နတ်မနိုင်သား နွားချေးပုံနဲ့ ညားတဲ့နေ့
ပို့စ်တင်ချိန်
- 4/25/2014 05:23:00 PM
ငယ်စဉ် ကလေး ဘ၀တွင် ကြုံရတွေ့ရ သည်များမှာ တစ်ခါတရံ ၀မ်းနည်းဖွယ် လွမ်းဆွတ် ဖွယ်ရာ ကောင်းလှသည်။ တစ်ခါ တရံတွင်လည်း ပျော်ရွှင်ဖွယ်ရာ ၀မ်းမြောက် ဖွယ်ရာများလည်း ကြုံရတတ်ပြီး တစ်ခါတရံတွင် ထင်မှတ် မထားသော အံ့သြဖွယ်ကောင်းသော အဖြစ်အပျက် များနှင့်လည်း ကြုံရတတ်ပါသည်။
ကျောင်းပိတ်ရက်မို့ ကျောင်းနေဘက် သူငယ်ချင်းများ ရွာနှင့် မလှမ်းမကမ်းရှိ တောတန်းသို့သွားကာ မြရာသီးနှင့် သပြေသီး သွားခူးရန် အကြံရမိသည်။ ထိုနှင့် ပုဆိုးကွင်းသိုင်းသူသိုင်း၊ ပလိုင်း လွယ်သူလွယ်၊ ဓားကိုင်သူကိုင်၊ လောက်လေးဂွဆွဲသူ ဆွဲကာ တောတန်းစပ်သို့ ထွက်ခဲ့ကြသည်။
တောတန်းနှင့် ရွာကလေးမှာ တစ်မိုင်သာသာခန့်ဝေးသော်လည်း ကျနော်တို့ မျောက်အုပ်စုမှာ မည်မျှပင်ဝေးသော်ငြားလည်း မရမနေ သွားတတ် လုပ်တတ်ကြသည့် နတ်မနိုင်သားများဖြစ်ရာ ဤခရီးလောက်တော့ မမှု။
သို့သော် ရွာနှင့် တောတန်းကြားတွင် လယ်ကွင်းပြင်ကြီးနှင့် ထန်းတောကို ဖြတ်ကြရမည်ဖြစ်သည်။ လယ်ကွင်းကြီးမှာ မိုးတွင်းဖြစ်၍ ရွှံှ့ဗွက်များထူထပ်ကာ အချို့နေရာတွင် ရေများမှာခါးသာသာလောက် ရှိနေတတ်သည်။ ကန်သင်းရိုးများနှင့် ရေမြောင်းများမှာ ပေါလှပါဘိ။
`ဘုန်း …´
`ဟ … ဘယ်လိုဖြစ်တာတုန်း သူငယ်ချင်း … နေရင်းထိုင်ရင်း ဖားလိုက်ဖမ်းနေတာလား … ဒါမှမဟုတ် ထယ်ထိုးနေတာလား´ဟု ဗွက်များကြောင့် ခြေချော်၍ နောက်ပြန်လန်ကျသွားသော သူငယ်ချင်းတစ်ယောက်ကို လှမ်းနောက်လိုက်သည်။ ခဏခဏ ချော်ကျတတ်သော သူ့ခမျာ နောက်ပြန်လန်ကျ၍ ကျောဖြင့်ကျသောကြောင့် ခါးကိုကော့၍ မနိုင့်တနိုင်ထကာ ကျနော့်အား ဘုကြည့်ကြည့်လေသည်။
`အေဘေး … မင်းငါ့ကိုပြောထား မင်းအလှည့်ကျမှသိမယ်´ဟု ဘုတော တောလေတော့သည်။
ကျနော်က ဆက်ပြီး …`ဟေ့ကောင် … လူရယ်လို့ ဖြစ်လာရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရမယ်ကွ … အခု မင့်ဟာက ခဏခဏ ခြေချော်နေမှဖြင့် ရှေ့ဆက်ပြီး ဘ၀ခရီးကို ဘယ်လိုဆက်မှာလဲကွ …´
ကျနော့်မှာ ဘုန်းကြီးကျောင်းနေဖူး၍ ဘုန်းကြီးကျောင်း စာအုပ်များထဲမှ အလွတ်ကျက်ထားသော စာပုဒ်များဖြင့် ထိုးနှက်လေရာ သူငယ်ချင်းများခမျာမှာ မျက်လုံးကလေးများ ပေကလပ်ပေကလပ်ဖြင့် ကျနော့်အား ကြည့်ကြလေသည်။ ကျနော် ပြောချင်သည့် အဓိပ္ပာယ်ကို ၎င်းတို့ ကောင်းကောင်း နားမလည်။ ကျနော်လည်း လေကုန်ခံ၍ မရှင်းပြ။
`ဘုန်း … ဗြန်း …´
`ဟော … သွားပြန်ပြီနှစ်ကောင် … မင်းတို့လည်း အောက်ခြေမခိုင်သေးပါလားကွ … ဟေ´
အောက်ခြေမခိုင်ဆို၍ သကောင့်သားနှစ်ကောင်မှာ သူတို့ခြေထောက် သူတို့ပြန်ငုံ့ကြည့်ကြသည်။ သူတို့လည်း အဓိပ္ပာယ်ကို နားမလည်သေး။ သို့သော် ကျနော့်အား မမေးဝံ့။ တစ်လမ်းလုံးတွင် ကျနော် ထိုးနှက်နေသော စကားစစ်များ စကားလုံးများကို ၎င်းတို့မှာ နားကြားပြင်းကတ်စွာဖြင့် လိုက်ပါလာလေသည်။
တစ်နေရာ အရောက်တွင် …
`၀ုန်း … ဗြန်း … ဖွတ် …´
ကျနော့်ခြေထောက်မှာ မထင်မှတ်ဘဲ ချောမွေ့နေသော ရွံ့တုံးကြီးတစ်တုံးပေါ် တက်နင်းမိ၍ ပုံပျက်ပန်းပျက်ဖြင့် ဟတ်ထိုးလဲသည့်အပြင် မျက်နှာမှာ မည်သည့်အရာနှင့် အပ်မိသွားသည် မသိလိုက်။ တော်ရုံနှင့် ပြန်မထနိုင်။ ရင်ဘတ်မှာ နာလိုက်သည်ဖြစ်ခြင်း … ကျွတ် … ကျွတ် … ကျွတ် … ။
သကောင့်သားများမှာ ကျနော့်ကို ထူပေးဖို့နေနေသာသာ စစ်နိုင်သော စစ်သူကြီးများနှယ် ခါးများထောက်ကာ ကျနော့်အား …
ပထမလဲကျသည့်ကောင်က … `ဟေ့ကောင် … ဆက်ပြောလေကွာ … အခု မင့်ဖြစ်ပျက်တဲ့ ပုံစံလေးကို … အောက်ခြေ မခိုင်လို့လား … ဒါမှမဟုတ် ဘ၀ခရီး မခိုင်လို့လား … ဘယ်လို အဓိပ္ပာယ်လဲကွ´
နောက်တစ်ယောက်ကတော့ … `ငါက အဲဂလိုတော့ မထင်ဘူး သူငယ်ချင်းတို့ … အခုဟာက သူ ဒူးချောင်နေလို့ အောက်ခြေမခိုင်တဲ့အပြင် အိမ်မှာ ထမင်းစားရတာ မ၀လို့ ငါတို့ရှေ့မှာ ထယ်ထိုးပြီး ထမင်းလာစားပြနေတာကိုးကွ …´
အားလုံးမှာ တပြိုင်နက်ထဲ ကျနော့်အားငုံ့ကြည့်၍ တ၀ါးဝါးနှင့် ပွဲကျနေလေတော့သည်။
ပွဲကျပေမပေါ့ … ခြေချော်၍ ပုံပျက်ပန်းပျက် ဟတ်ထိုး မှောက်လျှက် လဲကျသည့်အပြင် ဘယ် ငနွားမသားက ချန်ရစ်ထားခဲ့သည် မသိသော နွားချေး (နောက်ချေး) ကြီးတစ်ပုံနှင့် ကျနော့်မျက်နှာမှာ အပ်လျှက်သား စန့်စန့်ကြီး ဖြစ်နေသောကြောင့်ပင်တည်း။
အဉ္ဇလီ
Irrawaddy