ယူနီဖောင်းပုံပြင်

ပို့စ်တင်ချိန် - 4/08/2014 06:07:00 PM


‘‘ခုနစ်ထွေအက’’ ဟာ မြန်မာ့ ရိုးရာ ကကြိုးကကွက်တွေထဲမှာ လူကြိုက် တော်တော်များ လှတဲ့ အကပညာ တစ်မျိုးပါ။ ကချေသည် တစ်ယောက်တည်းကနေ အကနည်းနာ ခုနစ်ပါးကို နရီစည်းဝါး အမျိုးမျိုး၊ တီးလုံး အသွယ်သွယ်နဲ့ မရပ်မနား ဖျော်ဖြေကပြရတဲ့ သမားစဉ် ပန်တျာ အနုပညာတစ်ရပ် ဖန်တီးအသုံးတော် ခံရတာက လွယ်လင့်တကူ ကိစ္စမှ မဟုတ်တဲ့ဟာကိုး။

တကယ်တော့ ခုနစ်ထွေအကဆိုတာ ဇော်က၊ ဘီလူးက၊ မျောက်က၊ ၀န်က၊ အိုးစည်က၊ ဒိုးပတ်က၊ စည်တော်က ဆိုတဲ့ ကနည်းခုနစ်မျိုးကို စက္ခု ပသာဒမှာ အထပ်မရှိ၊ မရိုးရ အောင် တစ်ဆက်တစ်စပ်တည်း ရောပြွမ်းတင်ဆက်ထားတာလို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။

ကွယ်လွန်သူ ရုပ်ရှင်မင်း သားကြီး ၀င်ဦး ရိုက်ကူးထုတ်လုပ် သရုပ်ဆောင်ခဲ့တဲ့ မှုန်ရွှေရည် ရုပ် ရှင်ဇာတ်ကားထဲမှာ စွယ်စုံရရုပ် ရှင်မင်းသမီးကြီး ခင်လေးဆွေက (ဂီတလုလင်မောင်ကိုကိုရဲ့ သမီး) စန္ဒာလင်းနဲ့ ဇာတ်ဝင်ခန်း တစ် နေရာမှာ အပြိုင်အဆိုင်ကပြခဲ့ ဖူးတာ အသက်ငါးဆယ်ကျော် တန်း စာဖတ်သူတွေဆို ကြည့်ရှု ခံစားဖူးကြလိမ့်မယ်လို့ တွေးထင် မိပါရဲ့။ ဒေါ်ခင်လေးဆွေ ခုနစ် ထွေအက ကပြတာကို ကလေး ရုပ်ရှင်သရုပ်ဆောင်ဖြစ်သူ စန္ဒာ လင်း နောက်ကနေ အတုခိုးပြီး လိုက်ကနေပုံဟာ အဲဒီဇာတ်ကား ထဲက ထူးခြားပြောင်မြောက်လွန်း လှတဲ့ ကင်မရာရိုက်ချက်တစ်ရပ် လို့ ဆိုနိုင်လောက်ပါရဲ့။

မင်းသမီးတစ်လက်ဟာ အ ၀တ်အစားလဲလှယ်ဝတ်ဆင်စရာ မလိုဘဲ ပွဲကြည့်ပရိသတ်တွေကို အကနဲ့ နောက်ခံဂီတတို့နဲ့တင် ညှို့ယူဖမ်းစားပြီး ခုနစ်ကိုယ်ခွဲ ထားသလို ရှုမြင်လာအောင် ဖန် တီးနိုင်စွမ်းရှိတဲ့ အနုပညာအဆင့် အတန်းက နိမ့်တာမှတ်လို့။ ဒါပေ မဲ့ကျွန်တော်တို့ ညီအစ်ကိုအရင်း အချာနီးပါး ခင်မင်ရင်းနှီးရသူ မိတ်ဆွေလေး တစ်ယောက်က တော့ လွန်လေပြီးခဲ့တဲ့ ၂၂ နှစ် ကြာ စစ်တပ်အုပ်ချုပ်ရေးကာလ တစ်လျှောက်လုံးမှာ ခုနစ်ကိုယ်ခွဲ ပြီး သူတစ်ပါးမျက်ခုံးမွေးပေါ် စင်္ကြံလျှောက်ရင်း အသက်မွေး ၀မ်းကျောင်းနိုင်ခဲ့တာ ဒေါ်ခင်လေး ဆွေတို့၊ မစန္ဒာလင်းတို့ ကြားသိ ကြရရင် အကောင်းပကတိကနေ လန့်ဖျားဖျားသွားလောက်မှာက ကျိန်းသေ။

ကာယကံရှင်ရဲ့ မရှိမဲ့ရှိမဲ့ ဂုဏ်သိက္ခာကို ထောက်ထားလို့ အမည်နာမ၊ နေရပ်လိပ်စာတွေနဲ့ တကွ အသေးစိတ်မဖော်ပြနိုင်တာ ကို စာဖတ်သူအပေါင်းတို့က ခန္တီ စတရား လက်ကိုင်ထားပြီး နား လည်ခွင့်လွှတ်ပေးကြမယ် ယူဆ ရပါတယ်။ အဲဒီအနှီပုဂ္ဂိုလ်လေးရဲ့ ဧည့်ခန်းနံရံက အင်္ကျီချိတ်မှာ တန်းစီချိတ်ဆွဲထားတဲ့ ဒွါဒရာအ၀တ်တန်ဆာတွေကလည်း ဇာတ်မင်းသားတစ်ယောက်ရဲ့ ဇာတ်စင်နောက်ဘက် ယာယီအိပ်ခန်း ကြိုးတန်းပေါ်က ဇာတ်ဝင်ခန်းသုံး ၀တ်စုံတွေလို အမျိုးမျိုးအဖုံဖုံနဲ့မို့ မျက်စိနောက် ခေါင်းမူးချင်စရာ။

ကော်လာ လည်ကတုံးလို့ ခေါ်လေ့ရှိတဲ့ လည်ပင်းရိုးရှင်း အင်္ကျီ၊ အစွန်းအထင်းမရှိ ဖြူစင် တောက်ပြောင်နေတဲ့ ခေါက်ရိုး မပျက်တိုက်ပုံအင်္ကျီ၊ စစ်ပြန်စစ်မှု ထမ်းဟောင်းဝတ်စုံ အစိမ်းရင့် ရောင် ကျူးနစ်အင်္ကျီ၊ ချောက လက်ရောင် ကြက်ခြေနီ အင်္ကျီနဲ့ အပြာရောင်အရန် မီးသတ်တပ်ဖွဲ့ တူညီဝတ်စုံ။ ယူနီဖောင်းလေးမျိုး နဲ့။ ဟုတ်တယ်နော်။ ခါနာတစ် လုတ်အတွက် ၀ါစာကမာ အား ထုတ်ရတဲ့ လုပ်ငန်းကိုင်ငန်းက လည်း ခုနစ်မျိုး။ ခုနစ်ထွေများ တောင်။ မြန်မာ့နိုင်ငံရေးကနေ ‘‘စိတ်ချလက်ချ’’ အနားယူသွားပြီ ဖြစ်တဲ့ နိုင်ငံတော်အကြီးအကဲ ဟောင်းကြီး ကမကထပြု ဖွဲ့စည်း တည်ထောင်ခဲ့တဲ့ ‘‘လူမှုရေး’’ အ သင်းကြီးရဲ့ ရပ်ကွက်အလုပ်အမှု ဆောင်ကော်မတီအဖွဲ့ဝင်၊ ရပ် ကွက် အရန်မီးသတ်တပ်ဖွဲ့မှာ အပွင့်သုံးလေးပွင့် တပ်ဗိုလ်ကြီး၊ မြို့နယ်ကြက်ခြေနီတပ်စိတ်မှူး၊ မြို့ နယ် စစ်ပြန်စစ်မှုထမ်းဟောင်း (ရာထူးမသိ)၊ နယ်မြေခံ ထောက် လှမ်းရေးတပ်ဆွယ်မှူးအတွက် အမာခံသတင်းပေး၊ ရပ်ရေးရွာ ရေး မတည်မငြိမ်ဖြစ်နေချိန်မှာ ဆိုရင် ရပ်ကွက်စွမ်းအားရှင်အဖွဲ့ ခေါင်းဆောင်၊ နောက်ပြီးတော့ အ၀ိညာဏကဂဏန်း (တစ်လုံး၊ နှစ်လုံး၊ သုံးလုံး) လက်ခွဲဒိုင်။

ကျွန်တော်က ‘‘ဟေ့ကောင်၊ မင်းအလုပ်အကိုင်တွေက ဒီ လောက်တောင်ပဲလားဟ’’ လို့ စိတ်အချဉ်ပေါက်ပေါက်နဲ့ သ ဟောက်သဟဲပြုလိုက်ရင်လည်း သူက ဒီမိုကရေစီခေတ် ၀န်ကြီး ချုပ်ဦးနုရဲ့ ‘‘မိတ္တဗလဋီကာ’’ စာအုပ် ကို အရည်ကျိုသောက်ထား သူပီပီ ရယ်ကျဲကျဲမျက်နှာပြောင်နဲ့ မခုတ် တတ်တဲ့ကြောင်တစ်ကောင်လို ‘‘ကျွန်တော်က မြို့လယ်ဘုရား ကြီးမှာလည်း ဂေါပကအဖွဲ့ဝင် လေ’’ တဲ့လေ။ ကဲ .. ကောင်းကြ သေးရဲ့လား အရပ်ကတို့။

သူ့အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေက အကျိုးမှပေးရဲ့ လားလို့တော့ လာမမေးကြနဲ့ လေ။ မြို့လယ်ရပ်ကွက်မှာ နှစ် ထပ်တိုက်တစ်လုံး။ တိုးချဲ့ရပ် ကွက်မှာ သုံးထပ်တည်းခိုခန်းနဲ့ အဖျော်ယမကာဆိုင်။ မြို့နီးချုပ် စပ်ရွာတွေမှာ ကိုယ်ပိုင်စိုက်ပျိုး မြေလယ်ဧက စုစုပေါင်းက ၅၀၀၊ ၆၀၀ လောက်။ မယား ငယ်နံပါတ်ဝမ်း၊ နံပါတ်တူးနဲ့။ စာရင်းမ၀င်နံပါတ်တွေကို ထည့် သွင်းရေတွက်ကြည့်ရင် သိကြားမင်းဦးမာဃရဲ့ နတ်မိဖုရား လေးပါးလောက်တော့ အရင်ခေတ် စကားနဲ့ဆို ‘‘သနားတယ်’’ လို့ မာကျယ်ကျယ်ပြောလောက်နိုင်ပါရဲ့။ သူ့ဘ၀အကျိုးပေးကို လူတော်တော်များများက ရှေးဘ၀ ကုသိုလ်ကောင်းမှု အစုစုတို့ရဲ့ အကျိုးဆက်လို့ (သူ့ရှေ့မှာ ဖားဖားယားယား) ပြောကြပေမယ့် ကျွန်တော့်အနေနဲ့ကတော့ သူ့ဧည့်ခန်းဆောင်မှာ ချိတ်ဆွဲထားတဲ့ ယူနီဖောင်းလေး၊ ငါးစုံရဲ့ တန်ခိုးဣဒ္ဓိပါဒ်အာနုဘော် အရှိန်အ၀ါကြောင့်လို့ပဲ ယိုးစွပ်ချင်စမ်းပါဘိ။ ဟုတ်တယ်လေ။ အဲဒီခေတ်၊ အဲဒီကာလတုန်းက ယူနီဖောင်းဝတ်ဆိုရင် တစ်နေ့လုပ်မှတစ်နေ့စား သာမန်အရပ်သားပြည်သူလူထု လူတန်းစားတွေက မျက်တောင်ပင့်လို့ ရဲရဲတောင် ၀ံ့ကြည့်လို့ ရတာမှ မဟုတ်တာကိုး။

ကျွန်တော် ကိုယ်တိုင်က လည်း ဥပဒေပုဒ်မ ပုဒ်ထီးတွေနဲ့ ထဲထဲဝင်ဝင် မရှိလေတော့ ဟုတ်၊ မဟုတ် တိတိပပ မပြောတတ်ပါ ဘူး။ ‘‘နိုင်ငံ့ဝန်ထမ်းတွေ စိတ်ငြို ငြင်အောင် ပြုကျင့်မှု’’ တဲ့၊ ‘‘၀တ္တ ရားနှောင့်ယှက်မှု’’ တဲ့။ အဲဒီခေတ်၊ အဲဒီအချိန်အခါတုန်းက ယူနီ ဖောင်းတွေရဲ့ အရေးပါအရာ ရောက် ကြီးမားတွင်ကျယ်လိုက်ပုံ များကတော့ ပြောမဆုံးပေါင်၊ တောသုံးတောင်။

နွေဦးကာလ မြူမထတတ်၊ ထတတ်အခါသမယမျိုးမှာဆို အ ပြာရောင်ယူနီဖောင်းဝတ်တွေ မြို့ နေရပ်ကွက်တွေသာမက ကျေး လက်တောရွာဇနပုဒ် အိမ်ပေါက် စေ့မှာပါမကျန် ‘မီးသတိပြု’ သတိ ပေးကြော်ငြာကတ်ပြား လက်တစ် ၀ါးလောက်စာတန်းတွေလိုက်လံ ကပ်ချိတ်ရင်း မီးချိတ်မီးကပ်စစ် ဆေးသူက စစ်ဆေး၊ အချိန်ပိုမီး သုံးစွဲမယ့် အိမ်ရှင်တွေဆီက အချိန်ပိုမီးကြေး ကောက်တန်ကောက်။ နောက်ပြီးတော့ ရပ်ကွက်/ကျေး ရွာ မီးသတ်ယူနီဖောင်းကြေး အလှူခံကြ။ အဲဒီလို အတည်ပေါက် လုပ်နေချိန်မျိုးမှာဆို အဲဒီ အပြာ ရောင် ယူနီဖောင်းဝတ်တွေရဲ့ မျက်နှာထားကလည်း တင်းဆိုမှ တင်း။ တစ်လောကလုံးက သူတို့ ရဲ့ လုပ်စာထိုင်စားနေရတဲ့ အချိုး အပေါက်မျိုးပေါ့။ ကျွန်တော့်တူ တစ်ယောက်က နောက်သလို ပြောင်သလိုနဲ့ ‘‘အစ်ကိုတို့ အချိန် ပိုမီးကြေးပေးပြီး သုံးစွဲရတဲ့ မီးမျိုးကရော မလောင်တတ်ဘူးလား’’ လို့ ပြောမိတာလေးနဲ့တောင် မီးသတ်တပ်ဖွဲ့ဝင်တွေကို စိတ်ငြိုငြင်စေပြီး ‘‘အထက်က ပေးအပ်ထားတဲ့’’ တာဝန်ဝတ္တရားကို ဟန့်တားနှောင့်ယှက်ပါတယ်ဆိုတဲ့ စွဲချက်နဲ့ ရဲစခန်းမှာ အမှုဖွင့်လိုက်လို့ တူတော်မောင်ရဲ့ အုပ်ထိန်းသူတွေငွေကုန်ကြေးကျခံ၊ တာဝန်ရှိပုဂ္ဂိုလ်တွေကို မျက်နှာအောက်ကျခံ တောင်းတောင်းပန်ပန်နဲ့ကို မနည်းဖြေရှင်းယူခဲ့ရတာ မှတ်မိပါသေးရဲ့။

အရင်ခေတ်စနစ်တုန်းကဆို ယူနီဖောင်းဝတ်ဆိုရင် အစိမ်း ရောင်ပဲဝတ်ဝတ်၊ စိမ်းပြာရောင် ပဲဝတ်ဝတ်၊ တိုက်ပုံဖြူနဲ့ လုံချည် စိမ်းပဲ ၀တ်ဝတ်။ တစ်ခုခုနဲ့ ငြိ လိုက်လို့က အတောမသတ်တဲ့ ဒုက္ခကြီးငယ်ရွယ်လတ်ဆိုက်တစ်မျိုးစီနဲ့ နှစ်ပါးသွားပြီး မြိုင်ထကသွားရမှာ အသေအချာပေါ့။ ကျောင်းဆရာဘ၀တုန်းက တပည့်ဟောင်းဖြစ်ခဲ့ဖူးသူ တာဝန်ကျ နယ်ထိန်းရဲဝန်ထမ်းတစ်ယောက်ကတော့ အနေမတတ်၊ အထိုင်မတတ်တဲ့ ကျွန်တော့်ကို သတိပေးရှာပါတယ်။

‘‘ဆရာနော် . . . ဒီခေတ်မှာ နယ်မြေထောက်လှမ်းရေးတို့၊ ရဲတို့ကအစ မီးသတ်အလယ် ကြက်ခြေနီအဆုံး ယူနီဖောင်းဝတ်အကုန်လုံးနဲ့ ပြဿနာမဖြစ်ပါစေနဲ့’’ တဲ့။ ‘‘သူတို့ ညှိုးတာဟာ စုန်းညှိုးတာထက် ပိုပြီးကြောက်စရာ ကောင်းတယ်’’တဲ့။

ယူနီဖောင်းဝတ် ရဲတပည့်က သံယောဇဉ်မပြတ်တဲ့ ဆရာ ဟောင်းကို မေတ္တာရှေ့ထား စိုး ရိမ်စိတ်ပွားလိုက်ပုံက။ သူ့သတိ ပေးစကားကလည်း ဟုတ်တုတ် တုတ်လေ။ ယူနီဖောင်းဝတ်ဆို တာ ကုန်ကုန်ပြောရရင် စည်ပင် သာယာ အောက်ခြေ၀န်ထမ်း တောင် အရွယ်သေးပေမယ့် (သူ့ ခွင်ထဲဝင်လာချိန်မှာတော့) အ စွယ်ကလည်း အဖွေးသားနဲ့ကိုး။ ဒါကြောင့်မို့လည်း သာမန်ပြည်သူ လူထုတွေခမျာ အဲဒီလိုမျိုး ခေတ် ဆိုးခေတ်ကျပ်ကြီးမှာ သတိနဲ့ သွား၊ သတိနဲ့စားလို့ သတိသမ္ပဇဉ် တရား လက်ကိုင်ထားပြီး ‘‘အပ္ပမာ  ဒေးထ၊ သမ္မာဒေးထ’’ လုပ်ခဲ့ကြရ တာကြောင့် အပါယ်ပိတ်ကြောင်း တရားတွေကို အထူးတလည် အားထုတ်ကျင့်ကြံပွားများ ရှုမှတ် စရာမလိုတာ အဆိုးထဲက အ ကောင်းလို့ ဆိုရမှာပဲပေါ့။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေ ခံဥပဒေနဲ့အညီ ‘‘အရပ်သား’’ အ စိုးရပေါ်လာချိန်မှာ ခေတ်မှိန်သွား တဲ့ ယူနီဖောင်းဟောင်းတွေ နေ ရာမှာ ယူနီဖောင်းအသစ်တွေ နေ ရာဝင်ယူလာကြတာကို တွေ့ရ မြင်ရ၊ မှတ်သားရပြန်တော့ ကျွန် တော်တို့နိုင်ငံရဲ့ ရှေ့ရေးက ရ တက်မအေးစရာ။ နဂိုခေတ် ဟောင်းတုန်းကဆို အဖိုးတန် ကိုယ်ပိုင်ကားရှေ့ခန်းမှာ စစ်တပ် အရာရှိဦးထုပ်တစ်လုံးလောက် တင်ထားလိုက်ရင် ဘယ်သူကမျှ မမေးဝံ့၊ မစမ်းဝံ့နဲ့။ စိတ်ထင်တိုင်း ကြဲကြပေရော့။ အခု ‘‘မြန်မာနွေ ဦးခေတ်’’ မှာကျတော့ ကားခေါင်း ခန်းမှာ ဘုန်းကြီးအတုတစ်ပါး လောက် ပင့်ထားရုံနဲ့ မှောင်ခိုပဲ ချချ၊ မူးယစ်ဆေးဝါးပဲ ကုန်ကူး ကူး ဒါမှမဟုတ် ရိုဟင်ဂျာခေါ် ဘင်္ဂါလီကုလားတွေကိုပဲ ရခိုင်က နေ ပြည်မကြီးထဲ ခိုးသွင်းသွင်း တော်ရုံတန်ရုံ စစ်ဆေးရေးဂိတ် တွေက မစစ်ရဲ၊ မဆေးရဲနဲ့။

ကျွန်တော်တို့နိုင်ငံမှာက ခေါင်းတုံးတုံး၊ သင်္ကန်းပတ်ထားရင် (သံဃာ့မှတ်ပုံတင် စစ်ဆေးမ ကြည့်ဘဲနဲ့) အတုအစစ်ကလည်း ခွဲခြားရတာ အခက်သားလား။ ဒါ ကြောင့်မို့လို့လား မသိရပါဘူး။ ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခ တွေ ဆူပွက်လာချိန်မျိုးမှာဆို သက်ဆိုင်ရာအာဏာပိုင်တွေအ နေနဲ့ ဟန်ချက်ပျက်နေတဲ့ အခြေ အနေတစ်ရပ်ကနေ ပြန်ပြီးတော့ တည်ငြိမ်အေးချမ်းလာအောင် ထိန်းသိမ်းဆောင်ရွက်ရတာက အင်မတိအင်မတန် လက်ဝင်နေခဲ့ ရတာကိုး။

လောလောဆယ်အချိန်က ၂၀၁၄ ခုနှစ် နှစ်ဦးအစပိုင်းလေ။ နောင်နှစ်ကုန်ခါနီးဆို တစ်နိုင်ငံ လုံးအနှံ့အပြားက လွှတ်တော်အ ဆင့် ရွေးကောက်ပွဲတွေ ကျင်းပ ဖြစ်ဖို့ အခါသမယကလည်း တစ် စတစ်စ နီးကပ်လို့ လာနေပြီ ကော။ မြန်မာ့နွေဦးနဲ့ အထာကျ နေခါစ ကျွန်တော်တို့နိုင်ငံကို အာ ရပ်အီဂျစ်နွေဦးလို သမိုင်းဘီး နောက်ပြန်လှည့်သွားဖြစ်အောင် အောက်လမ်းသာမက အထက် လမ်းတွေပါမကျန် နည်းပေါင်းစုံ သုံးပြီး အကောက်ကြံ ခလောက် ဆန်ချင်ကြတဲ့ အဖျက်အမှောင့် အင်အားစုတွေအနေနဲ့ ဦးပုညရဲ့ ဆဒ္ဒန်ဆင်မင်းဝတ္ထုထဲက ရွှေဝါ ရောင် ယူနီဖောင်းဝတ် မုဆိုးကြီး သောနုတ္တရလို လူမျိုးတွေ အသုံး ပြုပြီး ခြေရှုပ်လာကြမယ့် အရေး ကိုတော့ (အနာရှိရင်၊ ဆေးရှိ တယ်ဆိုပေမယ့်) အဲဒီဆေးကြောင့် နဲ့ပဲ ထပ်ပြီးလေးနေမှာမျိုးတော့ တွေးတွေးမိတိုင်း အာရုံနောက်နေ ရပါကြောင်း။

Author: ကျော်အုန်းမြင့်

7Day Daily