ဆင်းရဲတွင်းက လွတ်ချင်လျှင်
ပို့စ်တင်ချိန်
- 4/25/2014 04:46:00 PM
“ မေကြီး သား ငါးဟင်းမစားချင်ဘူး ” ဆိုတဲ့ဘေးအိမ်က အသက် ၁၂ နှစ်အရွယ်ကလေးတစ်ယောက် သူ့အမေကို ပြောလိုက့်စကား ကြားမိပြီး အတွေးတချို့ ၀င်ရောက်လာခဲ့ပါတယ် ။ ကျွန်တော်လည်း ငယ်ငယ်တုန်းက ဆို ဒီဟင်းမစားချင်ဘူး ဒါဝတ်ချင်တယ် ဟိုဟာ ၀ယ်မပေးဘူးလား ဆိုတဲ့ ကိုယ်လိုချင်တဲ့အသိလေးတစ်ခုနဲ့ မိဘတွေကိုပူဆာခဲ့ပေးဘူးတယ် ။ မိဘတွေ ရှိမှန်းမသိ မရှိမှန်းမသိပဲ ကိုယ်ဖြစ်ချင်တာကို ဇွတ်ရအောင်ပူဆာခဲ့ပေးဖူးပါတယ် ။ ရတဲ့အခါလည်းရခဲ့သလို မရတဲ့အခါလည်းမရခဲ့ပါဘူး ။ ဒီနေရာမှာ ကျွန်တော်တွေးမိလာတာတစ်ခုရှိတယ် ။
ကျွန်တော်တို့အားလုံးက ကကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာကိုပဲ အဓိက ဦးစားပေးတတ်တဲ့လူသားတွေများလားပေါ့ ။ လူတိုင်းလူတိုင်းမှာ ပြည့်စုံတဲ့လူရှိသလို မပြည့်စုံတဲ့လူလည်းရှိပါတယ် ။ ဘ၀အပေးအကျိုးပေးကံခြင်းလည်းမတူကြသလို ဖြတ်သန်းပုံနဲ့ ကြီးပြင်းရာ ပတ်ဝန်းကျင်အခြေအနေလည်းမတူညီကြပါဘူး ။ ၃ သိန်းတန် ၀ီစကီ ကို ညတိုင်းပေါ့ပေါ့ပါးပါးသောက်နိုင်တဲ့လူတွေရှိသလို ပိုက်ဆံငါးရာနဲ့ ညနေစာ ဘာစားရင်ကောင်းမလဲ တွေးနေရတဲ့လူတွေလည်း ဒုနဲ့ဒေးရှိပါတယ် ။ ဒီစာပိုဒ်လေးရေးရတဲ့အကြောင်းရင်းက မိမိ ဘ၀ကို မိမိ အကောင်းဆုံးဘယ်လို ပြင်ဆင်ခံယူမလဲဆိုတာပြောပြချင်တာပါ ။
ကျွန်တော် ပထမ စာတွေတုန်းကလည်းရေးခဲ့ဖူးပါတယ် ။ “ လောကမှာ ရွေးချယ်ခွင့်မရှိတာ ကိုယ့်မိဘနဲ့ ကိုယ့်ဘ၀ ပဲ မိဘတွေကသားသမီးကိုရွေးချယ်ခွင့်မရှိသလို သားသမီးတွေကလည်း ဘယ်မိဘကိုမှ လိုချင်ပါတယ်ဆိုပြီးရွေးချယ်ခွင့်မရှိပါဘူး ” ကျွန်တော်တို့ ဗုဒ္ဓဘာသာအရတော့ ရေစက်ရှိလို့ သားသမီး ရယ်မိဘရယ်ဖြစ်လာကြပြီး ဒီဘ၀မှာ လာရောက်တော်စပ်နေကြရတာပါ ။ ဒီတော့ ကိုယ့်မိဘအခြေအနေကြောင့်ဖြစ်စေ ကိုယ်ရရှိနေတဲ့ဆင်းရဲချို့တဲ့ပင်ပန်းလွန်းတဲ့ဘ၀တစ်ခုကြောင့်ဖြစ်စေ တခြားပြည့်စုံကြွယ်ဝတဲ့မိသားစုတွေကိုကြည့်ပြီး အားငယ်စိတ်တွေ ၀မ်းနည်းစိတ်တွေဝင်နေတဲ့လူတချို့ကို ဒီစာလေးကနေ ခွန်အားတစ်ချို့ပေးချင်ပါတယ် ။
ဘယ်သူ့မှာမှ ပြီးပြည့်စုံခြင်းဆိုတာမရှိပါဘူး ။ မှန်ပါတယ် သုံးနိုင်တယ်ဖြုန်းနိုင်တယ် တိုက်ကြီးကားကြီးနဲ့နေနိုင်လို့ သူတို့ဘ၀ ပြည့်စုံတယ် ပျော်စရာကောင်းတယ်လို့ သင်ထင်နေပါသလား ။ မှားပါလိမ့်မယ် ။ လူတိုင်းမှာ သူ့အပူနဲ့ သူ့သောကဆိုတာ ရှိတတ်ကြပါတယ် ။ ဘယ်လောက်ပဲ ချမ်းသာကြွယ်ဝနေပါစေ သူနဲ့ဆိုင်ရာဆိုင်ရာ ဒုက္ခနဲ့ မပျော်ရွှင်မှုနဲ့သောကဆိုတာရှိတတ်ကြပါတယ် ။ သင်ကရော ကိုယ့်ဘ၀ကိုယ် ချို့တဲ့လှပြီဆိုပြီး ဘာလို့စိတ်ပျက်အားငယ်နေရတာလဲ ။ တကယ်တော့ ကိုယ်က ဒီဆင်းရဲတဲ့ဘ၀ကြီးကို အတင်းဝင်လာခဲ့တာမဟုတ်သလို ကိုယ့်ကိုလည်းဘယ်သူကမှ အတင်းကြီးဆွဲခေါ်လာခဲ့တာမဟုတ်ပါဘူး ။
ကိုယ့်မှာ လုပ်နိုင်ကိုင်နိုင်တဲ့ခန္ဓာကိုယ်တစ်ခုရှိတယ် ဦးနှောက်ရှိတယ် သူများတွေလိုတွေးတတ်တယ် အလုပ်လုပ်နိုင်တယ် ဒါဆို သူများတွေနဲ့အားလုံးတန်းတူပါပဲ ။ မွေးဖွားလာကတည်းက အားလုံးတန်းတူပါပဲ ။နောက်ပိုင်းအသက်ကြီးလာလို့ကွာသွားတာက တချို့က ကြိုးစားတယ် ဇွဲရှိတယ် ဒီတော့အောင်မြင်တယ်ချမ်းသာတယ် ။ ကိုယ်က ဆင်းရဲတာကိုအကြောင်းပြပြီးလုပ်ချင်ကိုင်ချင်စိတ်မရှိဘူး ကြိုးစားလိုစိတ်မရှိဘူး ဦးနှောက်ကတုံးသထက်တုံးလာမယ် ဒါဆို ဘယ်တော့မှ ဒီဆင်းရဲတွင်းထဲကလွတ်မှာမဟုတ်ပါဘူး ။
လောကမှာ ထူးပြီးအားငယ်စရာမရှိပါဘူး ။ ကိုယ့်ထက်သာတဲ့လူတွေရှိသလို ကိုယ့်ထက်တောင်နိမ့်ကျနေတဲ့လူတွေလည်းတစ်ပုံကြီးပါပဲ ။ ကိုယ့်ဘ၀ကို ကျေနပ်လက်ခံတတ်အောင်ကြိုးစားပါ ။ ဆင်းရဲတွင်းကလွတ်ချင်ရင် အဲဒီဆင်းရဲတွင်းထဲကို ဘယ်သူမှ လှေကားလာချပေးမှာ မဟုတ်ဘူး ။ကိုယ့်ဘာသာ တွင်းအပေါ်ရောက်အောင် ကြိုးစားပြီးတက်ရမှာပဲမဟုတ်လား ။ တကယ်တော့ စိတ်ဓါတ်ကျတယ် .. အားမလိုအားမရဖြစ်တယ် သိမ်ငယ်တယ်ဆိုတာ ကိုယ့်အားနည်းချက်ကိုယ့်လိုအင်တွေမပြည့်လို့ ကိုယ့်ဘာသာ ဒုက္ခပေးနေတဲ့ရှက်စရာအရာတစ်ခုပါ ။ ဒီစာလေးကိုဖတ်ပြီး စိတ်ဓါတ်ကျခြင်းသိမ်ငယ်ခြင်းတွေကို မောင်းထုတ်ပစ်လိုက်ပါ ။
အရာအားလုံးဟာ တန်းတူပါပဲ ။ အရာရာ ဟာ သင့်လက်ထဲမှာပဲရှိပါတယ် ။ လူတော်တော်များများက သူများကိုပဲမြင်တတ်ကြတယ် တကယ်တော့ ကိုယ့်ကိုယ်ကိုမြင်အောင်ကြည့်ဖို့ အရေးအကြီးဆုံးပါပဲ ။
သက်တန့်ချို