(အကြည်တော်) - ကျွန်တော်မသိတဲ့ စကားလုံးတွေ

ပို့စ်တင်ချိန် - 5/09/2014 12:58:00 PM




ကျွန်တော်ဟာ မြန်မာစာကို မြန်မာလိုပဲရေးနေတဲ့ မြန်မာစာရေးဆရာပါ။ ဒါပေမဲ့ ကျွန်တော်တို့ကိုယ်တိုင် အဓိပ္ပာယ်မသိတဲ့ စကားလုံးတွေပါ။အခြေခံ စကားလုံးတွေပါ။ ဥပမာ ‘အာလူး’ တို့ ‘တိုင်ကီ’ တို့လို မွေးစားစကား လုံးတွေပေါ့။ ဒါတွေက အဓိပ္ပာယ်အနေနဲ့ ရှင်းပြလို့ရသေးတယ်။ တိုင်ကီဆို စည်ပိုင်းပေါ့ဗျာ။ အာလူးဆို လည်း မြေကြီး ထဲ၌ ရှင်သန်သောအသီး စသည်ဖြင့် …။ ဒါပေမဲ့ ကျွန်တော်လုံးဝ အဖြေမသိတဲ့ စကားလုံးရှိတယ်။

‘ပေါက်ဖော်’ တဲ့။ အဲဒါက ဘာစကားလုံးလဲဗျာ။ အဓိပ္ပာယ် ကဘာလဲ။ ပေါက်ဖော် ဆိုတာ ကျွန်တော်တို့သိတာက တစ်ယောက်ယောက်က ဖော်ကောင် လုပ် ရင် ပေါက်ဖော် လို့နောက်ပြီး ခေါ်ကြတယ်။ သစ္စာဖောက်ရင်လေ။ ဒါပေမဲ့ ဒီစကားကို လူကြီးမင်းများက ”ဆွေမျိုးပေါက်ဖော်၊ ဆွေမျိုးပေါက်ဖော်”ဆိုပြီး လှိုင်လှိုင်သုံးနေတာတော့ တစ် မျိုးကြီးဗျာ။ ဆွေမျိုးဆိုတာ သိတယ်မဟုတ်လား။ တော်ရုံနဲ့ တော်ကြတာမျိုးမဟုတ်ဘူး။ ဘိုးစဉ်ဘောင်ဆက်ဆင်းသက်လာမှ ဆွေမျိုး၊ ဒါမှမဟုတ် လင်ဖလှယ်၊
နှမဖလှယ်မှ ဆွေမျိုးဗျ။

မြန်မာလူမျိုးဆိုတာ သိတဲ့အတိုင်း တိဗက်ကုန်းမြေမြင့်က ဆင်း သက်လာတာ။ ခမာလို့ခေါ်တဲ့ ကမ္ဘောဒီးယားနဲ့ အမျိုးစပ်ရင်တော့ အမျိုးတော်နိုင်တယ်။ တခြားလူမျိုးတွေနဲ့ က ဘယ်နည်းနဲ့မှ အမျိုးမတော်နိုင်ဘူး။ ဒါကြောင့် ဘိုးစဉ်ဘောင်ဆက် မဟုတ်ရင်တော့ ခုနပြောခဲ့တဲ့အတိုင်း လင်ဖလှယ် နှမဖလှယ်ပဲ ဖြစ်နိုင်တာပေါ့ ဗျာ။ ဟုတ်ဖူးလား။ ကျွန်တော်တို့ကတော့ဗျာ ခင်ရာဆွေမျိုး မြိန်ရာဟင်း ကောင်းဆိုပေမယ့် ဘယ်လိုမှဆွေမျိုး မတော်နိုင်ဘူး။
ဒါဆိုရင် သူတို့ကို ”ဆွေမျိုးပေါက်ဖော်”လို့ လှိုင် လှိုင်ကြီး ခေါ်နေကြတဲ့ လူကြီးတွေကရောဗျာ။ ဆွေမျိုးဆိုတာက ဘိုးစဉ်ဘောင်ဆက် မဟုတ်ရင် လင်ဖလှယ်နှမဖလှယ်ထားလို့ ဆွေမျိုးထားပါတော့။ ပေါက်ဖော်က ဘာ များလဲခင်ဗျာ။

သူခိုးနာမည်လေး ဖော်ပြပေးပါ

သစ်ပေါ့ဗျာ။ ကျွန်းသစ်နဲ့တန်ဖိုးရှိတဲ့ သစ်မာတွေ၊ နေ့စဉ်လိုပဲ တရားမဝင်လို့ခေါ်တဲ့ (ဘယ်ဟာက တရားဝင်လဲမသိဘူး) ကျွန်းသစ်တွေ ဖမ်းဆီးမိတယ်။ မိမှာပေါ့ ကျွန်း သစ်ခိုးတယ်ဆိုတာ ထဘီစုတ်ခိုးသလို တစ်ပိုင်တစ်နိုင်ဝှက်လို့ရတာမှ မဟုတ်တာ။ ဆယ်ဘီးကားတွေ၊ ဆယ့်နှစ်ဘီးကားတွေနဲ့ တန်ချိန်ပေါင်းမြောက်မြားစွာကို ပေါ်တင်တင်ပြီး အများပြည်သူပိုင်လမ်းများပေါ် လူမြင်ကွင်းပေါ် ဖြတ်သွားနေတာပဲ။

အဲဒါကြီးတွေကိုအရင်က ဘာလို့ မမြင်ခဲ့ကြလဲ မပြောတတ်ပါဘူးဗျ။ ကျွန်တော်ပြောသလို တစ်ပိုင်တစ်နိုင်ဝှက်လို့မှ မရတာ။ ကျွန်တော်တို့ ငယ်စဉ်က မော် လမြိုင် မှာ မှောင်ခိုခေတ် ပေါ့ ဗျာ။ မှောင်ခို သမားတွေကတော လမ်းထဲ စက်ဘီးပေါ်ပစ္စည်းတင်ပြီး နင်းပြေးရတာ။ အကောက်ခွန်က ကားနဲ့လိုက်ပေါ့။ မှောင်ခိုသမားက လည်း အကောက်ခွန်မှန်းသိရင် မြို့ထဲ ကြိုက်ရာအိမ် စက်ဘီးတွန်းတင်သွား လို့ရတယ်။ အိမ်ရှင်တွေကလည်း ဘဝတူတွေမို့ ဝှက်ပေးကြတယ်။

အခုဟာက ဆယ်ဘီးကားတွေဗျာ။ သစ်တောအာဏာပိုင်က လိုက်လို့ ဒီကားကြီး (ငယ်စဉ်က မှောင်ခို ခေတ်လို) ဘယ်အိမ်မှ မောင်းတင်လို့
လည်း ရတာမဟုတ်ဘူး။ လမ်းမှာ ဒီအတိုင်းပြောင်ပြောင်တင်းတင်း ဖြတ် သွားနေတာပဲ။ ကဲ … အရင်က မမိဘူး။ အခု မိပြီဆိုပါတော့။ ကျွန်းသစ်တန်ချိန် ဘယ်လောက်၊ သစ်မာတန်ချိန် ဘယ် လောက် စသည်ဖြင့်တော့ ဖော်ပြပါရဲ့။ ဒါပေမဲ့ သစ်သူခိုးနာမည်တော့ တစ်ခါမှ မမြင်ဖူးပါဘူးခင်ဗျ။ ခိုးတာကိုမိရင် သူခိုးကိုဖော်ပြပေးရမယ် မဟုတ်ဖူးလား။ ဒါ မုဒိမ်း မှု မဟုတ်ဘူးလေဗျာ။ မုဒိမ်းမှုမှာတောင် ပြုကျင့်ခံရသူ နစ်နာမှာစိုးလို့ နာမည်ဝှက် ပေးရတာ။ ပြုကျင့်သူကိုကျ အမည်ရော ဓာတ်ပုံရော ဖော်ပြခွင့်ရှိတယ်။

သစ်ခိုးထုတ်တယ်ဆိုတာ ကိုယ့်နိုင်ငံရဲ့ ရာသီဥတုကို မုဒိမ်းကျင့်နေတာဗျ။ ဒီတော့ သူ့ဘာသာသူ ဘယ်လောက် ချမ်းသာချမ်းသာ ကျွန်တော် တို့ရဲ့စိတ်ထဲမှာတော့ သူ ခိုးကြမ်းပိုးပဲဗျ။ ဒီတော့ သူခိုးကြမ်းပိုးတွေရဲ့ နာမည်လေးတော့ သိချင်တာပေါ့ဗျာ။ ဟုတ်ဖူးလား။ ထဘီခိုးမှ သူခိုး မဟုတ်ဘူးဗျ။ သစ်ခိုးတာလည်း သူခိုးပဲလေ။ ဒါကြောင့် ဖြစ်နိုင်ရင် ဒီသူခိုးတွေရဲ့ နာမည်လေး ဖော်ပြပေးကြပါလားဗျာ။ ဖမ်းမမိရင် တောင်လမ်းတွေ့ရင်ရှောင်လို့ရတာပေါ့။

သုံးသိန်းတန်စကား

ဒီစကားကလည်းအတော်ကလေး ကို တာသွားခဲ့ပါတယ်။ အဲဒီစကား တစ်ခွန်းကြောင့်ပဲ တချို့ဌာနတွေမှာ ”သုံးသိန်း မပြည့်ဘူးလေ။ ဘာဖြစ်လဲ”ဆိုတာမျိုးတောင် ကြားနေရပါတယ်။ နောက်ပြီးတော့ အငယ်တန်းအဖွဲ့တွေ ကလည်း ”ငါတို့ကတော့ နည်းနည်း စီဆိုတော့ အေးဆေး” ဆိုပြီးတော့လည်း ခပ်ဝင့်ဝင့် ဆိုနေကြပြန်ပါတယ်။

ဟုတ်လည်း ဟုတ်ပါတယ်။ ဥပမာ ဗျာ လူတစ်ယောက် ကားတစ်စီးကို တစ်ရာတစ်ထောင်ပဲ လာဘ်စားနေတဲ့ သူအတွက်က သုံးသိန်းဆိုတာ အဝေးကြီးလေဗျာ။ ဒါပေမဲ့ သူတို့က တစ်ရက် ကို လူပေါင်း တစ်ထောင်၊ တစ်သောင်း လောက်ဆီက ရနေတာလေ။ ဒါဆို သူတို့ ခါတိုင်းယူနေတဲ့ တစ်ရက် တစ်ရာ တစ်ထောင် တစ်သောင်း ဆို တာ သုံးသိန်းနဲ့စာရင် နည်းသလိုများ ဖြစ်မနေဘူးလားခင်ဗျာ။ ဒီလို အဖြစ် မျိုး၊ ဒီလို စကားမျိုးကြားရတော့ စကားပုံတစ်ခုတောင် သတိရမိသေးသဗျ။အလှူ မင်္ဂလာပွဲတွေ ကို အခြေခံ ပြီး ပေါ်လာတဲ့စကားပုံပေါ့ဗျာ။ ”ဆရာတော်တစ်မတ်၊ ဗျောငါးကျပ်”

ကျေးရွာက အလှူတစ်ခုပေါ့ဗျာ။ အလှူလုပ်မယ်ဆိုတော့ ဆရာတော်ရဲ့ ကျောင်းမှာလုပ်ရတာကိုးဗျ။ ဒါကြောင့် ဆရာတော်ဆီသွားပြီး အလှူငွေ တစ်မတ် ကျောင်းကို အပ်လိုက်တယ်။ ပြီးတော့ အလှူကို စည်ကားစေချင် တာနဲ့ ဗျောအဖွဲ့ ငှားရတာပေါ့။ ဒီမှာတင်ဗျောအဖွဲ့က ”ဒီအလှူမှာ သူတို့ငါးကျပ်ရမှ တီးနိုင်မယ်”…။
ဒါနဲ့ပဲ အလှူရှင်က သူ့အလှူပွဲ စည်ကားချင်တာနဲ့ပဲ ဗျောအဖွဲ့ကို ငါးကျပ်နဲ့ ငှားလိုက်ရပါတယ်။ စဉ်းစားကြည့်ဗျာ။

တကယ့်တကယ် အလှူကြီး တစ်ခုလုံးဖြစ်မြောက်ဖို့ ကုန်ကျငွေ လှူရတာတစ်မတ်၊ ပွဲစည်ကားဖို့ ဟေးလေးဝါးလားဖြစ်ဖို့ ဗျောငှားရတာက ငါးကျပ်ကျတယ်ဗျ။ဒါကြောင့် ဒီစကားပုံလေး ဖြစ်လာတာပေါ့။ ”ဆရာတော် တစ်မတ် ဗျောငါးကျပ်”တဲ့။ ကဲ အခုလည်း ဆရာတော်က တော့ တစ်မတ်လောက်ပြောတာပါပဲ။ ဒါပေမဲ့ အနောက် မှာ ဟေးလေး ဝါးလားနဲ့ လူတွေက ဗျောတင်ဖို့ ငါးကျပ်တောင်းဖို့ ပြင်နေကောင်း ပြင်နေကြတော့မှာ။ ဒီလောက်ပါပဲဗျာ ….

အကြည်တော်
Popular Myanmar News Journal