ထိုးစစ်ဆင်တာကို ရပ်တန့်ဖို့ မြန်မာစစ်တပ်ကို UNFC ပြော
ပို့စ်တင်ချိန်
- 4/25/2014 08:41:00 PM
မြန်မာစစ်တပ်အနေနဲ့ ကချင် KIA ၊ တအောင်း ပလောင်TLNA နဲ့ ရှမ်း SSA(N) တပ်ဖွဲ့တွေ အပေါ် သာလွန်တဲ့စစ်အင်အားတွေသုံးပြီး ထိုးစစ်ဆင်နေတာကို ရပ်တန့်ဖို့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုး များဖက်ဒရယ်ကောင်စီက ပြောပါတယ်။
UNFC ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီရဲ့ ညီလာခံတစ်ခု (Credit: ABC)
မြန်မာစစ်တပ်ရဲ့ တပ်မ ၁၁၊ ၃၃၊ ၅၅၊ ၆၆၊ ၇၇၊ ၈၈ နဲ့ ၉၉ တို့ဟာ ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသမှာ ၀င်ရောက်နေရာယူ ထိုးစစ်ဆင်နေတာကြောင့် စစ်ပြေးဒုက္ခသည်တွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ စစ်ရာဇ၀တ်မှုကျူးလွန်တာတွေ ကြားသိနေရတဲ့အတွက် စိုးရိမ်မကင်း ဖြစ်ရတယ်လို့ UNFCရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ ဦးနိုင်ဟံသာက ပြောပါတယ်။
ကျနော်တို့ရဲ့ နိုင်ငံရေးပြေလည်ဖို့ ၊ အပစ်အခတ်ရပ်စဲရေးရဖို့ အဲဒါကြိုးပမ်းနေတဲ့ကာလမှာ အခုလိုထိုးစစ်တွေဆင် လာတော့ ပြည်သူတွေအနေနဲ့ပေါ့လေ တော်တော်လေးကို တိုးတက်နေပြီ၊ တော်တော်လေးကိုအောင်မြင်နေပြီလို့ တဖက်က မြင်နေကြပေမဲ့ တကယ်အခြေအနေမှန်က မလွယ်ဘူးဆိုတဲ့ အနေအထားမျိုး၊ တဖက်ကတော့ တမျိုးမျိုးနဲ့ နှောက်ယှက်ပေးနေတဲ့ ပုံစံမျိုးတွေရှိနေတယ်၊ အခက်အခဲတွေရှိနေတယ်ဆိုတဲ့ဟာကို အခြေအနေ မှန်ကို လူထုကို တင်ပြပေးလိုက်တာပါ။
ဒီလို ထိုးစစ်ဆင်မှုတွေ ဆက်ဖြစ်လာမယ်ဆိုရင် မေလမှာပြုလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်ဆုတ်သွားနိုင်တယ်လို့လည်း ဦးနိုင်ဟံသာက ဆက်ပြောပါတယ်။
နဲနဲတော့နောက်ဆုတ်သွားနိုင်တဲ့အလားအလာရှိပါတယ်၊ မေလ ပထမအပတ်မှာ ပထမချိန်းထားတယ်၊ ချိန်းထားတော့ ဒီတိုက်ပွဲတွေအခြေအနေကြောင့်ပေါ့လေ အထိုက်အလျောက်တော့ နောက်ဆုတ်သွားဖို့ ရှိတယ်လို့ ကျနော်တို့ ခန့်မှန်းမိတယ်။
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး မကြာခင်ရက်ပိုင်းမှာ အစိုးရကိုယ်စားလှယ် တွေနဲ့ တွေ့ဆုံဖို့ရှိနေပြီး အခုဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမယ်လို့ ပြောပါတယ်။ ညှိနှိုင်းဆွေးနွေးရေးကို ဖျက်ဆီးလိုတဲ့အတွက် မြန်မာစစ်တပ်ကနေ ထိုးစစ်ဆင်နေတာလို့ ယူဆရမလိုတောင် ဖြစ်နေတယ်လို့ KIA က ပြောလိုက်တဲ့အကြောင်း မြတ်မိုးက သတင်းပေးပို့ထားပါတယ်။
ABC radio austrilia