချက်မရောက်မချင်း လက်မလျှော့ဘူးဆိုတဲ့ ဇွဲမျိုးရှိဖို့လိုတယ်။

အရာရာတိုင်းဟာ မျှော်မှန်းသလို ဖြစ်ခဲတယ်။ Webster ဟာ ၃၆ နှစ်ကြာအောင် မဆုတ်မနစ်ကြိုးစားပြီးမှ အဘိဓာန်စာအုပ်ကြီး ထွက်ရှိအောင်မြင်ခဲ့တာ ဖြစ်တယ်။ကမ္ဘာကျော် စာအုပ်ကြီးဖြစ်တဲ့ “ရောမအင်ပါယာကြီး ကျဆုံးခန်းနဲ့ ပြိုလဲခန်း” ကို ထုတ်ဝေနိုင်ဖို့ Gibbon ဟာလည်း ၂၆ နှစ်တိတိ ကြိုးစားခဲ့ရတာဖြစ်တယ်။ကြိုးစားပေမယ့် အောင်မြင်မှုမရရင် ဘာဆက်လုပ်ရမလဲလို့ မေးတတ်ကြတယ်။ဆက်လုပ်။ဒါဟာ တစ်ခုတည်းသောအဖြေ ဖြစ်တယ်။ နယူးယောက်မြို့တော်က အငတ်ဘေးကိုတိုက်ဖျက်ဖို့ နှစ်ပေါင်းများစွာကြိုးစားခဲ့တဲ့ သတင်းစာဆရာ၊ ပြုပြင်ရေးဝါဒီ Jacob Riis ဟာ လုပ်ငန်းမအောင်မြင်လို့ စိတ်ဓာတ်ကျတဲ့အခါများမှာ ကျောက်ဆစ်သမားရဲ့ အလုပ်ခွင်ကို သွားကြည့်လေ့ရှိတယ်လို့ ပြောတတ်တယ်။ဘာလုပ်လို့မှ အဆင်မပြေတဲ့အခါမျိုးမှာ ကျုပ်ကတော့ ကျောက်ဆစ်သမား အလုပ်လုပ်နေတာ သွားထိုင်ကြည့်တယ်။

သူဟာ ကျောက်တုံးကြီးကို စို့နဲ့ အကြိမ်တစ်ရာတိတိ ထုနှက်နေတာပဲ။ ဘာအရာမှ ထင်မလာခဲ့ဘူး။ ဒါပေမယ့် တစ်ရာတစ်ချက်မြောက် တူချက်မှာတော့ ကျောက်တုံးကြီး နှစ်ခြမ်းကွဲ သွားတော့တယ်။နောက်ဆုံးတူချက်မှာ ကွဲသွားတာမှန်တယ်။ ဒါပေမဲ့ အဲဒီတူချက်ကြောင့်တော့ မဟုတ်ဘူး။ အချက်ပေါင်း တစ်ရာတိတိ စိတ်ရှည်လက်ရှည်ထုခဲ့တာကြောင့် အောင်မြင်ခဲ့ တာဖြစ်တယ်။

၁၉၅၇ ခုနှစ်မှာ တိုယိုတာက အမေရိကန်ဈေးကွက်ထဲကို “တိုယိုပက်” ဆိုတဲ့ ကားငယ်လေးနဲ့ စတင် ၀င် ရောက်ခဲ့တယ်။ ဒါပေမဲ့ လုံးဝမအောင်မြင်ခဲ့ဘူး။တိုယိုတာက နောက်ဆုတ်မသွားဘဲ ၁၉၆၅ ခုနှစ်မှာ “ကိုရိုနာ” ကားနဲ့ ပြန်ပြီးဝင်ပြန်တယ်။အဲဒါလည်း တစ်နှစ်လုံးမှာ စင်းရေ ၅၄၀၀ ပဲ ရောင်းရတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ ကြာတဲ့အခါ ရောက်တော့ တိုယိုတာဟာ အမေရိကန်ပြည်ထောင်စုကို ကားအများဆုံး တင်ပို့ရောင်းချတဲ့ ကုမ္ပဏီကြီးအဖြစ် ရောက်ရှိလာခဲ့တယ်။

ဂျော့ဘားနတ်ရှောကလည်း ဇွဲလုံ့လအကြောင်း ဒီလိုပြောခဲ့ဖူးတယ်။“ကျုပ်ငယ်ငယ်က ဘာလုပ်လုပ် ဆယ်ခုလုပ်ရင် ကိုးခုက ရှုံးနိမ့်တာချည်း တွေ့ရတယ်။ ကျုပ်က အရှုံးသမား မဖြစ်ချင်ဘူး။ ဒါကြောင့် ဆယ်ဆ ပိုအလုပ် လုပ်တယ်”ဇွဲ၊ လုံလ၀ီရိယနဲ့ ကြိုးစားအားထုတ်မှုပြုရင် မအောင်မြင်ဘူးဆိုတာ မရှိနိုင်ဘူး။ တစ်ကြိမ်မှာ မအောင်မြင် သေးရင် နောက်တစ်ကြိမ်၊ နောက်တစ်ကြိမ်မှာတော့ အောင်မြင်မှုကို မလွဲမသွေရရှိမှာသာဖြစ်တယ်။

Ref: Jim Hartness and Neil Eskelin တို့ရေးတဲ့ The 24 Hour Turn-Around စာအုပ်ထဲက စာပုဒ်ကို ပြန်လည်ဖောက်သည်ချထားတာပါ။

၁၄၊ ၃၊ ၂၀၀၆။လူထုစိန်ဝင်း၏ ပထမတန်းစားစိတ်ဓာတ်မှ