အဆိပ်သင့်ချောင်း၊ ပြုန်းတီးနေသော သယံဇာတ

ပို့စ်တင်ချိန် - 5/15/2014 04:56:00 AM


  ရွာနှင့်တစ်ဖက်ကမ်းရှိ ကုန်းမြင့်မြင့်ကို ဆက်သွယ်ထားသော ခနော်နီခနော်နဲ့ ဝါးတံတားပေါ်တွင် ဓားကိုစလွယ်သိုင်းလွယ်ထားသော အသက်(၇၀)အရွယ် အဘိုးအိုတစ်ဦး ဖြတ်လျှောက်လာနေသည်။

ဝါးတံတားအလယ်သို့ အရောက်တွင် ခေတ္တမျှရပ်တန့်လိုက်ကာ တံတားအောက်တွင် တသွင်သွင်စီးဆင်းနေသော ကော်ဖီရောင်ပေါက်ကာ နောက်ကျိနေသည့် ချောင်းရေကို ငေးစိုက်ကြည့်နေရာမှ တစ်စုံတစ်ခုကို လွမ်းဆွတ်သွားလေဟန် တွေတွေငေးငေးဖြစ်သွားသည်။

သူ၏နှုတ်မှ ရေရွတ်လိုက်သည်မှာ ‘‘ဒီချောင်းရေ အခုညစ်ပတ်နေတာ ရှစ်နှစ်လောက်ရှိပြီ။ အရင်ကဆို အဘိုးတို့တစ်ရွာလုံး ဒီရေပဲ ခပ်သောက်ကြတာ’’ဟုဖြစ်သည်။

ထိုချောင်းအနီးတွင် ကချင်မျိုးနွယ်စုတစ်စုဖြစ်သော ငေါ့ချန်းလူမျိုးများနေထိုင်ပြီး ငေါ့ချန်းဒေသအထက်ပိုင်းမှ မြစ်ဖျားခံကာ အင်မိုင်ခမြစ်အတွင်း စီးဝင်သွားသဖြင့် ငေါ့ချန်းခချောင်းဟု ခေါ်တွင်သည်။

လွန်ခဲ့သောရှစ်နှစ်ခန့်မှ စတင်ကာ ထိုနယ်တစ်ဝိုက်တွင် ပေါ်ပေါက်လာခဲ့သော သတ္တုတူးဖော်ရေးလုပ်ငန်းများက ကချင်ပြည်နယ်အတွင်းရှိ အဘိုးအိုတို့ရွာနှင့် ဆော့လော်ဒေသတစ်ဝိုက်မှ ချောင်းများကို နောက်ကျိသွားစေခဲ့ရုံမျှမက ပတ်ဝန်းကျင်တစ်ခွင်လည်း ညစ်ညမ်းသွားခဲ့သည်။

ကချင်ပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းအပါအဝင် အခြားသော လုပ်ငန်းရှင်များက ထိုဒေသတွင် သတ္တုတူးဖော်ရန်အတွက် မျက်စိကျလာခဲ့ရာမှ စတင်ကာ ထိုဒေသတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုများက မဖိတ်ခေါ်ဘဲရောက်ရှိလာခဲ့သည်။

‘‘အရင်က အဘိုးတို့ရွာမှာ ပွဲလမ်းသဘင်ဆုတောင်းပွဲတွေမှာကျွေးဖို့ ငါး ဒီချောင်းကဖမ်းပြီးပဲ ကျွေးကြတာ။ အခုတော့ သတ္တုဒဏ်ခံနိုင်တဲ့ ငါးတစ်မျိုးပဲရှိတော့တယ်’’ဟု ထိုအဘိုးအိုက သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချရင်း ပြောပြနေသည်။

ငေါ့ချန်းခချောင်းသည် အနီးတွင် မှီတင်းနေထိုင်သော အဘိုးတို့လို ဒေသခံများအတွက် အသက်သွေးကြောတစ်ခုဖြစ်သည်။ ထိုချောင်းရေကိုသောက်သည်။ သုံးသည်။ ဟင်းစားလိုလာလျှင် ငါးဆင်းဖမ်းသည်။ ယခင်က ထိုချောင်းသည် ဒေသခံများအတွက် သဘာဝကပေးသော လက်ဆောင်မွန်ဖြစ်ခဲ့ပြီး ယခုတော့ အဆိပ်အတောက်များ စီးဆင်းရာအဖြစ်သို့ ပြောင်းလဲသွားလေပြီ။

ငေါ့ချန်းခချောင်းရေ သောက်သုံးမိသည့် ကျွဲ၊ နွားများ ဝမ်းပျက်ပြီး အကောင်နှစ်ရာကျော် သေဆုံးခဲ့ဖူးကြောင်းလည်း ဒေသခံများကပြောသည်။ မသေသည့်ကျွဲ၊ နွားများသည်လည်း ထိုရေသောက်ပြီး ဖွံ့ထွားမလာဘဲ ပိန်လှီသွားကြသည်ဟု ဒေသခံများက ပြောကြသည်။

‘‘သတ္တုအညစ်အကြေးကို ငေါ့ချန်ခမှာ ဆေးတယ်ဆိုတော့ တစ်နိုင်ငံလုံးကို အဆိပ်ခတ်နေတာပဲ။ ငေါ့ချန်းခက အင်မိုင်ခကိုဆင်းတယ်။ အင်မိုင်ခက ဧရာဝတီမြစ်ကို ဆင်းတယ်’’ဟု မြစ်ကြီးနားမြို့မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဆရာဦးလဆီဘောက်ကပြောသည်။

ငေါ့ချန်းခချောင်း ယခင်လို ပြန်လည်သန့်ရှင်းအောင် လုပ်ဆောင်ပေးရန် ဒေသခံများက ကချင်အထူးဒေသ(၁) ဒုဥက္ကဋ္ဌ ဦးဝူလောင်ဟောင်းခေါင်နှင့် ဆော့လော်မြို့နယ်အုပ်ချုပ်ရေးမှူးတို့ထံ စာဖြင့်၊ နှုတ်ဖြင့် အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း ဘာမှ အကြောင်းထူးမလာခဲ့ပေ။

‘‘ငေါ့ချန်းခညစ်ပတ်တာက အခြားကုမ္ပဏီတွေကြောင့် ဟုတ်တယ်။ ကျွန်တော်တို့ကုမ္ပဏီက အဲဒီထဲမှာမဆေးတော့ဘူး။ အခြားကုမ္ပဏီတွေကိုလည်း ဒီငေါ့ချန်းခမှာမဆေးဖို့ သတိပေးပြီးသားဖြစ်တယ်’’ဟု ပြည်နယ်လွှတ်တော်အမတ် ဦးဇခုန်ယိန်းဆောင်ကပြောသည်။

ထိုသို့ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုဒဏ်ခံနေရသော ငေါ့ချန်းခအတွက် ပြဿနာအသစ်တစ်ခု ထပ်မံပေါ်လာပြန်ပါသည်။ ထိုချောင်းပေါ်တွင်  ရေအားလျှပ်စစ်စီမံကိန်းလုပ်ရန် ကုမ္ပဏီတစ်ခုက ပြင်ဆင်နေခြင်းဖြစ်သည်။ ထိုသို့ တည်ဆောက်မည်ကို ဒေသခံများက စိုးရိမ်ပူပန်ပြီး မည်သူမျှမလိုလားကြပေ။ ငေါ့ချန်းခအား ဒီထက်ပိုပြီး မဆုံးရှုံးလိုတော့သည့်အတွက် အားလုံးဝိုင်းကန့်ကွက်နေကြသည်။

ကချင်အထူးဒေသ(၁)နယ်မြေတွင် သတ္တုလုပ်ငန်းများကို ဒေသရှိ လက်တစ်ဆုပ်စာ လုပ်ငန်းရှင်များနှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းကာ ထုတ်လုပ်နေကြခြင်းဖြစ်သည်။ ဒေသခံများအတွက် အကျိုးခံစားခွင့်ကတော့ နတ္ထိပင်။

ကချင်အထူးဒေသ(၁)တွင် ချီဖွေမြို့နယ်ခွဲနှင့် ဆော့လော်မြို့နယ်ခွဲတစ်ခွင်တွင် သတ္တုလုပ်ငန်းများကို ဘာဖူးခူးသတ္တု၊ ကန်ဖန်သတ္တု၊ လယန်(ထယ်ဟောင်)သတ္တု၊ မူဟောင်သတ္တု၊ လုံနော်ဂျန်(ဖီမော်)သတ္တုနှင့် အမှတ်(၆)သတ္တု စသည် သတ္တုလုပ်ကွက်ခြောက်ခုဖြင့် လုပ်ကိုင်နေကြောင်းလည်း သတ္တုလုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူ ဒေသခံတစ်ဦးက ဆိုသည်။

သတ္တုတူးဖော်ရေးနှင့် ပတ်သက်၍လည်း ဦးဇခုန်ယိန်းဆောင်က အောက်ပါအတိုင်းပြောသည်။

‘‘သတ္တုတူးတဲ့ကုမ္ပဏီ (၅)ခုလောက်တော့ရှိတယ်။ ကျွန်တော်တို့ ဆန်းလင်းကုမ္ပဏီအပါအဝင် ကုမ္ပဏီသုံးခုလောက်က သတ္တုတွင်းဝန်ကြီးဌာနက တရားဝင်ထုတ်လုပ်ခွင့်နဲ့ လုပ်နေတာဟုတ်တယ်။ တချို့ကုမ္ပဏီတော့ ကျွန်တော်မသိဘူး။ ကျွန်တော်တို့ကုမ္ပဏီ ကျွန်တော်အာမခံရဲတယ်’’

မူဟောင်သတ္တုတွင်းသည် အလွန်တန်ဖိုးရှိသည့်အတွက် အလုပ်သမားများ၏ အိတ်ထောင်များတွင် ထိုမူဟောင်းစတွေ့ရှိပါက ကုမ္ပဏီ၏အရေးယူ အပြစ်ပေးခြင်းခံရသည်များရှိကြောင်း ဒေသခံတစ်ဦးကရှင်းပြသည်။

‘‘တကယ်ဆိုရင် EITI နဲ့ သွားရမှာ။ အခုသူတို့ လုပ်စားနိုင်တဲ့သူတွေပဲ လုပ်စားနေကြတော့ EIA(environmental impact asses-sment)လည်းမရှိဘူး။ နောက် EIA (environmental impact assessment) တွေလည်းမရှိတော့ အခုလိုဖြစ်နေကြတာ။ ဥပဒေစိုးမိုးရေးမရှိရင်တော့ မလွယ်ပါဘူး’’ဟု ဦးလဆီဘောက်ကဆက်ပြောသည်။

သတ္တုများကို သယ်ယူနေသည့် ဆယ်ဘီးကား၊ ဆယ့်နှစ်ဘီးကားများသည် လွန်ခဲ့သည့်ရှစ်နှစ်လောက်ကပင် သတ္တုတူးဖော်သည့်နေရာများမှ တရုတ်ပြည်နယ်စပ် စကျီမြို့ဘက်သို့ နေ့စဉ်ကားအစီးရေ ရာနှင့်ချီကာ ဖြတ်သန်းသွားလာလျက်ရှိကြသည်။

‘‘လမ်းကကျဉ်း သတ္တုကား၊ သစ်ကားကများတော့ ဒီလမ်းမှာ ခဏခဏယာဉ်တိုက်မှုဖြစ်တယ်။ အန္တရာယ်အရမ်းများတယ်’’ဟု ဆော့်လော်မြို့ ကချင်နှစ်ခြင်းအသင်းတော်မှ ဘာသာရေးဆရာ ဆရာဒိန်က ရှင်းပြသည်။

ထိုသို့ သတ္တုများတင်ဆောင်ထားသည့် ကားများ တဝေါဝေါဖြတ်သန်းသွားလာနေသလို ကချင်အထူးဒေသ(၁)မှ သစ်များကို သစ်တင်ကားများဖြင့် နယ်စပ်မျဉ်းကိုဖြတ်ကျော်ကာ တရုတ်နိုင်ငံအတွင်းသို့ တင်ပို့နေကြသည်မှာလည်း ထိုဒေသတွင် မဆန်းတော့သည့် မြင်ကွင်းပင်ဖြစ်သည်။

သတ္တုလုပ်ငန်းများနှင့် သစ်လုပ်ငန်းများကို ကာကွယ်ပေးရန် ဒေသခံများ တာဝန်မထမ်းမနေရစနစ်ဖြင့် ပြည်သူ့စစ်အဖွဲ့ကို ဖွဲ့စည်းထားသည်။ ထိုသို့ အမျိုးသားများ ပြည်သူ့စစ်အဖွဲ့တွင် အမှုထမ်းနေရသည့်အတွက် မိသားစုစားဝတ်နေရေး၊ ပညာရေးတို့တွင် များစွာအခက်အခဲများ ကြုံတွေ့နေကြရသည်ဟု ဒေသခံများက ညည်းတွားကြသည်။

ထိုဒေသတွင် အစိုးရတပ်မတော်၊ ကေအိုင်အေ၊ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ် စသည့်လက်နက်ကိုင်တပ်ဖွဲ့များ ခြေရှုပ်နေကြသည့်အတွက်လည်း ဒေသခံများ မလုံခြုံသကဲ့သို့ ခံစားရကြောင်းလည်း ဒေသခံများက ရင်ဖွင့်သည်။

ထိုသို့ လက်နက်ကိုင်တပ်ဖွဲ့များနေပြီး ဒေသတွင်း မတည်ငြိမ်မှုမှာ ထိုဒေသရှိ သယံဇာတများ မြန်မြန်ဆန်ဆန်ပြုန်းတီးလာခြင်း၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။ ယခုဒေသကဲ့သို့ပင် မတည်ငြိမ်သော မြန်မာနိုင်ငံ၏ အစိတ်အပိုင်းများတွင် သယံဇာတပြုန်းတီးမှုများ ပိုတွေ့ရသည်။

ဦးစခုန်တိန့်ယိန်း၏ NDAK သည် ငြိမ်းချမ်းရေးယူပြီး ၁၉၉၃ခု နှစ်မှ စတင်ကာသစ်များကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် NDAK ဗိုလ်မှူးဟောင်းတစ်ဦးက ပြောကြားသည်။

‘‘အရင်ကတော့ အကောင်းယူတယ်။ အခုက ကျန်တဲ့သစ်အမြစ်ကအစယူတယ်။ သစ်ထုတ်တာ အခုနဲ့ဆို သုံးချီလောက်ရှိပြီ’’ဟု NDAK ဗိုလ်မှူးဟောင်းက အိမ်ရှေ့မှ ဖြတ်သွားသည့် သစ်ကားကို ငေးမောရင်းပြောကြားသည်။

ထိုဒေသမှ သစ်ပင်ကြီးငယ်များအပြင် သစ်ပင်ကို အမြစ်မှပင်တူးကော်ကာ သစ်တင်ကားကြီးများဖြင့် တရုတ်နိုင်ငံသို့ နေ့စဉ်တင်ပို့နေကြသည်ကို ထိုဒေသရှိ ဒေသခံများက ရင်နာစွာဖြင့် နေ့စဉ်လက်ပိုက်ကြည့်နေရသည်။ တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များနှင့် လက်တစ်ဆုပ်စာ လုပ်ငန်းရှင်များက ထင်တိုင်းလုပ်ဆောင်နေကြသဖြင့် မည်သူမျှမတားဆီးဝံ့ကြပေ။

‘‘သစ်တော့ ဒီအတိုင်း ၀င်ခုတ်နေကြတာပဲ။ တရုတ်လည်း ၀င်ခုတ်တယ်။ ဒေသခံတွေလည်း ဒီအတိုင်းပဲ ခုတ်ပြီးရောင်းနေကြတာပဲလေ။ သစ်ခုတ်နေတဲ့လူတွေကို သွားမေးရင်တော့ရမှာပါ။ အရင်ကတော့ ကျွန်တော်တို့အဖွဲ့အစည်းကလုပ်တယ်။ အခုတော့ မလုပ်တော့ဘူး’’ ဟု ဦးဇခုန်ယိန်းဆောင်ကပြောသည်။

တရုတ်နိုင်ငံဘက်သို့ရောက်ရှိသွားသည့် သစ်မြစ်မှာ တိရစ္ဆာန်ပုံရုပ်ထွင်းနှင့် စားပွဲများအသွင်ပြောင်းသွားပြီး အမျိုးအစားကောင်းသစ်များကို သုံးထပ်သား၊ ငါးထပ်သားများပြုလုပ်ကာ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအနှံ့သို့ ပြန်လည်တင်ပို့ရောင်းချလျက်ရှိကြောင်း ဒေသခံလုပ်ငန်းရှင်များကပြောသည်။

တရုတ်ပြည်နယ်စပ်မြို့ဖြစ်သော စကျီမြို့နှင့် ဂယုန်းမြို့များသို့ သွားရောက်လည်ပတ်ကြည့်မည်ဆိုလျှင် ကချင်ပြည်နယ်မှ ရောက်လာသော သစ်ပင်အမျိုးမျိုးကို ပရိဘောဂများပြုလုပ်သည့် လုပ်ငန်းများကိုသာ အဓိကစီးပွားရေးလုပ်ငန်းများအဖြစ် လုပ်ကိုင်နေကြကြောင်း တွေ့ရပေမည်။

ထိုမြို့များတွင် ကချင်ပြည်နယ်မှ သစ်ပုံများ အမြစ်မှစ အပင်ထိပ်အထိ နေရာတကာတွေ့မြင်ရသည်။

ထိုဒေသမှ သတ္တုနှင့်သစ်များကိုထုတ်ယူကာ တရုတ်နိုင်ငံသို့ ရောင်းစားနေသူ လူတစ်စုသာ ဓနဥစ္စာများ တိုးပွားသွားသော်လည်း ဒေသခံများ၏ ဘ၀များမှာ ဆယ်စုနှစ်တစ်ခုနီးပါးကြာသည့်တိုင် ပြောင်းလဲမှုမရှိပေ။

ပြောင်းလဲလာသည်များတော့ ရှိပါသည်။ သူတို့ပတ်ဝန်းကျင်မှာ တောင်များကတုံးဖြစ်လာပြီး တောများပြုန်းကာ ချောင်းများသုံးမရတော့သည်မှာ သူတို့ နောက်ဆုံးရလိုက်သည်များဖြစ်သည်။

‘‘သတ္တုတူးတဲ့ ကုမ္ပဏီငါးခုလောက်တော့ရှိတယ်။ ကျွန်တော်တို့ ဆန်းလင်းကုမ္ပဏီအပါအ၀င် ကုမ္ပဏီသုံးခုလောက်က သတ္တုတွင်းဝန်ကြီးဌာနက တရားဝင်ထုတ်လုပ်ခွင့်နဲ့ လုပ်နေတာဟုတ်တယ်။ တချို့ကုမ္ပဏီတော့ ကျွန်တော်မသိဘူး။ ကျွန်တော်တို့ကုမ္ပဏီ ကျွန်တော်အာမခံရဲတယ်။ ဒေသခံတွေအတွက် နေရာတိုင်းမှာ ကျောင်းဆောက်ပေးထားတယ်။ သူတို့လိုအပ်တဲ့ရေရရှိဖို့အတွက် လုပ်ဆောင်ပေးထားတယ်။ ဒီအတိုင်းပဲ ဖြတ်သွားပြီး မေးသွားရင်တော့ သိမှာမဟုတ်ဘူး’’ဟု ဦးဇခုန်ယိန်းဆောင်ကပြောသည်။

လမ်းပန်းဆက်သွယ်ရေးမှာလည်း ဆိုးရွားလှသဖြင့် ကားပင်သွား၍မရပေ။ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့မှာပင် လိုင်းကားများမရှိပေ။ ဆိုင်ကယ်များသည်သာ သွားလာရေးအတွက် အဓိကယာဉ်များဖြစ်သဖြင့် ကုန်ဈေးနှုန်းမှာလည်း ကြီးမြင့်လွန်းလှသည်။ ထိုဒေသမှ မြစ်ကြီးနားသို့ပင် ရောက်ဖူးသူနည်းပါးလှသည်။

ငေါ့ချန်းခချောင်းကိုဖြတ်ပြီး တစ်ရွာနှင့်တစ်ရွာ ဆက်သွယ်ထားသည့် ကြိုးတံတားများမရှိသည့်အတွက် သံကြိုးဖြင့်သာ စက်သီးဖြင့်ချိတ်ချိတ်ပြီး ကူးနေရသည်။ အန္တရာယ်ရှိမှန်းသိသော်လည်း ရွေးချယ်စရာလမ်းမရှိ၍ ထိုသံကြိုးမှတစ်ဆင့် ဖြတ်ကူးရသည့်အတွက် ဒေသခံများ ပြုတ်ကျသေဆုံးမှု ယခုနှစ်အတွင်း သုံးဦးခန့်ရှိပြီဖြစ်ကြောင်း ဆရာဒိန်ကဆိုသည်။

‘‘အရင် သစ်ကောင်းတွေယူတယ်။ အခုက ကျန်တဲ့ဟာတွေပြန်ယူတယ်။ ဒီဒေသအတွက် သူတို့လုပ်ပေးတာ ဘာမှမရှိဘူး။ ဒီလမ်းတောင် သူတို့ သစ်ထုတ်ဖို့လုပ်ထားတဲ့ လမ်းဖြစ်တယ်’’ဟု NDAK ဗိုလ်မှူးဟောင်းကဆိုသည်။

ဒေသရှိ သယံဇာတများကို ကိုယ်ကျိုးစီးပွားအတွက် ထုတ်ယူခဲ့သဖြင့် ကုန်သလောက်ရှိနေလေပြီ။ ထိုလမ်းအတိုင်းဖြတ်နေသည့် သစ်ကားများ၊ သတ္တုကားများသည် ဒေသခံများနှင့် ဘာမှမဆိုင်။ ထိုင်ကြည့်နေရုံကလွဲပြီး သူတို့လည်း ဘာမှမတတ်နိုင်ကြပေ။

လမ်းပန်းဆက်သွယ်ရေး မကောင်းသည့်အတွက် ဒေသခံများ ဆိုင်ကယ်ဖြင့် သယ်ဆောင်လာပြီး ရောင်းကြသည့် ကုန်ပစ္စည်းများကို ဈေးကြီးကြီးဖြင့် ၀ယ်ယူသုံးစွဲနေကြရသည်။

‘‘သစ်လည်းကုန်ပြီ။ သတ္တုလည်းကုန်တော့မယ်။ ဒီကရတဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲ ဒေသခံတွေ ဘာတစ်ခုမှမခံစားရဘူး။ ကျောင်းလည်းဆောက်ပေးတာမရှိဘူး။ ကျန်းမာရေးအတွက် လုပ်ပေးတာလည်းမရှိဘူး။ လမ်းလည်းလုပ်ပေးတာမရှိဘူး။ ကျွန်တော်တို့အတွက်တော့ ဆယ်နှစ်ကြာလာ ဒီအတိုင်းပဲ။ စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ဖို့ ပိုတောင်ခက်ခဲလာတယ်’’ဟု အဘိုးအိုက ဖြတ်လာသည့် ကားများကိုကြည့်ရင်း အသံတုန်ရီစွာဖြင့် သူ၏ခံစားချက်များကိုဆိုသည်။

သူပြောနေစဉ်မှာပဲ သစ်အမြစ်များနှင့် သစ်လုံးများတင်ထားသည့် ၁၂ ဘီးကားသုံးစီးနှင့် သတ္တုတင်ထားသည့် ၁၂ ဘီးကားနှစ်စီး ဖြတ်သွားသည်ကို တွေ့ရသည်။

မရန်

7Day News Journal အတွဲ (၁၃)၊ အမှတ်(၁၀)