သက်ရှိ လူမမယ်ကလေးပါဆယ် ဤအရပ်တွင် မည်သူမဆို ကားဖြင့်သယ်ပို့နိုင်သည်

ပို့စ်တင်ချိန် - 4/03/2014 05:24:00 PM


ပူကျစ်နေသော နေရောင်အောက်တွင် အသက် ၆ဝ ခန့် အမျိုးသမီး တစ်ယောက်က သူ့အသက်အရွယ်နှင့်မလိုက်အောင်ပင် ခြေလှမ်း ခပ်သွက်သွက်နှင့် လျှောက်နေသည်။ သူအမည်က ဒေါ်ဖွားမေ။

အသက်အရွယ်နှင့် နေပူဒဏ်ကိုမမှုဘဲ ဤမျှသွက်လက်စွာ လှုပ်ရှားနေခြင်းတွင် အကြောင်းရင်းရှိပါသည်။ တခြားတော့မဟုတ် ရွာ အခေါ်အပေါ် (ဘန်ကောက်ကိုဆိုလိုသည်) တွင် အလုပ်လုပ်နေသည့် သမီးအကြီးက ပို့လိုက်သည့်ပါဆယ်ထုပ်ကို ကားဂိတ်တွင် အချိန်မီယူရမည့်အတွက်ဟု သူက ပြောသည်။

နည်းနည်းမှ နောက်ကျလို့မဖြစ်၊ အရေးကြီးသည်။ နောက် ကျနေပြီ လားဆိုသည့် စိုးရိမ်စိတ်က သူ့မျက်နှာပေါ်တွင် အထင်းသား။ ငှားလာသော ဆိုင်ကယ်မောင်းနှင်အားကိုသာ ပါးစပ်မှ ပွစိပွစိရေရွတ်ရင်း လက်ထဲ တွင်ကိုင်ထားသည့်စာရွက်ကို ကြည့်ကာ ကားကိုရှာနေသည်။ ဘာပို့လိုက်လဲဆိုသည်ကို သူမှလွဲ၍ အခြားသူသိမည်မဟုတ်၊ ကွဲရှတတ်သည့် ပစ္စည်းမျိုးဆိုလျှင်တောင် ဒီလောက်စိတ်သော ကရောက်စရာမလိုဟု ဒေါ်ဖွားမေက ဆိုသည်။

အခုတော့ အချိန်မီရွေးယူရမည့် ထိုအရာက သက်မဲ့ရုပ်ဝတ္ထုပစ္စည်း မဟုတ်သည့် သက်ရှိ။ တိတိကျကျဆိုရပါလျှင် ပို့လိုက်သော ပါဆယ်ထုပ်မှာ သူ့သမီးကမွေးသည့် မြေးအရင်းခေါက်ခေါက်။ ထိုမြေးဖြစ်သူကိုမှ သက်မဲ့ ပစ္စည်းကဲ့သို့ ပါဆယ်ဖြင့်ထုပ်ကာ ကားဖြင့်တင်ပို့လိုက်ခြင်းပင် ဖြစ်သည်။

ကြားရသူအပေါင်း ပါးစပ်အဟောင်းသားဖြစ်ကာ အလန့်တကြားဖြင့် အာမေဋိတ်သံတစ်ခုခုအလိုလို ထွက်သွား မိသည်အထိ မကြားစဖူးအထူးအဆန်းဖြစ်ပါလိမ့်မည်။ ကလေး တစ်ယောက်ကို သက်မဲ့ပစ္စည်းတစ်ခုလို ပါဆယ်ပုံးတွင်းထည့်၍ ပို့သည့်ဖြစ်ရပ်ကို မည်သို့ခေါင်းစဉ်တပ်ရပါမည်နည်း။ အထဲ မှာဘယ်လိုနေမလဲ။ မငိုဘူးလား၊ နို့မဆာဘူးလား၊

အသက်ဘယ်လိုရှူမလဲဟူသည့် မေးခွန်းများနှင့်အတူ အဘယ့်ကြောင့် ဤသို့ပြုလုပ်ရပါသနည်းဟု ကြားရသူတိုင်း အတွေးပေါ်ကြမည်ဟု ထင်ပါသည်။ သို့သော်လည်း ဤဒေသဒီရွာဘက်တွင် တော့ ယင်းဖြစ်စဉ်ကအစိမ်းသက်သက်မဟုတ်တော့ပေ။ ပါဆယ်ထုပ်ကို အများအားဖြင့် မြဝတီနှင့် အုန္နဲတိုက်ရိုက်ပြေးဆွဲသည့် ကားဂိတ်တွင်သွားရောက်ယူဆောင်ခဲ့ရကြောင်း၊ ထိုသို့မဟုတ်ပါက အိမ်တိုင်ရာရောက်ပို့ဆောင်ပေးကြောင်း သူကဆက်ပြော ပြသည်။

ယခင်က အရိုးပုံရွာသည် ယခုကဲ့နိုင်ငံခြားနှင့် ဆက်သွယ် သွားလာနိုင်လောက်သည့် အနေအထားမရှိ။ ပင်လယ်ကမ်း နားဘေးရွာလေးဆိုသည့်အတိုင်း လယ်လုပ်သူ၊ ငါးရှာသူနှင့် သမားရိုးကျ လုပ်ကိုင်စားသောက်နေသည့် ရွာတစ်ရွာသာ။ သို့သော် ပြောင်းလဲ လာသည့် ခေတ်ကာလအခြေအနေ အရ လယ်ရောင်း၊ နွားရောင်း ကာဇာတိစွန့်ခွာ၍ နိုင်ငံခြားထွက် အလုပ်သွားလုပ်သည့်ခေတ်။ သို့ဖြစ်၍ယခင်နှင့် ယခုသည်လည်း မတူတော့ပါ။

”ရွာကလူတော်တော်များများ အပေါ်(ဘန်ကောက်) မှာ အလုပ်လုပ်နေတာ များပါတယ်၊ အဆက်အသွယ်ရှိသွားတော့ နောက်လူလိုက်ဖို့ မခက်တော့ ဘူး၊ ပြန်လာလိုက်ပြန်သွားလိုက် လုပ်နေတဲ့လူတွေအများကြီး ရှိပါတယ်”ဟု ရွာခံ ကိုမဲလုံး (အမည်လွှဲ)က ပြောသည်။

ထို့ကြောင့် အရိုးပုံရွာသားများမှာ မြို့နေလူတန်းစား များအတိုင်း နိုင်ငံခြားကို သွားလာနိုင်သည်မှာ မဆန်းတော့ပေ၊ ယခင်က လှေ၊ နွားလှည်းသာ သွားလာနိုင်သည့် ရွာ၊ အခု ဆိုင်ကယ်၊ ကားသွားလို့ရပြီ။ ဘိလိယက်ခုံ၊ စာသင်ကျောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ အအေးဆိုင်၊ လျှပ်စစ်မီးအတွက် ဆိုလာပြား။ သို့သော်ခေတ်အခြေအနေအရ ရွာတစ်ရွာ၏ တိုး တက်ပြောင်းလဲမှုများထဲ သက်ရှိကလေးကို လူကြုံမပါဘဲ ပါ ဆယ်ထုပ်ဖြင့်ထုပ်ကာ ပေးပို့မှုဓလေ့ ထွန်းကားနေခြင်းကတော့ တိုးတက်ဖွံ့ဖြိုးမှုခေါင်းစဉ်အောက် ထည့်သွင်းရန်မသင့်ပေ။

”ကျွန်တော်တစ်ခါတွေ့ဖူးတုန်းကတော့ ပါဆယ်ပုံးအဖွင့် ကလေးအနိုးပဲ။ ကလေးနဲ့အတူ နို့ဘူးလေးတောင် ပါလာသေးတယ်။ စပ်စုပြီးမေးကြည့်တော့ ဟိုက ပို့လိုက်ကတည်းက ဒီလိုဖြစ်အောင် လုပ်ထားတာ၊ ကလေးကို ဆေးတစ်မျိုးတိုက်ပြီး ပို့လိုက်တာလို့ ပြောပါတယ်”ဟု ကံလှကျေးရွာမှ ကိုချစ်ဦး (အမည်လွှဲ)က ပြောသည်။

ပါဆယ်ထုပ်ပို့ရန် အကြောင်းကြားခြင်း၊ ငွေပို့ခြင်းတို့အတွက် အခက်အခဲမရှိသလို့ ပြန်အကြောင်းကြားရန်အတွက်လည်း တစ်စုံတစ်ရာမခက်ခဲ့ကြောင်း ၎င်းကဆက်ပြောပြသည်။

”အပေါ်က ဖုန်းလာတယ်ဆိုတာနဲ့ ဖုန်းရှိတဲ့အိမ်က လော်စပီကာနဲ့ တစ်ရွာလုံးကြားအောင် ခေါ်တယ်။ မကြားရမှာ မပူရဘူး။ တစ်ခုတစ်ခု ပြောချင်ရင်လည်း သူတို့ပေးထားတဲ့ ဖုန်းနံပါတ် ကိုဆက်င်္ပြီးပြောထားလိုက်ရုံပါပဲ”ဟု ဖုန်း ဆက် သွယ်မှုနှင့် ပတ်သက်၍ ဒေသခံရွာသူတစ်ဦးက ပြောသည်။

ငွေလွှဲသည့် ကိစ္စများကိုလည်း ဖုန်းခေါ်ဆိုပေးသည့်အိမ်မှ တာဝန်ယူလုပ်ကိုင်ဆောင်ရွက်ပေးကြောင်း စားသောက်စရာမှ အစအဝတ်အထည်အထိအဆုံး အဆင်ပြေပြေရှိကြောင်း တစ်စုံတစ်ရာ ချွတ်ချော်မှုရှိသည်ကို ကြားသိရခြင်းမရှိသေးကြောင်း အဆိုပါဒေသခံက ဆက်ပြောပြသည်။

အရေးအကြီးဆုံးအချက်မှာ ဤဒေသတွင်နေထိုင်သူများအတွက် ယခုကဲ့သို့ လုပ်ကိုင်နေမှုများကို သာမန်ဖြစ်စဉ်တစ်ခုဟုသာ သတ်မှတ်ထားခဲ့ပြီး မည်သည့်ဥပဒေကိုမျှ ချိုးဖောက် ခြင်းမရှိဟု ထင်မှတ်နေကြခြင်းဖြစ်သည်။ ”တစ်ခေါက်ပြန်လာဖို့ဆိုတာ လမ်းစရိတ်ကုန်မယ်။ အလုပ်ပျက်မယ်။ ဒီတော့ လွယ်လွယ်ပဲ အဆင်ပြေသလို ပို့ဖြစ်တာပါ” ဟု အထက်ပါဒေသခံက ဆက်ပြောသည်။ အဘယ်ကြောင့်ဆိုသော် စိုးရိမ်ကြောက်လန့်မှုနှင့် တွန့်ဆုတ်မှုမရှိဘဲ လွတ်လပ်ပွင့်လင်းစွာ ပြောဆိုနေသည့် စကားများအရ ယင်းကဲ့သို့ အလွယ်တကူသိနိုင်ခြင်း ဖြစ်သည်။ ထိုသို့ ဖြစ်ရန်လည်း ခိုင်လုံသည့်အကြောင်းက မည်သူတစ်ဦးတစ်ယောက်ကမှ အရေးတယူစုံစမ်းနေခြင်း မရှိသောကြောင့်ဟု ယူဆနိုင်ပါသည်။

ထို့ပြင် ယင်းကဲ့သို့ တစ်ဖက်ကမ်းတွင် အလုပ်လုပ်ရင်း ရရှိသော သားသမီးမြေးမြစ်များကို ပါဆယ်ဖြင့်ပင် ပြန်ပို့ရင်း တချို့ ကလေးတွေတောင် ကျောင်းတက်နေသည့် အရွယ် ပင် ရောက်နေကြပြီ မဟုတ်လော။ တချို့ရွာသားများတွင် မိမိ သား/သမီးများ ထိုကဲ့ သို့ နိုင်ငံခြားတွင်အလုပ်လုပ်နေမှုကိုပင် ဂုဏ်ယူနေသည့် ပုံစံရှိနေပြီး နားထောင်သူများမှာလည်း မနာလို ဖြစ်ခြင်းမျိုးရှိမနေသည့်အပြင် အားကျမှုပင်ဖြစ်သည်ဟု ဒေသခံအချို့က ဝန်ခံသည်။

သို့သော် ဤလုပ်ရပ်အပေါ် မည်သို့ပင် မသိမရှိကြ သည် ဖြစ်စေ မြန်မာနိုင်ငံ၏ လက်ရှိပြဋ္ဌာန်းထားသော တည်ဆဲဥပဒေ များအရမူ ပြစ်မှုမြောက်နေသည်ကိုတော့ ငြင်းမရပါ။

”ရောင်းစား တာမဟုတ်ဘူးဆိုတော့ လူကုန်ကူးမှုမ မြောက်ပေမယ့် ဒီလိုပို့တယ်ဆိုရင်တော့ ဒါဟာလူသားမဆန်ဘူးလို့ ပြောဆိုလို့ရတယ်”ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဗဟိုရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးခင်မောင်လှက ဆိုသည်။

ထို့ပြင်သားသမီးကို မိဘကရပ်ဆွေရပ်မျိုးများထံ ယင်းကဲ့သို့ လူသားမဆန်စွာတင်ပို့မှုကို အရေးယူရန်ရှေ့နေချုပ်ရုံး များနှင့်တိုင်ပင်ပြီး ဥပဒေကြောင်းအရ အရေးယူနိုင်ရန် ပုဒ်မ ရှာဖွေရမည်ဟု ပြောသည်။ သို့ရာတွင် ကလေးငယ်များအား ပါဆယ်ပုံးတွင်းထည့်ကာ ယင်းကဲ့သို့တင်ပို့နေမှုအပေါ် အရေးယူအပြစ်ပေးခဲ့ရမှုများ ရဲတပ်ဖွဲ့ သမိုင်းတွင် မရှိသေးဟုလည်း ၎င်းက ပြောသည်။

မိဘက မိမိသားသမီးရင်းကို မိဘရပ်ထံဆွေမျိုးများဆီသို့ ကျွေးမွေးပြုစုနိုင်ရန် ပို့ဆောင်ခြင်းဖြစ်သည့်အတွက်အရေးယူ ၍မရသော်လည်း ပို့ဆောင်စဉ် ကလေးတစ်စုံတစ်ရာ ထိခိုက် မိသည့်ပြဿနာပေါ်လာမည်ဆိုပါလျှင်နှစ် ဖက်စလုံးကို အရေးယူနိုင်သည်ဟု ၎င်းက ဆက်လက်ပြောပြသည်။

”မဟုတ်ရင် ငိုငိုယိုယိုတွေနဲ့ဆို ဘယ်အဆင်ပြေပါ့မလဲ။ နိုင်ငံတကာမှာလည်း ဒီအတိုင်းလုပ်ကြပါတယ်”ဟု ဒုတိယ ရဲမှူးကြီး ဦးခင်မောင်လှကသုံးသပ် သည်။ အဆိုပါ ကလေးပါ ဆယ်ပို့နေသည့် ကဝမြို့နယ်အတွင်းရှိ အရိုးပုံရွာ ကိစ္စကဲ့သို့ပင် အလားသဏ္ဌာန်တူသည့်ပုံစံမျိုးဖြင့် နိုင်ငံတကာတွင် လူကုန် ကူးမှုများ ပြုလုပ်နေသည်ဟု ဒုတိယရဲမှူးကြီးက နိုင်ငံတကာ ဖြစ်စဉ်များနှင့် ကိုးကားပြီးမှတ်ချက်ပြုသည်။

”ပုခက်အတွင်းထဲက ကလေးငယ် အရွယ်လေးတွေကို စက္ကူပုံးထဲထည့်ပြီး လူကုန်ကူးနေတဲ့ဖြစ်စဉ်တွေ တရုတ်မှာ လည်းရှိတယ်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့စုများက လူကုန်ကူးကြသူများအား ပြည်တွင်း၌ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည့်အပြင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဖမ်းဆီးခဲ့ရာ ၂ဝ၁၃ ခုနှစ်အတွင်း တရားခံအမျိုးသား ၁ဝ၈ ဦးနှင့် အမျိုးသမီး ၂၅၄ ဦးဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့သော ကလေးပို့ဆောင်မှုကို ကားဂိတ်ယာဉ်လိုင်း များနှင့်သာ ချိတ်ဆက်ပြုလုပ်ကြခြင်းဖြစ်ပြီး ထိုသို့ ဆောင်ရွက် မှုကို ငွေကြေးတစ် စုံတစ်ရာပေး၍ နှစ်ဖက်လုပ်ကိုင်နေခြင်း ဖြစ်နိုင်သည်ဟု ဒုတိယရဲမှူးကြီးက ခန့်မှန်းပြောဆိုသည်။

ရဲအဖွဲ့၏ ခန့်မှန်းသုံးသပ်ချက်အရမူ ကလေးအား စက္ကူ ပုံးတွင်းသို့ ထည့်ထားစဉ်တွင် မငိုမယိုဘဲ အိပ်စက်နေသကဲ့သို့ ဖြစ်နေစေရန် မူးယစ်ဆေးဝါးကဲ့သို့ ဆေးဝါးတစ်မျိုးမျိုးသုံးစွဲမှု ရှိလိမ့်မည်ဟု သိရသည်။ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဦးမြဝင်းကလည်း ယင်းဖြစ် စဉ်များ ဖြစ်နေမှုအပေါ် တွင် တစ်စုံတစ်ရာထိခိုက်နစ်နာမှု မရှိစေရေးအတွက် စစ်ဆေး အရေးယူမှုပြုလုပ်သွားမည်ဟု ပြောသည်။

မတတ်သာ၍ဟုပဲဆိုဆို၊ အခြေအနေအရဟုပင် ပြော ပြော၊ မဖြစ်လွန်း၍ပါဟု ညည်းညည်း မိမိတို့သွေးသား လူမ မယ်လေးများကို စက္ကူပုံးအတွင်း ထည့် ကာ သက်ရှိပါဆယ် အဖြစ်ပို့နေခြင်း ဓလေ့ကတော့ ထိုဒေသလေးတွင် အမြစ်တွယ် လျက်ရှိနေတုန်းပင် ဖြစ်သည်။ မိမိမြေးဖြစ်သူပါလာသည့် ပါဆယ်ထုပ်လာထုတ်ခဲ့သည့် ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် အရိုး ပုံကျေးရွာမှ ဒေသခံ တစ်ဦးဖြစ်သူ ဒေါ်ဖွားမေကတော့ ”တစ်ခါမှ ကလေးသေ ဆုံး တာ မရှိခဲ့ပါဘူး။ အဆင်ပြေပြေဖြစ်တာ တွေ့ရပါတယ်။ ဘာအခက် ခဲအတားအဆီးဖြစ်တာမှလည်း မတွေ့ရပါဘူး”ဟု ဆိုပါသည်။

အောင်ဇော်
Popular Myanmar