ဆင်းမ်ကတ်ပျောက် အရေးတော်ပုံ
ပို့စ်တင်ချိန်
- 4/08/2014 08:18:00 PM
(ဆောင်းပါးရှင် - မောင်စံပေါ)
( ၁ )
နွေနေက တဖြည်းဖြည်း ပူသထက်ပူလာချေ၏။ ယူဗွီဟု အမည်သညာတွင်သော နတ်ရောင်စဉ် လက်နက်ကလည်း ရက်စက်ချေဘိ။ ထိုးမဟ နှက်မဟ ကြာကြာများ နေပူထဲသွားလို့ကတော့ မီးလောင်ဗုံးများ နားပါစေ ဖြစ်သွားမည်။ အရေပြားကင်ဆာဖြစ်၍ မေတစ်ပါး မကြင်နာ ပစ်သွားပေတဲ့။
ဟိုကြား ဒီကြား နွေစကား အပူတရား နာရဖန်များသော် ချောက်ချားလာဘိ၏။ ကြောက်သည့်အလျောက် ဆောက်တည်ရာမှ ရစေတော့ဟု အစဉ်အလာမပျက်အောင် အင်တာနက်တက်ကာ ဂူဂဲလ်မှာ ပြူးပြဲ၍ အဖြေရှာသည်။
ရလာသည့် အဖြေကား ရေမြေခြား ခရီးသွားလျှင်ကောင်း၏ဟု ဆိုသည်။ ကောင်းလှောင်ဟေ့ဟု ဟစ်ကြွေးကာ ဝေဟင်ထက်မှ ခရီးသွားရေးအတွက် လေယာဉ်လက်မှတ်ဈေး စုံစမ်း၏။ ၃၅ ဒေါ်လာဟူသော အသပြာသည် ပြည်တွင်းခရီးစဉ်ထက်ပင် သက်သာနေလေ၏။
ကြီးပွားနေပြီဖြစ်သော ခရီးသွားကုမ္ပဏီမှ အရောင်းမန်နေဂျာမမကို ခယကာလေ ယာဉ်လက်မှတ်မှာ၏။ ခန့်မှန်းထားသော အချိန်ထက်စောစွာ ရောက်လာ၏။ လာပို့သည့် သူငယ်ကို စပ်စုသည့်သကာလ ကားကျပ်၍ လမ်းလျှောက်လာကြောင်း သိရ၏။ မဟာရန်ကုန်၏ အချို့သော ခရီးတာများသည် လမ်းလျှောက်လျှင် ပို၍မြန်ဆန် ခရီးတွင်ကြောင်း မှတ်သားရ၏။
ထီးဆောင်းသွားရန် စေတနာစကား မှာကြားသည်ကို နာထောင်ပြီးသကာလ စာပို့လုလင် (လက်မှတ်ပို့သူငယ်) ပြန်လေ၏။
(၂)
သူငယ်ပြန်သော်ကား လူကြီးအလုပ်များ ချေတော့၏။ ခရီးသွားမည် ဖြစ်သည့်အတွက် ထီးအစ အ၀တ်အစားအလယ် ဖိနပ်အဆုံး ပြင်ဆင်စီစဉ်ရ၏။ အသက်အရွယ် ထောက်လာသည့်အလျောက် သောက်နေကျ ဆေးဝါးများကိုလည်း မမေ့မလျော့ ဆောင်ရ၏။ ခရီးသွားဖို့ ပစ္စည်းစုံပြီ ချီတက်ရုံသာ ရှိချေတော့သည်တကား။
( ၃ )
စုံပြီအောက်မေ့ကာမှာ မေ့သည်က ပေါ်လာချေ၏။ တယ်လီဖုန်းကတ်ပြား (SIM CARD) တော်ကြီး ပျောက်ဆုံးနေခြင်း။ လက်သန်း လက်သည်းခွံအရွယ် ပလတ်စတစ်ကတ်ပြား ပေါက်စနလေးဖြစ်လေရာ ရှာဖွေရခက်ပါဘိခြင်း။
မှားတတ်သည်က လူ့သဘောဖြစ်ကာ မေ့တတ်သည်မှာ လူ့မနော ဖြစ်ချေ၏။ မေ့သည့်တိုင် မလျော့အောင် ဆောင်ကြည်းနိုင်သူမှာ လူတော်ဖြစ်၏။ သို့ဖြစ်ရာ မိမိကိုယ်မိမိ လူတော်ဖြစ်ကြောင်း သက်သေပြရန် ဆင်းမ်ကတ်ပျောက် ပြန်ရရေး စီမံချက်ချမှတ်ကာ အကောင်အထည် ဖော်တော့၏။
( ၄ )
"ကိုရင့်နှယ် ဆင်းမ်ကတ်ပျောက်တာများ ရေးကြီးခွင့်ကျယ်လုပ်လို့၊ နိုင်ငံခြားမှာ အလကားတောင် ပေးနေသဟာများ အသစ်တစ်ခုတောင် သုံးရတာပဲဟာ"
မိတ်ရင်းဆွေချာတစ်ဦးက ကြားဖူးနားဝ ဗဟုသုတ အခြေပြုကာ အကြံပေး၏။ အလွယ်တကူ အကြံပေးလျှင် အမှန်နှင့်ဝေးတတ်ကြောင်း သူမသိပါတကား။
ရောင်းရင်းငဲ့၊ အကျွန်ုပ်၏ ဆင်းကတ်သည်ကား နှယ်နှယ်ရရမဟုတ်၊ လှပသော ဖုန်းနံပါတ်အတွဲကို ဈေးကြီးပေးကာ ဆွဲထားခြင်းဖြစ်၏။ ကမ္ဘာတစ်လွှားမှ မိတ်ဆွေများ မှတ်သားထား ကြသည်မှာ ဤမဟာနံပါတ်ဖြစ်၏။ ခက်ပါဘိခြင်း။
( ၅ )
ခက်သည်ကို လွယ်အောင်လုပ်ရာတွင် အကျွန်ုပ်တို့သည်ကား မဟာပါရဂူများ ဖြစ်ကြ၏။ ပါရဂူမှ ရိုးရိုးမဟုတ်၊ ထပ်ကွမ်းပါရဂူ ဖြစ်သည့်အားလျော်စွာ မဟာပါရဂူဟု အမည်တပ်ရတော့၏။
ကံရာဇာငယ်မှ စခဲ့သည့် ဇာတ်လမ်းသည်ကား ယနေ့ခေတ်တိုင် မရိုးနိုင်ခဲ့။ ဟုတ်မဟုတ် ကံသေကံမ အတိအကျ မပြောနိုင်သော်ငြားလည်း ကြားဖူးသည့် ပါးစပ်ပုံပြင် တစ်ခုရှိ၏။
ဖွင့်ပွဲအမီ လမ်းပြီးနိုင်ရေးအတွက် ငှက်ပျောတော တစ်တောလုံးပြောင်အောင်ခုတ် ငှက်ပျောတုံးစီမြေဖို့ ရေဖျန်းပြီး အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့သည့်အတွက် ငါ့တပည့် တော်တယ်ဟုဆိုကာ ရာထူးတက်သွားသောဟူ၏။
မှန် မမှန် မသေချာဟု ပြောခဲ့သည့်အလျောက် လမ်းနှင့် လူတို့၏ ကံကြမ္မာကို မစောကြောတော့ပြီ။ လုပ်စရာ ရှိသည်ကို ဆက်လုပ်ရပေအံ့။
( ၆ )
ဆင်းမ်ကတ်ပျောက် ရပ်ကွက်၊ မြို့နယ်၊ ရဲစခန်းထောက်ခံစာ စုံစွာရယူ၏။ ရေမြေခြားတွင် သုံးရန်ဖြစ်သည့်အတွက် ဘာသာပြန်ရ၏။ နိုထရီလုပ်ရ၏။ နိုင်ငံသားကတ်ပြား၊ အိမ်ထောင်စု စာရင်းတို့လည်း အတူတူပင်။
မူရင်း၊ မိတ္တူ၊ နိုထရီစုံလင်ပြီဖြစ်သော် ပလတ်စတစ်အိတ် တစ်လုံးတွင် စုရုံးကာထည့်၏။ စုံပြီတကား စရုံသာ ရှိချေတော့သည်။
( ၇ )
အရေးကြီးဆုံးကို အရင်ဆုံးစလုပ်ဟု လူကြီးသူမများ ဆိုစကားရှိ၏။ လူကြီးစကားဆိုလျှင် မှားမှားမှန်မှန် နားထောင်သည့် အကျင့် သန္ဓေတည်ခဲ့ပြီ ဖြစ်သည့်အားလျော်စွာ တစ်နာရီခရီး လေယာဉ်စီးခဲ့ပြီးသကာလ တည်းခိုရာအခန်းတွင် ခရီးဆောင်အိတ်ချကာ ပလတ်စတစ်ထုပ်ပိုက်ပြီး သွားနေကျ ကုန်တိုက်ကြီးအရောက် ခရီးနှင်ခဲ့၏။
ကုန်တိုက်ကြီး ရောက်ပြီဆိုသည်နှင့် ဖုန်းကုမ္ပဏီကြီး၏ ၀န်ဆောင်မှုရုံးခန်းကို ချီတက်၏။ ယခင်ဆင်းမ်ကတ်ကြီးကို ဆင်းမ်ကတ်ငယ်နှင့် ဤရုံးခန်းတွင်ပင် လဲခဲ့ဖူးသည်ဖြစ်ရာ တန်းတန်းမတ်မတ် ချောချောမောမော ရောက်ခဲ့၏။ အ၀င်ဝမှ ကလေးမက မျက်နှာထားချိုသာ ပြုံးရွှင်စွာနှင့် နှုတ်ခွန်းဆက်၏။
"မင်္ဂလာပါရှင်၊ ဘာများဆောင်ရွက် ပေးရပါမလဲရှင်"
ဆင်းမ်ကတ်ပျောက်ကိစ္စ တင်ပြလိုက်သည်တွင် ဖုန်းနံပါတ်မေးပြီး စက်ထဲမှ တိုကင်စာရွက်ထုတ်ပေး၏။ B 54 ကောင်တာတွင် B 53 ကို ၀န်ဆောင်မှုပေးနေ၏။ ကွမ်းတစ်ညက် ကြာအောင်ပင် မစောင့်လိုက်ရ။ မိမိအလှည့် ရောက်ချေ၏။
( ၈ )
ကောင်တာရှေ့တွင်ရပ်၏။ မင်္ဂလာပါရှင်ဟု ချိုလွင်သော အသံနှင့် ပြုံးရွှင်စွာ နှုတ်ခွန်းဆက်လာသည့် မိန်းကလေးကို တိုကင်စာရွက် လှမ်းပေးလိုက်သည်။
"ဆင်းမ်ကတ်ပျောက်သွားတယ်ဟုတ်" ဟူသောအမေးကို ခေါင်းညိတ်ဖြေပြီးသကာလ မူရင်း၊ မိတ္တူ၊ နိုထရီအစုံအညီ ပါဝင်သည့် ပလတ်စတစ် အိတ်ကြီးကို ထုတ်ပြ၏။ အဲဒါဘာတွေလဲဟုမေးရာ ဖြေသည့်ခဏတွင် ကုမ္ပဏီမမ၏ မျက်နှာမှ အပြုံးလှလှကို မြင်ရ၏။ လက်ကာပြ၏။ ပလတ်စတစ်အိတ်ကြီးကို တို့ပင် မတို့ချေ။
ယခင်ဆင်းမ်ကတ် အ၀ယ်ကို ဤနေရာမှာပင် ထုတ်ခဲ့သည်ဖြစ်ရာ ဖုန်းနံပါတ်နှင့်တွဲ၍ အမည်၊ နိုင်ငံကူးလက်မှတ်တို့ အမှတ်တို့ မှတ်တမ်းတွင် ရှိနှင့်ပြီးဖြစ်၏။ ကွန်ပျူတာ ခလုတ်များကို ချောက်ချောက်ချက်ချက်နှိပ်၏။ နိုင်ငံကူးလက်မှတ်ကို ခေတ္တတောင်းကြည့်ပြီး ပြန်ပေး၏။ ဆင်းမ်ကတ်အသစ် ထုတ်ပေး၏။ မြန်လှဘိတကား။
ကျေးဇူးစကားဆိုပြီး သကာလ အလုပ်ချိန်အပြီးတွင် တစ်ခုခုကျွေးမွေး ပြုစုပါရစေဟု ဖိတ်မန္တကပြု၏။ ကျေးဇူးတင်ပါကြောင်း၊ အလုပ်နှင့် ပတ်သက်သူများ ကျွေးမွေးပေးကမ်းသည်ကို လက်ခံခြင်း မပြုရဟူ၍ စည်းကမ်းရှိပါကြောင်း မြန်မာပြည်ကဖြစ်၍ စိတ်ဝင်စားပါကြောင်းနှင့် သူကပင် ကော်ဖီတိုက်ပါရစေဟု ဆိုင်နှင့်နေရာ၊ အချိန်ပြော၏။
( ၉ )
ကောင်တာမှ ထွက်ပြီးသည်နှင့် မြန်မာပြည်သို့ ဖုန်းဆက်ကာ မီးဖိုချောင်ဝန်ကြီးထံ သတင်းပို့၏။ ၀န်ကြီးလည်း တအံ့တသြ ဖြစ်နေ၏။ ဆင်းမ်ကတ်ပြန်တွေ့တာ မဟုတ်လားဟု မယုံသင်္ကာ စကားဆို၏။ အလုံးစုံ အသေးစိတ် ရှင်းပြသောအခါ လက်ခံ၏။ ရင်သပ်ရှုမောဖြစ်၏။ မယုံနိုင်ဖွယ်ရာကြီး ပါတကားဟု မြည်တမ်း၏။
( ၁၀ )
ပြီးသော် ဟိုနားငေးကြည့်၊ ဒီနားငေးကြည့်နှင့် Window Shopping လုပ်၏။ ပုဂ္ဂိုလ်ကြီးတစ်ပါး ပြောဖူးသည့် "သူများနိုင်ငံက ကုန်တိုက်ကြီးတွေမှာ ဈေးဝယ်ထွက်တာများကွာ ပြတင်းတံခါးတွေ ၀ယ်ရတယ်လို့ အံ့ပါရဲ့" ဟူသောစကားကို ကြားယောင်ပြီးပြုံးမိ၏။
အချိန်ရောက်သော် ကော်ဖီဆိုင်သို့ ချီတက်၏။ ကုမ္ပဏီမမနှင့် သူမ၏ ကိုကိုတို့ တည်ခင်းသော ကော်ဖီသောက်၏။ မုန့်စား၏။ စကားများပြောကြ၏။
တစ်ရံရောအခါက မြန်မာပြည်မှ ဆင်းမ်ကတ်ဖိုးသည် သူတို့တိုင်းပြည်တွင် ကားတစ်စီး ၀ယ်နိုင်ကြောင်း သိရသည့်အခါ အံ့သြခြင်းကြီးစွာ ဖြစ်ကြ၏။ အခုရောဟု အမေးကို ဖြေသည့်အခါ ပြုံးတုံ့တုံ့ဖြစ်ကြ၏။ ကုန်တိုက်အတွင်း လမင်းမသာသည့်တိုင် မမနှင့် ကိုကိုတို့ ပြုံးတုံ့လှယ်ကြ၏။
ဖုန်းနဲ့ အင်တာနက်သုံးပြီး အ၀ိုင်းလေး နှိပ်စက်လို့ အ၀ိုင်းလေးစားသွားလို့ မုန့်ဖိုးတွေပါသွားသော ကျောင်းသား၊ ကျောင်းသူများအကြောင်း ပြောပြ၏။ အ၀ိုင်းလည်တာရပ်ပြီး အင်တာနက် စာမျက်နှာ တက်လာတာ စောင့်ရင်း ဂါထာရွတ်ရာက အကြားအမြင် ရသွားကြောင်းပြောရာ တကယ်လားဟု စိတ်ဝင်တစား စောကြောမှုပြု၏။
ဖုန်းကုမ္ပဏီမှ ကိုကို၊ မမတို့ကို ဖုန်းအကြောင်း ပြောပြသည်နှင့်ပင် အချိန်ကုန်လေ၏။
Eleven Media Group